တနင်္သာရီမြို့နယ်ကို ရေလမ်းကနေ ဆန်သယ်ယူနိုင်တဲ့ အရေအတွက် စစ်ကောင်စီကန့်သတ်

တနင်္သာရီမြို့နယ်ကို ရေလမ်းကနေ ဆန်သယ်ယူနိုင်တဲ့ အရေအတွက် စစ်ကောင်စီကန့်သတ်

ပုံစာ - မြိတ်-တနင်္သာရီကိုပြေးဆွဲနေတဲ့ အမြန်ရေယာဉ်တစ်စီး (ပုံဟောင်းဖြစ်ပါတယ်။)

တနင်္သာရီမြို့နယ်ထဲကို ဆန်သယ်ယူရာမှာ ကုန်းလမ်းသာမက ရေလမ်းမှာပါ အရေအတွက် ကန့်သတ်၊ တားမြစ်တာတွေကို စစ်ကောင်စီတပ်က လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိတ် – တနင်္သာရီသွားနဲ့ ရေယာဉ်တွေဟာ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေ ဖွင့်ထားတဲ့မင်းဂုတ်ရွာနဲ့ မင်းသန်းရွာမှာ မဖြစ်မနေ ရပ်တန့်စစ်ဆေးခံရပြီး ဆန်အိတ် ငါးအိတ်ထက်ပိုသယ်လာတာ တွေ့ရင် ဂိတ်မှာဆွဲချထားတာမျိုးတွေ လုပ်ဆောင်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

အရပ်သားတွေ ဆန်နဲ့စားသောက်ကုန် သယ်ယူတာကို မြိတ်-တနင်္သာရီကားလမ်းတလျှောက်က စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက ကန့်သတ်ခဲ့တာရှိပေမဲ့ ရေလမ်းမှာ ကန့်သတ်တာကိုတော့ ပြီးခဲ့တဲ့လနှောင်းပိုင်းကစလုပ်လာတာလို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

ဒီကန့်သတ်ချက်က တနင်္သာရီမြို့နယ်နဲ့ နယ်နမိတ်ချင်းထိနေတဲ့ ကျွန်းစုမြို့နယ်မှာ လဝက် နီးပါးရက်ရှည်တိုက်ပွဲဖြစ်ပြီးနောက်မှာ စတင်ကန့်သတ်လာတာလို့လည်း ဒေသခံတွေက မှတ်ချက်ချပါတယ်။

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၂ ရဲ့ပြန်ကြားရေးတာဝန်ခံက “တော်လှန်ရေးအဖွဲ့တွေဆီကို ဆန်မရောက်စေချင်လို့ အခုလိုလုပ်တယ်ပဲထင်တယ်။” လို့ ပြောပါတယ်။

တနင်္သာရီမြို့နယ်က ဒေသခံတွေဟာ ဆန်ကို မြိတ်မြို့က အဓိက ဝယ်ယူစားသုံးနေရတာပါ။ ဆန်အိတ်သယ်ယူတာကို ရေလမ်းကပါ ကန့်သတ်လိုက်တာကြောင့် ကုန်းလမ်းမပေါက်တဲ့ ပဝ၊ လယ်သစ်၊ သာရဖုံကျေးရွာအုပ်စုက ဒေသခံတွေ ပိုအခက်‌တွေ့နေရပြီး တခြားဒေသကနေ ကူးတို့နဲ့ ခေါက်ပြန်ကူးကာ ဆန်အိတ် သယ်နေရတာကြောင့် စာရိတ်လည်းပိုကြီးလာခဲ့ပါတယ်။

“ဆန်တစ်အိတ်(၂၄ပြည်)ဆိုရင် လဝက်မပြည့်ဘူး ထပ်ခါထပ်ခါထပ်မှာရတယ်။ မှာရတာကလည်း စာရိတ်ကြီးတယ်။ အရင်ကဆို အိတ်နှစ်ဆယ်ဆို နှစ်ဆယ်တခါတည်းဝယ်စုပြီး တခါတည်း ဒေါင့်သိပ်ထားလို့ရတယ်။” လို့ ပဝကျေးရွာက ရော်ဘာရောင်းဝယ်ရေးလုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မြိတ်မြို့ပေါ်ပေါက်ဈေး ကျပ်ခုနှစ်သောင်းခန့်ရှိတဲ့ ၂၄ ပြည်ဆံ့ဆန်ကြမ်းတစ်အိတ်ကို ရေလမ်းသာပေါက်တဲ့ရွာတွေက တခြားဒေသကနေ ကူးတို့နဲ့ မြစ်ကူးပြီး အသွားအပြန်သယ်ယူရတဲ့အတွက် စာရိတ်တွေထည့်တွက်ရင် တစ်အိတ်ကို ကျပ်ကိုးသောင်းခန့်အထိ ဖြစ်နေတယ်လို့ အဆိုပါအမျိုးသမီးက ပြောပြပါတယ်။

ရေလမ်းသာပေါက်တဲ့ ကျေးရွာအုပ်စုက ဒေသခံတွေဟာ ဆန်ကို မြိတ်မြို့ကနေ အမြန်ရေယာဉ်၊ သဲ၊ကျောက်သယ်တဲ့လှေတွေနဲ့ သယ်ယူကြရတာပါ။ အမြန်ရေယာဉ်ကလည်းရပ်နားထားတာ တစ်လလောက်ရှိနေပြီဖြစ်လို့ သဲ၊ ကျောက်တင်တဲ့ လှေတွေနဲ့ပဲ မှာယူနေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကြောင်း-၂ ရဲ့ပြန်ကြားရေးတာဝန်ခံကတော့ အခုကာလဟာ စပါးရိတ်သိမ်းပြီးကာလဖြစ်တဲ့အတွက် တောင်သူတွေလက်ထဲ စပါးလက်ကျန်ရှိနေသေးလို့ အခက်အခဲတွေအနည်းအကျဉ်းသာ ရင်ဆိုင်ရပေမဲ့ မိုးရာသီရောက်ရင်တော့ ဒေသခံတွေအတွက် ဆန် အခက်အခဲဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ပြီးခဲ့တဲ့နှစ် အစလောက်ကစပြီး မြိတ်မြို့နယ်ဘက်ကနေ တနင်္သာရီမြို့နယ်ကိုလာရင် မြို့အဝင်က ဇဝဲရွာအခြေစိုက် စစ်ကောင်စီတပ်ခမရ(၅၅၆) တပ်ရင်းရှေ့က စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ၂၄ ပြည်ဆံ့ ဆန်အိတ်သုံးအိတ်ထက် ပိုမတင်ဖို့ တင်းတင်းကြပ်ကြပ် စစ်ဆေး ကန့်သတ် ခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုတွေအားကောင်းတဲ့ တနင်္သာရီမြို့နယ်ထဲက တကူတိုက်နယ်ဘက်ကိုသွားတဲ့လမ်းကိုလည်း သဲထည့်ထားတဲ့သံပုံးတွေ၊ ဝါးလုံးတွေနဲ့ပါ လမ်းပိတ်ပြီး ကုန်စည်စီးဆင်းမှုကို ကန့်သတ် ဖြတ်တောက်ထားပါတယ်။

ဆန်နဲ့ စားသောက်ကုန်သယ်ခွင့်ကိုတနင်္သာရီတိုင်းထဲက ထားဝယ်မြို့နယ်ရှိ အရှေ့တောဒေသ၊ သရက်ချောင်းမြို့နယ်ရှိတောင်ပျောက်တိုက်နယ်နဲ့ ပုလောမြို့နယ်တွေကိုလည်း စစ်ကောင်စီက တင်းတင်းကြပ်ကြပ်ကန့်သတ်ထားပါတယ်။

The Tanintharyi Times