စစ်အာဏာရှင်ပြုတ်ကျရေး လက်နက်ကိုင် စစ်ရေးနည်းလမ်းတခုတည်းသာကျန်တော့လို့ တိုင်းရင်းသားပြည်သူလူထုအားလုံး ကြံကြံခံ ရင်ဆိုင်ပြီး အတူတကွ ပူးပေါင်းပါဝင်ကြဖို့ KNUဥက္ကဌ တိုက်တွန်း

စစ်အာဏာရှင်ပြုတ်ကျရေး လက်နက်ကိုင် စစ်ရေးနည်းလမ်းတခုတည်းသာကျန်တော့လို့ တိုင်းရင်းသားပြည်သူလူထုအားလုံး ကြံကြံခံ ရင်ဆိုင်ပြီး အတူတကွ ပူးပေါင်းပါဝင်ကြဖို့ KNUဥက္ကဌ တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီရဲ့ အာဏာသိမ်းမှု ၃နှစ်တာကာလအတွင်း ဆန့်ကျင်ကန့်ကွက်ခဲ့ကြပေမယ့် နောက်ဆုံးမှာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် လက်နက်ကိုင်တော်လှန်တဲ့ စစ်ရေးနည်းလမ်းတခုတည်းသာ ကျန်တော့လို့ တိုင်းရင်းသားပြည်သူလူထုအားလုံး ကြံကြံခံရင်ဆိုင်ပြီး အတူတကွ ပူးပေါင်းပါဝင်ကြဖို့ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ ဖဒိုစောကွယ်ထူးဝင်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။

မနက်ဖြန်မှာ ကျရောက်မယ့် ကရင်နှစ်သစ်ကူးနေ့ နှုတ်ခွန်းဆက်စကားမှာ သူက အခုလိုထည့်သွင်းပြောဆိုသွားတာပါ။

ဗမာစစ်တပ်ဟာ သူတို့အာဏာသိမ်းရတဲ့ အကြောင်းအရင်းတွေကို အခြေအမြစ်မရှိ အကြောင်းပြခဲ့ပြီး ဒီလိုစစ်အာဏာသိမ်းယူမှုကို ‌ပြည်သူတရပ်လုံးနဲ့အတူ အစိုးရဝန်ထမ်းတွေ၊ လူငယ်တွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဆန့်ကျင်ကန့်ကွက်မှုတွေကို စစ်တပ်က ပိုမိုရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းလာတဲ့အတွက် ခုခံကာကွယ်ဖို့ လက်နက်ကိုင်လမ်းစဉ်အထိရောက်လာခဲ့ပြီး နောက်ဆုံးမှာ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် လက်နက်ကိုင် စစ်ရေးနည်းလမ်းသာ ရှိတော့တယ်လို့ သူကဆိုပါတယ်။

“စစ်တပ်ရဲ့ အကြမ်းဖက်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အပေါ် ဖြိုခွင်းဖို့ ပိုမိုပြင်းထန် ရက်စက်ကြမ်းကြုတ်စွာ လုပ်ဆောင်လာသလိုဘဲ ဆန့်ကျင်မှုတွေလည်း ပိုမို ပြင်းထန်လာခဲ့ကာ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက် ဆန္ဒဖော်ထုတ်မှုတွေကနေ မိမိကိုယ်ကို ခုခံကာကွယ်ဖို့ လက်နက်ကိုင်စွဲခြင်းနဲ့ လက်နက်ကိုင်လမ်းစဉ်စစ်စစ်တို့အထိ ပြင်းထန်လာခဲ့ပါတယ်။စစ်အာဏာရှင်ပြုတ်ကျရေး၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ စစ်အာဏာသိမ်းယူမှုကို ဆန့်ကျင်တွန်းလှန်ရေးမှ လက်နက်ကိုင်လမ်းစဉ်ဖြင့်စစ်ရေးနည်းလမ်းတခုတည်းသာလျှင် ကျန်ရှိတော့ပြီး ဒါဟာ အာဏာသိမ်းစစ်တပ်ရဲ့ အားသာတဲ့နည်းလမ်းတခုလည်း ဖြစ်ပါတယ်လို့ ဖဒိုစောကွယ်ထူးဝင်းက ပြောဆိုပါတယ်။

ဗမာစစ်တပ် အာဏာသိမ်းတာ ၃နှစ်ပြည့်ချိန် လက်ရှိမှာ ဗမာစစ်တပ်အနေနဲ့ အဖက်ဖက်က ကြပ်တည်းယိုယွင်းမှု အခက်အခဲတွေကို ခံစားနေရတယ်လို့လည်း သူကပြောပါတယ်။

စစ်တပ်အခြေစိုက်တပ်စခန်းကြီးတွေကို ဝင်ရောက်စီးနင်းသိမ်းပိုက်နေပြီး တိုင်းပြည်တဝှမ်း စစ်ပွဲတွေ ပေါ်ပေါက်လာခဲ့ချိန် စစ်တပ်က စစ်သားအကျအဆုံးအများအပြားရှိလာတဲ့အပြင် စိတ်ဓါတ်ရေးရာ ယိုယွင်းပျက်စီးလာကာ တော်လှန်ရေးတပ်တွေထံ လက်နက်ချမှုတွေ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေမှာ စစ်အာဏာရှင်ကျဆုံးရေးတင်မကဘဲ အာဏာရှင်စနစ်အားလုံးနဲ့ လူမျိုးကြီးဝါဒအားလုံး အမြစ်ဖြတ်ကျဆုံးရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ အခြားလမ်းစဉ်ရွေးချယ်ထားတာမရှိဘူးလို့ ဖဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။

ဒါကြောင့် ကရင်လူမျိုးအပါအဝင် တိုင်းရင်းသားလူမျိိုးအားလုံး နားလည်ပေးကြဖို့နဲ့ လက်ရှိအခြေအနေတွေကို ကြံကြံ့ခံ အတူတကွ ရင်ဆိုင်သွားပြီး တော်လှန်ရေးကြီးမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းဖိတ်ခေါ်လိုတယ်လို့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားမှာ KNUဥက္ကဌက ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

Connect Burma

The Tanintharyi Times