မောတောင်မှာ စစ်တပ်က တစ်လကိုဘတ်ခြောက်ထောင်နဲ့ ပြည်သူ့စစ်ခေါ်ယူ

မောတောင်မှာ စစ်တပ်က တစ်လကိုဘတ်ခြောက်ထောင်နဲ့ ပြည်သူ့စစ်ခေါ်ယူ

ပုံစာ - မောတောင်မြို့ စစ်ဆေးရေးဂိတ် (ပုံဟောင်း)

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့မှာ ပြည်သူ့စစ်အဖွဲ့ဝင်အဖြစ်နဲ့ ဝင်ရောက်လုပ်ကိုင်ဖို့အတွက် စစ်ကောင်စီတပ်နဲ့ ဆက်စပ်အဖွဲ့အစည်းတွေက တစ်လကိုဘတ်ခြောက်ထောင်ပေးပြီး ခေါ်ယူနေတယ်လို့ မောတောင်မြို့ခံတွေဆီက သိရပါတယ်။

မောတောင်မြို့ ပြည်သူ့စစ်အဖွဲ့ဝင်အနေနဲ့ ဝင်ရောက်လုပ်ကိုင်ဖို့ တနေ့ကို ဘတ် ၂၀၀ နှုန်းနဲ့ တစ်လကို ဘတ် ၆၀၀၀ ရရှိမှာဖြစ်တဲ့အပြင် ဆန်တစ်အိတ်နဲ့ ဆီတစ်ဘူးပါပေးပြီး ခေါ်ယူနေတာဖြစ်တယ်လို့ မောတောင်မြို့ခံတွေကဆိုပါတယ်။

“ ပြည်သူ့စစ်မှာက အရင်ကတည်းက လစာရှိတယ်။ စစ်တပ်ဘက်က ပိုက်ဆံပေးပြီးခေါ်တာ။ အခုက ဆန်တွေ၊ ဆီတွေပါ ထောက်ပံ့ပေးပြီး ခေါ်တာမျိုးပါ” လို့ မောတောင်မြို့ခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

အခုလိုမျိုး လစာ၊ ထောက်ပံ့ပစ္စည်းတွေနဲ့ အလုပ်ခေါ်ယူတာကြောင့် အလုပ်အကိုင်ရှားပါးလာတဲ့ မောတောင်မြို့က ကုန်တင်ကုန်ချအလုပ်သမားတချို့ ပြည်သူ့စစ်အနေနဲ့ ဝင်ရောက်လုပ်ကိုင် လာကြတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သုံးပါတ်အတွင်း မောတောင်မြို့၊ ပြည်သူ့စစ်အဖွဲ့ထဲကို အသစ်ဝင်ရောက်ပြီး သင်တန်းတက်ရောက်နေသူ ၃၀ ဝန်းကျင်ရှိတယ်လို့ မောတောင်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ ကျမအသိတွေထဲမှာလည်းအလုပ်မရှိတဲ့သူတွေ ဝင်လုပ်နေကြရတယ်။ သူတို့မိသားစုတွေကတော့ စိုးရိမ်နေကြတယ်” လို့ မောတောင်မြို့ခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ၊ တတိယပါတ်လောက်ကစလို့ တနင်္သာရီ-မောတောင် ကားလမ်းပိုင်းဖြစ်တဲ့ ရေဖြူ၊ ထုံခါ၊ ချောင်းနှစ်ပေါက်နဲ့ သိန်ခွန်းရွာတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး ကားလမ်းတွေပိတ်နေတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ကားလမ်းပိတ်ချခဲ့ရပြီးနောက် ထိုင်းဘက်ကိုကုန်ပစ္စည်းတင်ပို့တဲ့ ကုန်ကားတွေသွားလို့မရတော့ဘဲ မောတောင်မြို့က ကုန်တင်ကုန်ချလုပ်ငန်းတွေ ရပ်နားသွားခဲ့တယ်လို့ မောတောင်မြို့ခံတွေက ဆိုပါတယ်။

ဒါ့ကြောင့် ကုန်တင်ကုန်ချလုပ်ငန်းမှာ အဓိက ဝင်ရောက်လုပ်ကိုင်နေကြတဲ့ မောတောင်မြို့က လူငယ်၊ လူလတ်ပိုင်းအရွယ် အမျိုးသားတွေ အလုပ်အကိုင် ရှားပါးလာကြပြီး အချို့တွေ ပြည်သူ့စစ်အဖြစ်နဲ့ ဝင်ရောက်လုပ်ကိုင်နေကြတာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မောတောင်မြို့ ပြည်သူ့စစ်အဖွဲ့ဝင်အဖြစ် အခုလတ်တလောမှာမှ ဝင်ရောက်လုပ်ကိုင်နေကြသူတွေ အနေနဲ့တော့ လစာဘတ် ၆၀၀၀ ကိုတော့ မရရှိကြသေးဘူးလို့လည်း မြို့ခံတွေဆီက သိရပါတယ်။

ပြည်သူ့စစ်အဖွဲ့ဝင်အသစ်အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ မောတောင်မြို့က အမျိုးသားတွေကို လက်ရှိမှာ အခြေခံစစ်သင်တန်းပေးနေပြီး လုံခြုံရေးအလုပ်တွေ လုပ်ခိုင်းလျှက်ရှိတယ်လို့လည်း ဆိုပါတယ်။

မောတောင်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၂၄) ၊ မောတောင်နယ်စပ်တပ်စခန်းနဲ့ မောတောင်မြို့အဝင် ဘုရားတောင်က စစ်ကောင်စီတပ်စွဲထားရာနေရာတွေမှာ ကင်းစောင့်၊ ဂိတ်စောင့်နဲ့ ကတုပ်ကျင်းတူးတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ပေးရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ကလည်း မောတောင်မြို့ ပြည်သူ့စစ်တွေက ကုန်တင်ကုန်ချလုပ်သားတွေကို ကုန်တင်ကုန်ချအလုပ်မှာ ဆက်ပြီးလုပ်ကိုင်ချင်ရင် အလှည့်ကျပြည်သူ့စစ်သင်တန်း တက်ရောက်ရမယ်လို့ ဖိအားပေးပြီး သင်တန်းတက်ရောက်ခိုင်းခဲ့တာမျိုးတွေရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

The Tanintharyi Times