တနင်္သာရီက စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာ အရေးတကြီး လိုအပ်နေ

တနင်္သာရီက စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာ အရေးတကြီး လိုအပ်နေ

ဓာတ်ပုံ - တနင်္သာရီမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေ။ (ပုံဟောင်း)

တနင်္သာရီမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင် ၁၆၀၀ ဝန်းကျင် မိုးတွင်းကာလအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာအရေးတကြီးလိုအပ်နေတယ်လို့ နွေဦးစစ်ဘေးရှောင်ကူညီရေးအဖွဲ့ဆီကသိရပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ လတ်တလော တိုက်ပွဲဖြစ်ပွားမှုတွေ ဆက်တိုက်ရှိလာတဲ့ အရှေ့မော်တုန်း၊ အနောက်မော်တုန်း၊ ကမ်းတို၊ ရမ်းဖို ကျေးရွာတွေကအများဆုံးဖြစ်ပြီး တခြားရွာတွေကလာရောက်စစ်ဘေးရှောင်သူလည်း အနည်းအကျဥ်းရှိတယ်လို့ဆိုပါတယ်။

“အခုမိုးကစရွာနေပြီ။ ကျွန်မတို့မှာဘာမှမရှိသေးဘူး။ ရိက္ခာအတွက်ဆိုရင် သူတို့က ဆန်၊ ဆီ၊ ဆေး၊ ဆားလောက်ရရင်ကိုအဆင်ပြေပြီလို့ပြောတယ်။ ကျန်တာကတော့ တောထဲရှိတာရှာကြံစားကြလို့ရတယ်တဲ့။ ဒါပေမယ့်အဲဒါတောင် မရှိသေးဘူးဖြစ်နေတာ” လို့နွေဦးစစ်ရှောင်အဖွဲ့တာဝန်ရှိသူအမျိုးသမီးကပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ တောတောင်တွေနဲ့ ဥယျာဥ်ခြံတွေထဲမှာ ယာယီတဲတွေထိုးပြီးနေထိုင်ကြတာကြောင့် အမိုးအကာလည်း ရာနဲ့ချီလိုအပ်နေသလို ဆေးဝါးကြိုတင်စုဆောင်းထားတာမျိုးကိုမလုပ်နိုင်သေးဘူးလို့သိရပါတယ်။

“တချို့တဲတွေကအမိုးပဲရှိတယ်။ နံဘေးအကာမရှိဘူး။ မိုးတွင်းဘယ်လိုမှအဆင်မပြေဘူး။ တာလပတ်တွေအများကြီးလိုမယ်။ ပြီးတော့ဖျားနာတာနဲ့ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတာတွေကြောင့် လိုအပ်တာတွေ ကြိုစုထားဖို့တော့သေချာပေါက်လိုတယ်” လို့တာဝန်ရှိသူကဆက်ပြောပါတယ်။

နွေဦးစစ်ဘေးရှောင်ကူညီရေးအဖွဲ့ဟာ လက်ရှိမှာ လူလှုကွန်ရက်စာမျက်နှာမရှိသေးတာကြောင့် လိုအပ်တဲ့ စားနပ်ရိက္ခာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကကူညီလှုဒါန်းတာနဲ့ တခြားစစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေက တဆင့်ကူညီလှုဒါန်းတာမျိုးတွေကိုပဲအလေးထားနေရတယ်လို့ဆိုပါတယ်။

အရင်ကတော့အလွတ်တမ်းကူညီမှုတွေပြုလုပ်နေရာကနေ ပြီးခဲ့တဲ့မေလမှာ စစ်ရှောင်ကူညီရေးအဖွဲ့အဖြစ်ဖွဲ့စည်းခဲ့တာပါ။

မေလကုန်ပိုင်းအထိ အဖွဲ့မှာစာရင်းရှိတဲ့စစ်ဘေးရှောင်ဦးရေ ၁၅၃၀ ကျော်ရှိပြီး အခုဇွန်လပထမပတ်အတွင်း ထပ်မံဝင်ရောက်လာတာကြောင့် လူဦးရေ ၁၆၀၀ ကျော်အထိရှိလာပြီလို့သိရပါတယ်။

အဲဒီရွာ ၄ ရွာက စစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနစ် နိုဝင်ဘာလကစပြီးစစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

တနင်္သာရီမြို့နယ်အတွင်းမှာ နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီရေးအဖွဲ့၊ တွဲလက်ညီညီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ စတဲ့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တွေလည်းရှိပါတယ်။

တနင်္သာရိမြို့နယ်တစ်ခုလုံးမှာတော့ ပြီးခဲ့တဲ့မေလအတွင်းက အမြဲတမ်းစစ်ရှောင်အပါအဝင် စစ်ဘေးရှောင်ပြည်သူစုစုပေါင်း ၅၀၀၀ ကျော်ခန့်ရှိတယ်လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ရဲ့စာရင်းတွေအရသိရပါတယ်။

The Tanintharyi Times