ထမင်းမစားကျေးရွာတိုက်ပွဲကို စစ်ကူသွားမယ့် စစ်ကောင်စီတပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရ

ထမင်းမစားကျေးရွာတိုက်ပွဲကို စစ်ကူသွားမယ့် စစ်ကောင်စီတပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရ

လေကြောင်းပစ်ကူပေးနေရတဲ့အထိ တိုက်ပွဲပြင်းထန်နေတဲ့ ထမင်းမစားရွာတိုက်ပွဲမှာ စစ်ကူပေးဖို့ သွားရောက်မယ့် စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြောက်ကျား တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

တော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်သားတွေကို ပလမြို့ချောင်းဝ မှာ ခြုံခိုတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေဆီက သိရပါတယ်။

အခုလ ၉ ရက်နေ့ နေ့လည်ပိုင်းက ထမင်းမစားရွာတိုက်ပွဲကိုစစ်ကူပေးဖို့ ပလရဲစခန်းကနေထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားအင်အား ၂၉ ဦးဟာ ငါးဖမ်းလှေနှစ်စီးနဲ့ပုလောမြို့ဘက်ကိုရေလမ်းအတိုင်းသွားနေချိန် အခုလိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

“ကျွနော်တို့ဘက်ကတစ်ဘက်တည်းဖိပစ်တာ။ တိုက်ပွဲဖြစ်တာမျိုးတော့ မဟုတ်ဘူးလို့။” လို့ ပစ်ခတ်မှုအတွင်း ပါဝင်ခဲ့တဲ့ရဲဘော်တစ်ဦးက ပြောပါတယ်။

ပြောက်ကျားပစ်ခတ်မှုကြောင့် လှေပေါ်မှာထိုင်နေတဲ့ စစ်ကောင်စီတပ်သားတစ်ဦး ကျည်ထိမှန်ပြီး ရေအောက်ကျသွားတာကို တွေ့ခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အဆိုပါပစ်ခတ်မှုအတွင်း ပလမြို့ရဲစခန်းနဲ့ ကျောက္ကာရွာမှာ ကျောက်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သင်္ဘောဆီကနေ လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေလိုက်ပါနေတဲ့ လှေနှစ်စီးဟာ ပုလောမြို့ဘက်ကို ဦးတည်ထွက်ခွာခဲ့ပေမယ့် အလစ်ငိုက်တိုက်ခိုက်ခံရပြီးနောက် ကျောက္ကားရွာမှာ ကျောက်ချတပ်စွဲထားတဲ့ စစ်သင်္ဘောဆီ ဦးတည် ပြီး မောင်းနှင်သွားတယ် ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။ လှေငယ်နှစ်စီးကိုလည်း စစ်သင်္ဘောဘေးမှာပဲ ကပ်ထားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်သင်္ဘောမှာ သွားရောက်စစ်ဆေးခံခဲ့ရတဲ့ငါးဖမ်းလှေမောင်းသူတွေရဲ့ပြောပြချက်အရ စစ်သင်္ဘောဘေးမှာကပ်ထားတဲ့လှေနှစ်စီးထဲမှာ သွေးကွက်တွေတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

ည ၁၀ နာရီခန့်မှာတော့ ကျောက္ကာရွာက လှေနှစ်စီးကို ချောဆွဲပြီး ပုလောမြို့အမှတ်(၁)ဆိပ်ကမ်းကို လိုက်ပို့ခိုင်းခဲ့တယ်လို့ ချောဆွဲခံရတဲ့လှေပိုင်ရှင်နဲ့ဆွေမျိုးတော်စပ်သူတွေဆီက သိရပါတယ်။ အဲဒီကနေတဆင့် ထမင်းမစားရွာဘက်ကို ခြေလျင်စစ်ကြောင်းနဲ့သွားရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုလောမြို့ ထမင်းမစားရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ မေလ ၂ ရက်နေ့ကတည်းကနေ ဒီကနေ့ အထိ ထိတွေ့ပစ်ခတ်မှုနေ့စဉ်နီးပါးရှိနေပါတယ်။

ထမင်းမစားရွာ စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီးတဝိုက်ကို မနေ့မနက်ပိုင်းက စစ်ကောင်စီ ဗုံးကြဲခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုရဲ့နောက်ဆက်တွဲအခြေအနေအသေးစိတ်ကို စုံးစမ်းနေဆဲဖြစ်ပါတယ်။

တိုင်းအတွင်း တနင်္သာရီ၊ ပုလော၊ သရက်ချောင်း ပြီးခဲ့တဲ့လလယ်လောက်ကတည်းကနေ တိုက်ပွဲဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီဘက်က ကုန်း၊ ရေ၊ လေအသုံးပြုတိုက်ခိုက်နေတာကြောင့် ဒေသအသီးသီးမှာ စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

The Tanintharyi Times