ထင်မြင်ချက်ဆောင်းပါးတွေက ဘာကြောင့်အရေးကြီးတာလဲ
ထင်မြင်ချက်ဆောင်းပါးတွေက ဘာကြောင့်အရေးကြီးတာလဲ
ထင်မြင်ချက်ဆောင်းပါး (Op-Ed) တွေဟာ သတင်းဌာနတစ်ခုရဲ့ ဂုဏ်သိက္ခာဖြစ်ပါတယ်။ ဘယ်လိုလူမျိုးတွေ ကိုယ့်သတင်းဌာနမှာ ရေးကြတယ်၊ ဘယ်လိုထူးခြားတဲ့အယူအဆတွေ၊ အမြင်တွေကို တင်ပြကြတယ် ဆိုတာဟာ သတင်းဌာနတစ်ခုအတွက် အလွန်အရေးပါတဲ့ မဟာဗျူဟာဖြစ်ပါတယ်။
နိုင်ငံတကာမှာတော့ သတင်းစာကြီးတွေဟာ Op-Ed Writerတွေကို အကြမ်းအားဖြင့် ၂ မျိုးခွဲထား ကြပါတယ်။ တစ်မျိုးကတော့ ပင်တိုင်ဆောင်းပါးရှင်(Regular Columnists) တွေဖြစ်ပြီး၊ နောက်တစ်မျိုးက တော့ ရံဖန်ရံခါရေးသူတွေ (Contributors) ဖြစ်ပါတယ်။
နမူနာအားဖြင့် နယူးယောက်တိုင်းမ်စ် သတင်းစာကြီးမှာ သောမတ်စ် အယ်လ်ဖရီးမင်း၊ နစ်ကိုလတ်စ်ခရစ်စတော့ဖ်နဲ့ မော်ရင်းဒေါက်တို့ဟာ ပင်တိုင်ဆောင်းပါးရှင်တွေ ဖြစ်ကြပြီး သူတို့ ၃ ယောက်လုံးဟာ ပူလစ်ဇာ ဆုရှင်တွေ ဖြစ်ကြပါတယ်။ သူတို့အပြင် ပင်တိုင်ကလောင်ရှင်တွေ အများ အပြား ရှိပါသေးတယ်။ အခြား ပြင်ပကလောင်ရှင်တွေ ကလည်း Op-Ed တွေ ရေးကြပါတယ်။
စာဖတ်သူအနေနဲ့ ထင်မြင်ချက်ဆောင်းပါးတွေ ရေးချင်ရင် သတင်း ဌာနတွေကို ပေးပို့လို့ရပြီး၊ ကိုယ့်လက်စွမ်းကို အယ်ဒီတာက ယုံကြည်လာတဲ့ အခါမှာ ပုံမှန်ရေးသားခွင့်ကို ရလာနိုင်ပါတယ်။
ထင်မြင်ချက်ဆောင်းပါးတွေဟာ သတင်းဌာနရဲ့ သြဇာလည်း ဖြစ်ပါတယ်။ သြဇာကြီးမားတဲ့ စာရေးသူတွေက အမျှော်အမြင်ကြီးတဲ့အယူအဆတွေကို ရေးသားတင်ပြတဲ့အခါမှာ သတင်းဌာနလည်း သြဇာကြီးမားလာ တာပါပဲ။
ဒီလိုစာရေးသူမျိုးတွေ၊ အယ်ဒီတာတွေကို ဒီမိုကရေစီနိုင်ငံတွေမှာ အစိုးရအဖွဲ့ခေါင်းဆောင်တွေက စလို့ စွန့်ဦးတီထွင်လုပ်ငန်းရှင်ကြီးတွေ အထိ တလေးတစားနဲ့ တွေ့ဆုံစကားပြော ဆွေးနွေးကြလေ့ ရှိပါတယ်။ ဒါဟာ သတင်းစာပညာရဲ့ စွမ်းအား ဖြစ်ပါတယ်။
ထင်မြင်ချက်ဆောင်းပါးတွေက ပြည်သူတွေရဲ့အမြင်ကို လွှမ်းမိုးပါတယ်။ ဒါကြောင့်လည်း နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အခြား သြဇာကြီးသူတွေက အောင်မြင်တဲ့ Op-Ed Writer တွေကို ချဉ်းကပ်ကြတာပါ။ သတင်းဌာနတွေရဲ့ သတင်းစာပညာဆိုင်ရာမူဝါဒကို နည်းနည်းဆွေးနွေး ချင်ပါတယ်။ တကယ်ရပ်တည်ချက်ခိုင်မာတဲ့ သတင်းဌာနဟာ ထင်မြင်ချက် ဆောင်းပါးတစ်ခုကို ဖော်ပြဖို့အတွက် ဆောင်းပါးထဲမှာပါတဲ့ အယူအဆနဲ့ အယ်ဒီတာရဲ့သဘောထားနဲ့ တူညီစရာမလိုပါဘူး။
ဆောင်းပါးကိုရေးသားသူဟာ အချက်အလက်နဲ့ရေးသားတယ်၊ သူ့မှာ စိတ်ဝင်စားစရာကောင်းတဲ့ အမြင်တစ်ခုရှိတယ်၊ ဒီအမြင်ကို ပြည်သူတွေ ဖတ်သင့်တယ်လို့ထင်ရင် ဖော်ပြလို့ရပါပြီ။ အယ်ဒီတာဟာ ကိုယ်နဲ့အမြင်တူတဲ့ ဆောင်းပါးတွေကိုပဲ ဖော်ပြနေဖို့မဟုတ်ပါဘူး။
ကိုယ်နဲ့အမြင်တူပေမယ့် အချက်အလက်အထောက်အထားနဲ့ မရေးနိုင်တဲ့ဆောင်းပါးတွေကိုတော့ တာဝန်ကျေတဲ့အယ်ဒီတာတွေက ဖော်ပြမှာ မဟုတ်ပါဘူး။
ထင်မြင်ချက်ဆောင်းပါးကို ဖော်ပြပြီးရင်တော့ ဆောင်းပါးရဲ့ အောက်ခြေမှာ စာရေးသူဟာ ဘယ်သူဖြစ်တယ်၊ သူ့ရဲ့နောက်ကြောင်းက ဘာဖြစ်တယ်ဆိုတာကို အကျဉ်းချုံးဖော်ပြပေးလေ့ရှိပါတယ်။
စာဖတ်သူတွေဟာ သူတို့သဘောကျတဲ့ဆောင်းပါးရှင်တွေကို စောင့်ဖတ်ကြတာဟာ နိုင်ငံတိုင်းရဲ့အလေ့အထ ဖြစ်ပါတယ်။ သူတို့မှာ ရင်ဖွင့်စရာ ရှိရင်လည်း အဲဒီဆောင်းပါးရှင်ကိုပဲ တွေ့ဆုံပြီး သတင်းပေးတတ် ကြပါတယ်။
Op-Ed တွေဟာ ပြည်သူတွေကြားထဲမှာ အရေးပါတဲ့အကြောင်းအရာတွေကို အချေအတင်ငြင်းခုန် ဆွေးနွေးကြဖို့အခွင့်အလမ်းကိုလည်း ဖွင့်ပေးပါတယ်။ ပြည်သူတွေကြားမှာ မှန်ကန်တဲ့ငြင်းခုန်မှုဟာ လူ့အဖွဲ့ အစည်းအတွက် ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။
ကိုယ့်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ၊ ဒုက္ခသည်တွေကိုလက်ခံမယ့် လူဝင်မှု ကြီးကြပ်ရေးမူဝါဒ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ ပညာရေး၊ လုပ်အားခသတ်မှတ်မှု၊ သက်ကြီးရွယ်အိုတွေအတွက် လူမှုဖူလုံရေးစနစ် စတဲ့ အရာအားလုံးဟာ ပြည်သူတွေကြားမှာ ဆွေးနွေးကြရမယ့် အကြောင်းအရာတွေပါ။ ဒီအကြောင်းအရာတွေကို ဆောင်းပါးတွေက အစဖော်ပေးကြရမှာပါ။ ဒါကြောင့်ထင်မြင်ချက် ဆောင်းပါးတွေဟာ အင်မတန် အရေးကြီးတာ ဖြစ်ပါတယ်။
The Tanintharyi Times
