ထားဝယ်-ထိုင်း နယ်စပ်က ဘောတိစစ်ကောင်စီစခန်းကို KNLAနဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

ထားဝယ်-ထိုင်း နယ်စပ်က ဘောတိစစ်ကောင်စီစခန်းကို KNLAနဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

ပုံစာ - သိမ်းပိုက်ထားတဲ့ဘောတိစခန်းနဲ့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ KNLAနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တချို့။

ထားဝယ်မြို့နယ်နဲ့ ထိုင်းနိုင်ငံနယ်စပ်က ဘောတိစခန်း(ခေါ် )ပွိုင့် ၂၅၆၆ စစ်ကောင်စီစခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုအယ်နားကပြောပါတယ်။

KNU တပ်မဟာ ၄ ရဲ့ ဌာနချုပ်ဖြစ်ခဲ့တဲ့ ထီးခီးနယ်စပ်စခန်းနဲ့ ထီးထဗျူဟာစခန်းတို့ကို ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလတို့မှာ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်ရှိမှာလည်း ထီးခီးနယ်စပ်ဂိတ်ရဲ့ ‌မြောက်ဘက် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဘောတိရွာအနီး နယ်စပ်မျဥ်းပေါ်က ဘောတိစခန်းကို ထပ်မံသိမ်းပိုက်လိုက်တာပါ။

ဘောတိစခန်းကို အခုလ ၈ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး သုံးရက်အကြာ ဒီနေ့မနက်မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာလို့ တပ်မဟာ ၄ တာဝန်ရှိသူနဲ့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။

“လက်ရှိစခန်းရှင်းလင်းရေးလုပ်နေတုန်းပါပဲ။ စစ်သားတွေ ထွက်ပြေးတာတွေရှိပါတယ်။ ဘယ်နှယောက်သေဆုံးလဲတော့ မသိရသေးဘူး” လို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုအယ်နားက ပြောပါတယ်။

ဘောတိစခန်းဟာ ထားဝယ်အ‌ခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၅) လက်အောက်ခံစစ်ကောင်စီတပ်သား အင်အား ၄၀ ကျော်အထိတပ်စွဲနေထိုင်နေတဲ့ စခန်းဖြစ်တယ်လို့ ပဒိုအယ်နားကဆိုပါတယ်။

ထီးခီးနဲ့ ထီးထစခန်းနည်းတူ ဘောတိစခန်းဟာလည်း ၁၉၉၇ ခုနစ်ကစလို့ မြန်မာစစ်တပ်က အထိုင်ချတပ်စွဲထားတဲ့ နယ်စပ်စခန်းတစ်ခုဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားသေဆုံးမှုနဲ့ တော်လှန်‌ရေးတပ်တွေဘက်က ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဘောတိစခန်းသိမ်းတိုက်ပွဲကြောင့် မြန်မာဘက်ခြမ်းက အမိုနဲ့အနီးအနားက ဒေသခံတွေစစ်ဘေးရှောင်ခဲ့ရပြီး ထိုင်းနိုင်ငံဘက်ခြမ်း ဘောတိရွာဘက်ကလည်း ပေါက်ကွဲသံတွေကို ကျယ်ကျယ်လောင်လောင်ကြားရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“မိုးချိန်းတာထက်တောင် ကြမ်းသေးတယ်။ ဒရုန်းတွေနဲ့ စခန်းပေါ်ကိုချတာထင်တယ်။ ဒီနှစ်ရက်လုံး တစ်လုံးပြီး တစ်လုံးကို ပေါက်ကွဲနေတာ။ အခုတော့ ငြိမ်သွားပြီ” လို့ ဘောတိရွာမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီတပ်ဘက်ကလည်း ဘောတိစခန်းအနီးတစ်ဝိုက်နဲ့ အမိုကျေးရွာဘက်ကိုပါ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ထီးခီးစခန်းသိမ်းပြီးကတည်းက KNU နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက ဘောတိစခန်းကိုလည်း တိုက်ခိုက်လာနိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေက ကြိုတင်ခန့်မှန်းခဲ့ကြပြီး ဘောတိရွာစာသင်ကျောင်းမှာ စစ်မြေပြင်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနည်းလမ်းတွေနဲ့ အရေးပေါ်စစ်ဘေးရှောင်တိမ်းနိုင်ရေးအတွက် သရုပ်ပြလေ့ကျင့်တာတွေ ပြီးခဲ့တဲ့မေလအတွင်းမှာ ကြိုတင်ပြုလုပ်ခဲ့ပါတယ်။

စခန်းသိမ်းချိန်မှာတော့ ထိုင်းနိုင်ငံဘက်ခြမ်းကလည်း ပုံမှန်အတိုင်းပဲရှိပြီး ထိုင်းစစ်တပ်ကလည်း လက်ရှိအချိန်ထိ နယ်စပ်မှာ သိသိသာသာအင်အားထပ်တိုးထားထားတာမျိုး မတွေ့ရဘူးလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေအတွင်းက ပြည်သူလူထုတွေရဲ့ လုံခြုံရေးအတွက် နယ်မြေအတွင်းက စစ်ကောင်စီတပ်အားလုံးကို မောင်းထုတ်မယ်လို့ ပြီးခဲ့တဲ့မေလအတွင်းမှာ ပြောဆိုထားပါတယ်။

The Tanintharyi Times