ထီးခီးနယ်စပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

ထီးခီးနယ်စပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

ပုံစာ - ထီးခီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ခိုက်နေတဲ့မြင်ကွင်း။

ထားဝယ် နဲ့ ထိုင်းနယ်စပ်က ထီးခီး စစ်ကောင်စီတပ်စခန်းကို KNLA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ထီးခီးနယ်စပ်စခန်းကို ပြီးခဲ့တဲ့ဧပြီလ ၂၁ ရက်လောက်မှာ စတင်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး သုံးပတ်နီးပါးအကြာမှာ အပြီးသတ်သိမ်းပိုက်လိုက်တာပါ။

“စခန်းတော့ အခုမနက် သိမ်းလိုက်ပါပြီ။ လောလောဆယ်တော့ နယ်မြေရှင်းလင်းရေးလုပ်နေတုန်းပါပဲ” လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ကိုမင်းထက်က ပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပေမဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများပြားပြီး စခန်းကိုလက်လွှတ်ခဲ့ရတာလို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကသေဆုံးမှု၊ ဖမ်းဆီးခံရမှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ထီးခီးစခန်းဟာ ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်အနီး ထိုင်း-မြန်မာနယ်စပ်မျဥ်းပေါ်က တောင်ပေါ်မှာ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်နဲ့ အခိုင်အမာ တပ်စွဲထားတဲ့ စခန်းဖြစ်ပါတယ်။

ထီးခီးစခန်းကိုတိုက်ခိုက်နေချိန် အခုလပထမပတ်အတွင်းမှာ စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၄၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းကို နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးခဲ့ပါတယ်လို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်း‌ရေးမှူး ပဒိုအယ်နားကဆိုထားပါတယ်။

ထီးခီးစခန်းကို သိမ်းပိုက်လိုက်တာကြောင့် ထားဝယ်မြို့နယ်မှာ သုံးပတ်အတွင်း တော်လှန်ရေးတပ်တွေက သုံးခုမြောက်စခန်းသိမ်းလိုက်နိုင်တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့သုံးပတ်အတွင်း ထီးထဗျူဟာစခန်းနဲ့ ဟားလီးကွေ့စခန်းတို့ကိုလည်း KNLA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

The Tanintharyi Times