စစ်ကောင်စီတပ်ဖွဲ့တွေ ပုလောမှာ တစ်ရက်တည်း နေအိမ် ၁၀ လုံး မီးရှို့ စစ်တပ်က အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အိမ်ခြေ ၁၂၀ကျော်ရှိ

စစ်ကောင်စီတပ်ဖွဲ့တွေ ပုလောမှာ တစ်ရက်တည်း နေအိမ် ၁၀ လုံး မီးရှို့ စစ်တပ်က အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အိမ်ခြေ ၁၂၀ကျော်ရှိ

ရုပ်သံ - တန်းရှင်းရွာက နေအိမ်တဆောင် မီးလောင်နေတဲ့ ရုပ်သံ ဖြစ်ပါတယ်။

ပုလောမြို့နယ် ကျေးရွာ ၄ ခုကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေက တစ်ရက်တည်းမှာတင် နေအိမ် ၁၀လုံးကို မီးရှို့ဖျက်ဆီးခဲ့တာ တွေ့ရပါတယ်။

နိုဝင်ဘာလ ၈ရက်နေ့က မြိတ်ကနေ ပုလောဘက်ကိုတက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို စက်တော်ရာရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလိုတိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်သားတွေဟာ တပိုရွာ၊ တိုရွာ၊ တန်းရှင်းရွာနဲ့သင်္ကန်းတောရွာက နေအိမ် ၁၀ လုံးကိုမီးရှို့ဖျက်ဆီးခဲ့တာပါ။

ပထမဆုံးမီးရှို့ဖျက်ဆီးခဲ့တာကတော့ ပုလောမြို့နယ် တပိုကျေးရွာက နေအိမ် ၃ ဆောင်နဲ့ တိုရွာက နေအိမ် ၁ ဆောင်ပါ။ မနေ့က နေ့လည်ပိုင်းမှာ မီးရှို့ခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ တန်းရှင်းရွာနဲ့ သင်္ကန်းတောရွာက နေအိမ် ၆ ဆောင်ကို ထပ်မံမီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

“လူတွေကစစ်ဘေးရှောင်နေချိန် အိမ်တွေကို မီးရှို့သွားတာ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာ ၇ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာက ဒေသခံတွေ စစ်ဘေးရှောင်နေရချိန်မှာ အိမ်တစ်ဆောင် မီးရှို့ခံခဲ့ရပါတယ်။ အဲဒီမီးရှို့မှုဟာလည်း စစ်ကောင်စီတပ်သားတွေလက်ချက်ဖြစ်တယ်လို့ ​ဒေသခံတွေကပြောဆိုပါတယ်။

စစ်အာဏာသိမ်းချိန်ကစပြီး ဒီနှစ်အောက်တိုဘာ ၃၁ ရက်နေ့အထိ တနင်္သာရီတိုင်းမှာ နေအိမ်စုစုပေါင်း ၁၀၂ ဆောင် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ISP myanmar ရဲ့စစ်တမ်းအရသိရပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒီနှစ် အောက်တိုဘာ ၃၁ရက်နေ့အထိ နေအိမ်စုစုပေါင်း ၃၈၅၆၈ ဆောင်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မြေပြင်မှာဒီထက်ပိုများနိုင်တယ်လို့လည်း ISP myanmarက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်းထိုးလာတဲ့ လမ်းတလျှောက်မှာ အိမ်တွေကို မီးရှို့ဖျက်ဆီးတာအပြင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ လူသားဒိုင်းအတွက် ဒေသခံတွေကို ဖမ်းဆီးတာ၊ ခရီးသည်တင်ယာဥ်တွေကိုလည်း ဓားစာခံအဖြစ်ဖမ်းတာတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

The Tanintharyi Times