မြန်မာ့စီးပွားရေး ကမ္ဘာ့ဘဏ် မခန့်မှန်းနိုင်တော့

မြန်မာ့စီးပွားရေး ကမ္ဘာ့ဘဏ် မခန့်မှန်းနိုင်တော့

Bank
ပုံစာ - စစ်တပ်ကအာဏာသိမ်းပြီးနောက် လူထုက သူတို့ရဲ့ ဘဏ်အပ်ငွေတွေကို ထုတ်နိုင်ဖို့ ATM စက်တွေမှာ အချိန်ကြာမြင့်စွာ တန်းစီခဲ့ကြရပါတယ်။ (photo - ကမ္ဘာ့ဘဏ်)

ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ စီးပွားရေး အလားအလာတွေကို ပုံမှန် ခန့်မှန်းတွက်ချက် ဖော်ပြနေတဲ့ ကမ္ဘာ့ဘဏ်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အလားအလာကို၂၀၂၁ ခုနှစ် နောက်ပိုင်းကစပြီး မခန့်မှန်းနိုင်တော့ဘူးလို့ သူတို့ရဲ့ ဇွန်လထုတ် အစီရင်ခံစာမှာ ပြောထားပါတယ်။

“မသေချာမရေရာမှုတွေ များနေလို့ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံအတွက် ခန့်မှန်းချက်ကို ဖယ်ထုတ်ထားပါတယ်” လို့ ကမ္ဘာ့ဘဏ်က ယခုနှစ် ဇွန်လအတွက် ထုတ်ဝေတဲ့ ကမ္ဘာ့စီးပွားရေး အလားအလာမှာ ဆိုပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ ၂၃ နိုင်ငံ ရှိတဲ့အထဲမှာ မြန်မာတစ်နိုင်ငံတည်းသာ အဲဒီလို ဖယ်ထုတ်ခံရတာလည်း ဖြစ်ပါတယ်။

မြန်မာ့စီးပွားရေး ကာလတိုခန့်မှန်းချက် ထိလွယ်ရှလွယ် ဖြစ်ရတာဟာ သွင်းအားစုစျေးနှုန်းတွေ သိသိသာသာ မြင့်လာတာ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်တာ၊ ပဋိပက္ခတွေ ပိုပြင်းထန်လာတာနဲ့ လတ်တလော ချမှတ်လိုက်တဲ့ ကုန်သွယ်မှုနဲ့ နိုင်ငံခြားငွေလဲလှယ်တဲ့ ကန့်သတ်ချက်တွေ့ကြောင့်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

မြန်မာ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်မှာ ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားပြီး ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ် ကုန်ဆုံးချိန်မှာတော့ အချို့သော တည်ငြိမ်လာမှုတွေနဲ့အတူ ဂျီဒီပီဟာ ၁ ရာခိုင်နှုန်းကို ပြန်ရောက်လာမယ်လို့ ဒီနှစ် အစောပိုင်းမှာ ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း အဲဒီလို ၁၈ ရာခိုင်နှုန်း ကျုံ့သွားရာကနေ ၁ ရာခိုင်နှုန်းကို ပြန်တက်လာမယ်ဆိုရင်တောင် မြန်မာ့စီးပွားရေးဟာ ၂၀၁၉ ခုနှစ်က အခြေအနေထက် ၁၅ ရာခိုင်နှုန်း သေးငယ်သွားမှာဖြစ်ပြီး အာဏာသိမ်းမှုနဲ့ ကိုဗစ်သာ မဖြစ်ခဲ့ရင် ရှိရမယ့် အခြေအနေထက် ၃၀ ရာခိုင်နှုန်းအထိ ကျုံ့ဝင်သွားတာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုထားပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေအထဲကဆိုရင် ထိုင်းနိုင်ငံဟာ ယခုနှစ်မှာ စီးပွားရေး ၂ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး မလေးရှားက ၅ ဒသမ ၅ ရာခိုင်နှုန်း၊ ဗီယက်နမ်က ၅ ဒသမ ၈ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၄ ဒသမ ၅ ရာခိုင်နှုန်းနဲ့ လာအိုက ၃ ဒသမ ၈ ရာခိုင်နှုန်း အသီးသီး တိုးတက်မယ်လို့ ခန့်မှန်းထားပါတယ်။

ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး စီးပွားရေး အကြပ်ရိုက်မှုတွေ ကြုံနေပြီး နိုင်ငံရေး မတည်ငြိမ်မှုတွေပါ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံရဲ့ စီးပွားရေး အလားအလာကိုတော့ ကမ္ဘာ့ဘဏ်က သူတို့ခန့်မှန်းချက်မှာ ထည့်ထားပြီး ၂၀၂၂ မှာ သီရိလင်္ကာရဲ့ စီးပွားရေးဟာ ၇ ဒသမ ၈ ရာခိုင်နှုန်း ကျုံ့သွားမယ်လို့ ဆိုပါတယ်။

ပဋိပက္ခတွေနဲ့ နိုင်ငံရေး လှိုင်းဂယက်တွေ ထန်ခဲ့တဲ့ နောက်ထပ် တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ အာဖဂန်နစ္စတန်ရဲ့ စီးပွားရေးကိုတော့ ကမ္ဘာ့ဘဏ်ဟာ မြန်မာနည်းတူ သူတို့ရဲ့ ခန့်မှန်းတွက်ချက်မှုမှာ ချန်လှပ်ထားခဲ့ပါတယ်။

The Tanintharyi Times