အရင်လကရပ်နားခဲ့ရတဲ့ တနင်္သာရီ-မြိတ် ယာဉ်လိုင်းတချို့ ပြန်လည်ပြေးဆွဲနေ
အရင်လကရပ်နားခဲ့ရတဲ့ တနင်္သာရီ-မြိတ် ယာဉ်လိုင်းတချို့ ပြန်လည်ပြေးဆွဲနေ
ပြီးခဲ့တဲ့လမှာရပ်နားခဲ့တဲ့ တနင်္သာရီမြိုနယ်နဲ့ မြိတ်မြို့ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတချို့ ပြန်လည်ပြေးဆွဲနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
တနင်္သာရီမြို့နယ်ရှိ တကူတိုက်နယ်ကနေ မြိတ်မြို့ကိုပြေးဆွဲနေတဲ့ ခရီးသည်တင်ကားပေါ်မှာ မိုင်းတွေ့တယ်ဆိုတဲ့ ပြီးခဲ့တဲ့လ ၂၁ ရက်နေ့ကစပြီး တိုက်နယ်ကနေ မြိတ်ကို နေ့စဉ်ပြေးဆွဲနေတဲ့ မီနီဘတ်စ် ငါးစီးခန့်နဲ့ ကုန်တင်ကား ၁၀ စီးခန့်ဟာ ရပ်နားခဲ့ရပါတယ်။ အခုလပထမအပတ်ထဲမှာတော့ အဲ့ဒီကားတွေပြန်လည်ပြေးဆွဲနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
“မထွက်ဘဲ အပြီးနားလိုက်လို့မှမရတာ။ စားဝတ်နေရေးအတွက် အလုပ်လုပ်ရအုံးမယ်လေ။ ဒီလိုပဲ ဂိတ်တွေနဲ့အဆင်ပြေအောင်ပြောဆိုပြီး ထွက်နေရတာပဲ။” လို့ အမည်မဖော်လိုတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက သွားလာခွင့်ပြုလိုက်ပြီဆိုပေမဲ့ အခန့်မသင့်ရင် အကြောင်းအရင်းမရှိ ဖမ်းဆီးခံရမှာ မျိုးကိုတော့ အမြဲတွေးပူနေရတယ်လို့ အဆိုပါကားသမားက ဆက်ပြောပါတယ်။
ဒါ့အပြင် ကုန်းလမ်းဆက်သွယ်ရေးခက်ခဲတဲ့ တနင်္သာရီမြို့နယ်ထဲက ပဝ၊ လယ်သစ်၊ သာရဖုံ စတဲ့ကျေးရွာအုပ်စုတွေကနေ မြိတ်မြို့ကိုပြေးဆွဲနေတဲ့ အမြန်ရေယာဉ်ဟာလည်း ပြီးခဲ့တဲ့လ ဒုတိယအပတ်ထဲမှာ ရပ်နားခဲ့တာပါ။ အမြန်ယာဉ် ဘာကြောင့်ရပ်နားတယ်ဆိုတာ မသိရပေမယ့် အခုလ ၁ ရက်နေ့မှာပဲပြန်လည်ပြေးဆွဲနေပြီလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ပဝရွာခံအမျိုးသမီးတစ်ဦးက “ အမြန်ယာဉ်နဲ့သွားတာက ကားနဲ့သွားတာထက် ပိုလုံခြုံတယ်။ လူပင်ပန်းလည်း သက်သာတယ်။” လို့ ပြောပါတယ်။
ကားနဲ့သွားရင်လမ်းမှာအချိန်မရွေးတိုက်ပွဲတွေကြားညှပ်မိနိုင်သလို အစစ်ဆေးလည်းများပြီး ကုန်တင်ကုန်ချတွေကြောင့် အချိန်ပိုကြာပြီး ပိုပင်ပန်းတယ်လို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။
အမြန်ရေယာဉ်ရပ်နားခဲ့တဲ့ တစ်လနီးပါးကားလအတွင်း မြိတ်-တနင်္သာရီ ကုန်းလမ်းတိုက်ရိုက်မရှိတဲ့ ကျေးရွာအုပ်စုတွေက ဒေသခံတွေဟာ ကားဂိတ်ရှိတဲ့မော်တုံးရွာကို ကူးတို့နဲ့ တဆင့်ကူးပြီး မြိတ်မြို့ကို သွားလာခဲ့ရတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
မြိတ်မြို့ကနေ တနင်္သာရီမြို့နယ်ရှိ ပဝကျေးရွာကိုပြေးဆွဲနေတဲ့အမြန်ရေယာဉ်ခရီးစဉ်ဟာ ပဝကျေးရွာကနေ မနက် ၇ နာရီစထွက်ပြီး မြိတ်မှာတစ်ရက်အိပ်ကာ နောက်တစ်နေ့မနက် ၉ နာရီမှာ မြိတ်မြို့က ပြန်လည်ထွက်ခွာတာပါ။ စစ်အာဏာမသိမ်းခင်ကတော့ တစ်ရက်တည်းအသွားအပြန်ခရီးစဉ်ရှိခဲ့တယ်လို့ သိရပါတယ်။
The Tanintharyi Times
