တပ်ဘုန်းကြီးဒုက္ခ

တပ်ဘုန်းကြီးဒုက္ခ

တပ်ဘုန်းကြီးဖြစ်ရတာ စားသာတယ်လို့ ထင်ကြမှာပဲ။ ‘တပ်ဘုန်းကြီး’။ တဝမ်းပူကို ပစောက်နဲ့ သတ်ထားတဲ့ ‘တပ်’ ဘုန်းကြီးပါ။ ဆရာကြီး သိန်းဖေမြင့်ရဲ့ ‘တက်’ဘုန်းကြီးမဟုတ်ပါဘူး။ စာလုံးပေါင်းမတူပေမဲ့လည်း သိပ်တော့လည်း မကွဲပြားပါဘူး။ ကျုပ်တို့တပ်ဘုန်းကြီးတွေဟာလည်း ဓမ္မကို ဖင်ခုထိုင်ပြီး လာဘ်လာဘကို ဦးထိပ်တင်ထားကြတာပါပဲ။

တပ်ဘုန်းကြီးတစ်ပါးဖြစ်ရတဲ့ ဒုက္ခအကြောင်း အခုပြောမလို့ပါ။ မအလတပ်ရဲ့ တပ်ဘုန်းတစ်ပါးရဲ့ ဖွင့်ဟဝန်ခံချက်လို့ ဆိုရင်လည်း မမှားဘူး။

လူတွေထင်ကြတာက တပ်ကကိုးကွယ်တဲ့ တပ်ဘုန်းကြီးဟာ ဘုန်းကြီးတို့အတွက် ပင်မပစ္စည်းလေးပါးဖြစ်တဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး မပူမပင်မကြောင့်မကြရဘဲ ပြည့်စုံတယ်ဆိုတာပဲ။ ဒါကတော့ ဟုတ်တယ်။ ဟုတ်တာထက်ကို ဟုတ်နေသေးတာ။ ဒါကြောင့်မို့လည်း တပ်ဘုန်းကြီးလုပ်တာပေါ့။

တပ်ဆိုတာက လက်နက်မဲ့ ပြည်သူဆီကနေ နှစ်ပေါင်းများစွာ ဂုတ်သွေးစုပ်၊ အနုကြမ်းစီး၊ ဓားပြတိုက်ထားတဲ့ စည်းစိမ်ဥစ္စာတွေ မကုန်မခန်းနိုင် ရှိနေတဲ့ အဖွဲ့အစည်းမဟုတ်လား။ ရွှေတွင်း၊ ငွေတွင်း၊ ပတ္တမြားတွင်းတွေအကစ ရေနံ၊ ဓာတ်ငွေ့တွေအလယ် သစ်တွေ၊ မြေတွေအဆုံး မြေပေါ်မြေအောက် သယံဇာတတွေကို သူတို့လိုချင်သလောက် ယူနိုင်တယ်။ ထားတော့၊ ဒါက သူ့ကိစ္စ။

ကိုယ့်ကိစ္စ ကိုယ်ပဲ ပြောပါ့မယ်။ ကိုယ့်ကိစ္စက သူတို့ရဲ့ အကိုးကွယ်ခံဘုန်းကြီးဖြစ်ရတာဟာ ပစ္စည်းလေးပါး အလျှံပယ်ပေါများဖို့ပဲ။ ဒါ့အပြင် မင်းခမ်းမင်းနားတွေမှာလည်း အပူဇော်ခံရ၊ ဘွဲ့တံဆိပ်တော်တွေ ဆက်ကပ်ခံရနဲ့ ဘယ်လောက်တောင် ဂုဏ်သိန်ရှိတဲ့ အဖြစ်လဲ။ သာသာယာယာ၊ ကြော့ကြော့မော့မော့။

ဒါနဲ့များ တပ်ဘုန်းကြီးတစ်ပါးမှာ ဘာများ ဒုက္ခရှိနေလဲလို့ မေးချင်ကြလိမ့်မယ်။ ဟုတ်တယ်။ အရင်ကတော့ မရှိဘူး။ အခုတော့ တပ်ဘုန်းကြီးဖြစ်ရတာ တယ်ပြီး မစားသာဘူး။ အထူးသဖြင့် မအလတပ်ရဲ့ ဘုန်းကြီးဖြစ်ရတာပဲ။ အင်း…မစားသာဘူးဆိုတာထက် စားမမြိန်ဘူးလို့ ဆိုရမှာပဲ။ တကယ်ကို စားမမြိန်တဲ့ အဖြစ်ပါပဲဗျာ။ ပြောမယုံကြုံမှသိ၊ တပ်ဘုန်းကြီးတွေရဲ့ ဘဝဟာ အခုတလောမယ် စားရသောက်ရ မချိုမြိန်လှဘူး။

ဒါတွေဟာ ဘယ်ကစလဲဆိုတော့ အာဏာသိမ်းလိုက်တာကနေ စတယ်လို့ ဆိုရမှာပဲ။ ပြည်သူလူထုတွေက ဆဲလိုက်ကြတာ၊ ဆိုလိုက်ကြတာများ ‘လိပ်ဖြစ်ရင်တောင် ခေါင်းမပြူဝံ့’ဆိုတာမျိုးလိုပဲ၊ တပ်ဘုန်းကြီးဖြစ်ရတာကလည်း ရပ်ထဲရွာထဲ လူအများကြားထဲသွားလာတဲ့အခါ ခေါင်းတုံးကို လူမမြင်အောင် ဖုံးဖုံးထားနေရတယ်။ အစောင့်အရှောက် အခြွေအရံတွေနဲ့ ကြွတဲ့အခါတော့ ခေါင်းမော့နိုင်တာပေါ့။

ဆုတ်ကပ်ပေပဲမို့ထင်ပါရဲ့။ လူတွေကလည်း ရိုင်းစိုင်းလာလိုက်ကြတာ။ ကျုပ်တို့ဘုရားသားတော်တွေကို ရိုသေလေးစားရကောင်းမှန်းမသိ၊ ကျုပ်တို့ရဲ့ တန်ဖိုးကို နားမလည်၊ အခန်းကဏ္ဍကို သဘောမပေါက်၊ သာသနာတော်ကြီးနဲ့လည်း ကင်းဝေး၊ ဘာသာတရားရဲ့ အဆုံးအမကိုလည်း မရရှာလေသလားပဲ။

ပြောသာပြောရတယ်။ တပ်ကလည်း ဆိုးရွားရက်စက်၊ ကောက်ကျစ်ယုတ်မာ၊ လိမ်လည်လှည်းဖျားတဲ့အရာမှာ ပါရဂူဆယ်ခါပြန်ရထားတာဆိုတော့ အဲဒီလူတွေရဲ့ အကိုးကွယ်ခံအဖြစ် နေနေတဲ့ ကိုယ်တွေတပ်ဘုန်းကြီးတွေအပေါ် လူထုတွေက ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်ဆက်ဆံတာကလည်း မဆန်းဘူး။ အပြစ်မဆိုသာပါဘူး။ ထားပါတော့၊ အဲဒီဒုက္ခတွေကို ခံနိုင်ရည်ရှိလို့ပဲ တပ်ဘုန်းကြီး လုပ်နေတာပဲ။

အခုပြောချင်တာက အဲဒါမဟုတ်ပါဘူး။ အခုကာလတွေအတွင်းမှာ တပ်ဘုန်းကြီးတွေအနေနဲ့ အနားမရေအောင်ကိုပဲ အလုပ်များနေခဲ့တဲ့အကြောင်းကို ပြောချင်တာပါ။ တပ်ဘုန်းကြီးတစ်ပါးရဲ့ ပြုဖွယ်ကိစ္စတွေထဲမှာ ဒီကိစ္စပါတယ်ဆိုပေမဲ့ ဒီလောက်များပြားလိမ့်မယ်လို့တော့ အရင်က မတွေးမိခဲ့ဘူး။ ဘာကိစ္စလဲဆိုတော့ သက်ပျောက်ဆွမ်းသွပ်တရားဟောရတဲ့ကိစ္စ။

ပုံမှန်ကတော့ တပ်ထဲမှာ သေကြတာက မီးစာကုန်လို့၊ ဆီခန်းလို့၊ မီးစာရော၊ ဆီရော နှစ်ခုစလုံးခန်းလို့ စတဲ့ ကံကုန်လို့၊ သက်တမ်းကုန်လို့၊ ကံရော၊ သက်တမ်းရောကုန်လို့ သေကြတာများပါတယ်။ ဥပစ္ဆေဒကံလို့ခေါ်တဲ့ သူတစ်ပါးကြောင့် သေရတာမျိုးက ခပ်ရှားရှားမဟုတ်လား။ ဒီတော့လည်း ကျုပ်တို့မယ် ဆွမ်းသွပ်တရားဟောရတာကလည်း နည်းတာပေါ့။

မှတ်မှတ်ရရ မြောက်ညီနောင်သုံးကောင်ရဲ့ စစ်ဆင်ရေး ၁၀၂၇ ဆိုတာကြီး စတင်လိုက်ကတည်းက ကျုပ်တို့ တပ်ဘုန်းကြီးတွေမယ် အလုပ်များကြရတော့တာပါပဲ။ အဲဒီကနေ စလိုက်တာ အခုထိပဲ။

ဘဝတစ်ပါးကို ကူးပြောင်းနေကြတဲ့ စစ်သားတွေဆိုတာကလည်း နေ့စဉ်ပဲ။ ရေတွက်မှတ်သားလို့တောင် မနိုင်တော့ဘူး။ ဒီတော့လည်း ကျုပ်တို့ တပ်ဘုန်းကြီးတွေမှာ သက်ပျောက်ဆွမ်းသွပ်ပေးရတာက လက်မလည်ဘူးဖြစ်နေတော့တယ်။

သက်ပျောက်ဆွမ်းသွပ်ဆိုတော့လည်း လှူဖွယ်ပစ္စည်းက မယ်မယ်ရရ ရှိတာမဟုတ်ဘူး။ ကာယကံရှင်တွေခမျာလည်း ပူဆွေးငိုကြွေး ပရိဒေဝမီးတွေလောင်နေကြရတာဆိုတော့ သူတို့လှူမယ့်တန်းမယ့် အလှူပစ္စည်းတွေကိုလည်း သိပ်ပြီးမက်မောမနေနိုင်တော့ပါဘူး။ သေတဲ့သူအများစုကလည်း မရှိဆင်းရဲတဲ့ အောက်ခြေစစ်သားတွေပဲမဟုတ်လား။

ဒါပေမဲ့ တခါတခါကျရင်တော့လည်း အရာရှိကြီးတွေပါတတ်သေးတာ။ ဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေ၊ ဗိုလ်မှုးကြီး၊ ဗိုလ်မှူးချုပ်တွေ စသဖြင့်ပေါ့။ သူတို့လည်း သေမျိုးဆိုတော့ သေကြရတာပါပဲ။ သူတို့တွေကတော့ ကြွယ်ဝကြသူတွေဖြစ်တာမို့ တင့်တင့်တယ်တယ် လှူဒါန်းနိုင်ကြတယ်။ ဒီအခါကျရင်တော့လည်း တပ်ဘုန်းကြီးတွေမယ် စိုစိုပြေပြေ အိုအိုကေကေ ဖြစ်ရတာပေါ့။

ဒါပေမဲ့လည်း ကျုပ်တို့မယ် မလွယ်ပြန်ပါဘူး။ သက်ပျောက်တရားဟောရတာကလည်း နေ့စဉ်ရက်ဆက်ဆိုတော့ ဟောတဲ့ တရားတွေကထပ်နေပြီ။ ‘မင်းရဲ့ ဓာတ်ပြားဟောင်းကြီး တော်ပါပြီ နားညည်းလိုက်တာ’ လို့ အဝေဖန်ခံ၊ စောင်းမြောင်းပြောဆိုခံရမှာကလည်း စိုးရသေးတော့ တရားအသစ်တွေဟောနိုင်ဖို့ ဟိုကျမ်းလှန်၊ ဒီကျမ်းမွှေနဲ့ ဖတ်ရ၊ မှတ်ရ၊ ကျက် လုပ်ရသေးတာ။

ဟောတဲ့ တရားတွေထဲမယ်တော့ ‘ရဲသော် မသေ၊ သေသော် ငရဲမလား’ ဆိုတာမျိုး၊ ‘တိုင်းပြည်အတွက် အသက်ပေးလှူသွားကြတာဖြစ်တဲ့အတွက် ကောင်းရာသုဂတိဘုံမှာ စံမြန်းရမှာဖြစ်တဲ့အကြောင်း’ ဒါတွေကိုတော့ ထည့်ထည့်ပြောရတာပေါ့။

ဟောသာဟောရတာ၊ ကောင်းရာဘုံကို ရောက်မယ်လို့တော့လည်း မထင်ပါဘူး။ ပြည်သူတွေအပေါ် ဒီလောက် အနိုင်ကျင့်နှိပ်စက်နေတာ။ မီးရှို့၊ လူသတ်၊ ပစ္စည်းယူ လုပ်နေကြတာ။ ပြီးတော့ တိုင်းပြည်ကို ကာကွယ်နေတာလည်း မဟုတ်ဘူး။ လောဘဇောတိုက်နေတဲ့ အာဏာရူးအတွက် အလုပ်လုပ်ပေးနေကြတာမဟုတ်လား။ ဒေါသနဲ့ သေ ငရဲပြည်၊ လောဘနဲ့ သေ ပြိတ္တာပြည်၊ မောဟနဲ့ သေ တရိစ္ဆာန်ပြည်လို့ အဆိုရှိကြတာပဲ။

တကယ်လို့သာ နတ်ပြည်ရောက်ရိုးမှန်ရင်တော့ တလရတွေကို ကျေးဇူးတောင် တင်ရဦးမှာ။ သူတို့က ပို့ပေးလို့ ရောက်ရတာမဟုတ်လား။ ထားပါတော့။

ဒါတွေထဲမယ် အဆိုးဆုံးကတော့ ဆွမ်းစားလို့ မမြိန်တော့တာပါပဲ။ တစ်နေ့လာလည်း သက်ပျောက်ဆွမ်း၊ တစ်ရက်လာလည်း သက်ပျောက်ဆွမ်း၊ မနေ့တုန်းကလည်း သက်ပျောက်ဆွမ်း၊ ဒီနေ့မှာလည်း သက်ပျောက်ဆွမ်း၊ မနက်ဖြန်ကျရင်လည်း သေချာပါတယ်၊ သက်ပျောက်ဆွမ်းပဲ။ ဆွမ်းတကာ ဆွမ်းထဲ သေသူကို အကြောင်းပြုပြီး စားရတဲ့ ဆွမ်းကတော့ တယ်ပြီး မမြိန်ဘူး။ ဒါ့အပြင် နေ့စဉ်နေ့တိုင်းဆိုတော့ နင်ချင်သလိုလို၊ ပျို့ချင်သလို၊ ဆို့ချင်သလိုလို၊ အန်ထွက်ချင်သလိုလိုတောင် ဖြစ်လာပြီ။

ကျုပ်က လူမှုကွန်ရက်တွေဘာတွေလည်း ကြည့်လေ့ရှိတော့ ကျုပ်တို့တပ်သားတွေ ဘယ်လိုဘယ်ပုံသေကျေကြရတယ်ဆိုတာတွေကိုလည်း မြင်နေရတာပဲ။ တစ်ခါတလေမှာများ မြင်ရက်ဖွယ်ရာတောင် မရှိပါဘူး။ ဆွမ်းကို ဘုန်းပေးနေရတဲ့အချိန်မှာ အဲဒီမြင်ကွင်းတွေက မျက်လုံးထဲမှာ မြင်နေတော့တာပါပဲ။

ညနေဘက်တွေများ ကျောင်းဝင်းထဲကို ဒကာဒကာမတွေ၊ အထူးသဖြင့် ဒကာမတွေပေါ့လေ၊ ပြောရရင် ကျန်ရစ်သူ မုဆိုးမတွေပေါ့၊ သူတို့တွေများ ကျောင်းဝင်းထဲဝင်လာကြပြီဆိုရင် ကျုပ်မယ် ဖျားချင်သလိုလို၊ နာချင်သလိုလိုနဲ့ ရင်ထဲမောဟိုက်တယ်။ ဒါဟာ သေချာပြီ၊ မနက်ဖြန်မနက် သက်ပျောက်ဆွမ်းတရားဟောပေးဖို့ ကြွပေးပါဦးဘုရားဆိုပြီး ပင့်လျှောက်ထားကြမလို့ဆိုတာကို ကျုပ်က အတပ်သိနေပြီးသား။

ကဲပြော၊ တပ်ဘုန်းကြီးဖြစ်ရတာ စားသာတယ်လို့ ဘယ်သူက ပြောလဲ။

ဗိန္ဒုဗလုံ

The Tanintharyi Times