PDFတွေကို တိုက်ထုတ်ဖို့အတွက် ပြည်သူတွေ စစ်ထဲဝင်ဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ထပ်မံတိုက်တွန်း ဝါဒဖြန့်

PDFတွေကို တိုက်ထုတ်ဖို့အတွက် ပြည်သူတွေ စစ်ထဲဝင်ဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ထပ်မံတိုက်တွန်း ဝါဒဖြန့်

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းကြောင်း အမိန့်ထုတ်ပြန်လာပြီးနောက် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူတွေ စစ်မှုထမ်းကြဖို့ကို ဆက်တိုက် တိုက်တွန်းပြောဆိုလာပါတယ်။

ပြိုင်ဘက်ရန်သူတွေကို တိုက်ခိုက်ရာမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ပြောဆိုအပြီး ဒီကနေ့မှာလည်း ထပ်မံပြီးတော့ PDFတွေကို တိုက်ထုတ်ဖို့ ပြည်သူတွေ စစ်ထဲဝင်ကြဖို့ကို ထပ်မံတိုက်တွန်းလာပါတယ်။

“ယခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကိုကြည့်ရင် အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၊ အခြားအကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ ဘယ်လိုပဲနာမည်ကောင်းတွေနဲ့ ဟစ်ကြွေးနေပါစေသူတို့ လိုချင်တာက စစ်ဘုရင်ဝါဒ၊ သူတစ်လူငါတစ်မင်း၊ နယ်တစ်နယ်ဓားတစ်စင်းဝါဒကို ကျင့်သုံးချင်နေတာပဲ ဖြစ်ပါတယ်။ လက်တွေ့မှာလည်း ဒါတွေကိုမြင်နေရမှာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံးက တိုက်ဖျက်ရမှာဖြစ်ပါတယ်လို့ ဇော်မင်းထွန်းက ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းပြီး ပြည်သူတွေစစ်ထဲဝင်ကြဖို့ကိုလည်း ပြည်သူ့စစ်အဖွဲ့တွေလိုမဟုတ်ဘဲ ဥပဒေနဲ့ ခေါ်ဆောင်မယ်လို့ သူကဆိုပါတယ်။

“ဒါကြောင့် ဒီပြည်သူ့စစ်အဖွဲ့များ၊ ဒေသခံကာကွယ်ရေးအဖွဲ့များထက်ပိုပြီး ဥပဒေနဲ့ ညီညွတ်တဲ့၊ ပိုပြီးစနစ် ကျတဲ့ ဒီပြည်သူ့စစ်မှုထမ်းစနစ်ကို ကျွန်တော်တို့ပြဋ္ဌာန်းရခြင်း၊ တည်ဆောက်ရခြင်းဖြစ်ပါတယ်”လို့ သူကဆက်ပြောပါတယ်။

ထပ်မံပြီး “ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေးစွမ်းအားနဲ့ နိုင်ငံတော်ကိုကာကွယ်နိုင်ရေးအတွက် ဒီပြည်သူ့စစ်မှုထမ်းစနစ်မှာ နိုင်ငံသားအားလုံးပါဝင်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” လို့ ဇော်မင်းထွန်းက ဆိုပါတယ်။

အင်အားချိနဲ့နေတဲ့ စစ်တပ်ကို ရိုသေခန့်ညားလာအောင် ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့ရဲ့ ဝါဒဖြန့် မီဒီယာတွေကနေတဆင့် သူက တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

Connect Burma

The Tanintharyi Times