စင်ကာပူ UOB ဘဏ်က မြန်မာနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ အားလုံးကို ရပ်ဆိုင်း

စင်ကာပူ UOB ဘဏ်က မြန်မာနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ အားလုံးကို ရပ်ဆိုင်း

စင်ကာပူနိုင်ငံက United Overseas Bank ဟာ မြန်မာနိုင်ငံနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာချိတ်ဆက်မှုတွေ အားလုံးကို ရပ်ဆိုင်းလိုက်တယ်လို့ ဂျပန်အခြေစိုက် Nikkei Asia သတင်းမှာ ဖော်ပြပါတယ်။

UOB ဘဏ်က အခုလို မြန်မာနဲ့ ဘဏ်လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တာဟာ ကမ္ဘာ့ဘဏ္ဍာရေးစနစ်ထဲ မြန်မာစစ်တပ် ဝင်ရောက်နိုင်မှုကို သိသိသာသာကန့်သတ်ထားနိုင်တယ်လို့ Nikkei Asia သတင်းမှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့အပတ်က မြန်မာဘဏ်တွေဆီကို UOB က လျှို့ဝှက်ပေးပို့ခဲ့တဲ့စာအရ မြန်မာနိုင်ငံရှိ ဘဏ်တွေကနေတဆင့် ငွေသွင်းတာ ငွေထုတ်တာတွေ အားလုံးကို ကန့်သတ်လိုက်ပြီး UOB ဘဏ်အတွင်းမှာသာ ငွေကြေးလွှဲပြောင်းတာကို ခွင့်ပြုတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေနဲ့ မြန်မာဘဏ်က Visa ကဒ်၊ Master ကဒ်တွေကိုလည်း ကန့်သတ်ထိန်းချုပ်သွားမှာ ဖြစ်သလို မြန်မာဘဏ်တွေ နိုင်ငံခြားငွေ လက်ခံဖို့ ဖွင့်ထားတဲ့ ဟောင်ကောင်က UOB ဘဏ်ခွဲ “nostro “ မှာလည်း မြန်မာက ငွေစာရင်းတွေကို ပိတ်တော့မယ်လို့ Nikkei Asia သတင်းကနေ သိရပါတယ်။

UOB ဘဏ်ဟာ မြန်မာက စစ်ဗိုလ်ချုပ်တွေ၊ ကော်ပိုရေးရှင်းလုပ်ငန်းတွေ၊ ငွေကြေးချမ်းသာတဲ့ပုဂ္ဂိုလ်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်သူတွေနဲ့ စင်ကာပူရှိ မြန်မာ့စီးပွားရေးအတွက် ပြည်ပမှာ အသုံးပြုနေတဲ့ ဘဏ်တခု ဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလ ၁ရက်နေ့ကနေ စပြီး အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ စတဲ့ ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုအားလုံးကို ပိတ်ပင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လက UOB ဘဏ်ဟာ မြန်မာခရိုနီ ဦးအောင်အောင်ဇော် ပိုင်တဲ့ မြန်မာနိုင်ငံတကာလေကြောင်းလိုင်း MAI ရဲ့ ဘဏ်စာရင်း ၅ ခုကို ပိတ်သိမ်းလိုက်ပြီး ဒါဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအစီရင်ခံစာ ထွက်လာအပြီး မကြာမီမှာ ဘဏ်က လုပ်ဆောင်ခဲ့တာလို့ MAI လေကြောင်းလိုင်းဘက်က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းကာလအပြီး စင်ကာပူက မြန်မာစစ်တပ်ဆီ အမေရိကန်ဒေါ်လာ ၂၄၇ သန်းတန်ဖိုးရှိ လက်နက်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို တင်းသွင်းခဲ့ပြီး လက်နက်ဝယ်ယူတဲ့နေရာမှာ စင်ကာပူဘဏ်တွေကို အသုံးချနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စင်ကာပူအစိုးရအနေနဲ့ စင်ကာပူရဲ့ ဘဏ္ဍာရေးစနစ်ကနေ အရေးယူပိတ်ဆို့ပေးဖို့၊ အကြမ်းဖက်လှုပ်ရှားမှုမှာ ငွေကြေးထောက်ပံ့နေတဲ့ စင်ကာပူဘဏ်တွေကို အရေးယူဒဏ်ခတ်ဖို့၊ စစ်အုပ်စုဆီ ဒေါ်လာသန်းနဲ့ချီ လက်နက်၊ ပစ္စည်းကိရိယာတွေနဲ့ နည်းပညာတွေ ရောင်းချပေးနေတဲ့ စင်ကာပူလုပ်ငန်းတွေကို ပိတ်ပင်ပေးဖို့၊ စင်ကာပူမှာရှိနေတဲ့ မြန်မာခရိုနီ လက်နက်ပွဲစားတွေကို နှင်ထုတ်ပစ်ဖို့ Justice for Myanmar အဖွဲ့က ဒီရက်ပိုင်းထဲ ဖိအားပေးတောင်းဆိုမှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

The Tanintharyi Times