အလိမ်ဇာတ် ကကြိုးထဲ လက်ဝင်မလျှိုပါနဲ့
အလိမ်ဇာတ် ကကြိုးထဲ လက်ဝင်မလျှိုပါနဲ့

လူလိမ်တွေ မကျူးလွန်ရဲတဲ့ မကောင်းမှုဆိုတာ မရှိပါဘူး။ မြန်မာပြည်က စစ်အာဏာရှင်နဲ့ အပေါင်းပါတွေဟာ လှည့်ဖြားကောက်ကျစ်မှုမျိုးစုံ ကျူးလွန်တဲ့နေရာမှာ ပြိုင်စံရှားဆိုတာ ဘယ်တော့မှ မမေ့လိုက်ပါနဲ့။ သူတို့ထိုင်ခုံတည်မြဲရေးအတွက် အမျိုးမျိုး လှည့်ပတ်လိမ်လည်ပြီး ဘယ်လိုမကောင်းမှုဖြစ်ဖြစ် ပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေကြသူတွေပါ။
မတ်လ ၂၈ ရက်နေ့ကနေ လှုပ်လိုက်တဲ့ ငလျင်ကြောင့် ပြည်သူတွေ အတိဒုက္ခ ရောက်ကြရပါတယ်။ အစကတည်းက ဖက်ဆစ်ရန်ကြောင့် အသက်မျှင်းမျှင်းသာ ကျန်တော့တဲ့ ပြည်သူတွေခမျာ သဘာဝဘေးရဲ့ နှိပ်စက်တာကို ခံလိုက်ရပြန်ပါပြီ။
Myanmar Now သတင်းဌာနရဲ့ ဖော်ပြချက်အရ ဧပြီလ ၇ ရက်နေ့အထိ ငလျင်ဘေးကြောင့် အသက်သေဆုံးရသူ ၃၆၀၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၀၁၇ ဦးနဲ့ ပျောက်ဆုံးနေသူ ၁၆၀ ဦး ရှိတယ်လို့ ဆိုပါတယ်။
ပြင်းအားမြင့်တဲ့ ငလျင်မို့ ထိခိုက်ဆုံးရှုံးမှု များပြားရတယ်လို့ တစ်ထစ်ချ ပြောလို့တော့ မရပါဘူး။ တကယ်လို့များ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ရှိခဲ့ရင် လူ့အသက်ဟာ ဒီလောက်အထိ ဈေးပေါတဲ့အဖြစ်ကို ရောက်နိုင်ပါ့မလား။
နိုင်ငံရေးစနစ် ကောင်းမွန်ခဲ့မယ်ဆိုရင် ခေတ်မီစက်ရိယာတွေနဲ့၊ စနစ်တကျ ကြိုတင်လေ့ကျင့်ထားတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့၊ ကျန်းမာရေး စောင့်ရှောက်ဖို့ အဖွဲ့အစည်းတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းကို အချိန်မီလုပ်ဆောင်နိုင်တာမို့ အသေအပျောက် နည်းသွားမှာတော့ အသေအချာပါပဲ။
အခုတော့ ရပ်သူရွာသားတွေက အားတင်းကယ်ဆယ်ကြလို့သာ အသက်ရှင်ရတဲ့ အဖြစ်မျိုး မဟုတ်ပါလား။ စစ်ကောင်စီဘက်က ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေး လုပ်ဆောင်နေတယ်လို့ သတင်းဖြန့်ထားပေမယ့် အဲဒါဟာ လိမ်လည်မှု ပြဇာတ်တစ်ပုဒ်သာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေး အချိန်မီ မလုပ်ဆောင်နိုင်လို့၊ ကျန်းမာရေး စောင့်ရှောက်မှု အချိန်မီ မရရှိလို့ မသေသင့်ဘဲ သေဆုံးရတဲ့ အဖြစ်က ပိုများနေပါတယ်။
စစ်ကောင်စီဟာ CDM ဆရာဝန်တွေ ကုသပေးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုဂ္ဂလိကဆေးရုံ ဆေးခန်း အတော်များများကို ချိတ်ပိတ်ထားခဲ့တယ်။ တစ်ခြားကဏ္ဍတွေလိုပဲ ကျန်းမာရေးကဏ္ဍကို ဖိနှိပ်ထားတာမို့လည်း ငလျင်ကြောင့် ဒဏ်ရာရသူတွေဟာ ပိုပြီးအကူအညီမဲ့သွားကြပါတယ်။
အဆောက်အအုံတွေအောက် ပိတ်မိနေသူတွေ၊ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသူတွေ၊ ဒဏ်ရာအနာတရ ဖြစ်ရသူတွေ ဘယ်လောက်များများ ပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်တာကို တစ်ရက်လေးတောင် မနားခဲ့ကြပါဘူး။
ဒါ့အပြင် ကယ်ဆယ်ရေးအဖွဲ့တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လိုက်ပါသေးတယ်။ ဧပြီ ၁ ရက်နေ့ညက ငလျင်ဘေးသင့် ပြည်သူတွေကို ကူညီဖို့ ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ တရုတ်နိုင်ငံက ကြက်ခြေနီအသင်း ယာဉ်တန်းကို နောင်ချိုမြို့နယ်မှာ ဖက်ဆစ်တပ်က ပစ်ခတ်ခဲ့တယ်ဆိုတာ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း ကိုယ်တိုင်က ဝန်ခံထားပါတယ်။
ကူညီကယ်ဆယ်ရေးအတွက် နိုင်ငံတကာရဲ့ အကူအညီကို လိုအပ်နေချိန်မှာ မှန်ကန်တဲ့သတင်းပျံ့နှံ့မှုရှိဖို့က အရေးကြီးပါတယ်။ သတင်းလွတ်လပ်ခွင့် မရှိသလောက် အားနည်းနေတဲ့ အခြေအနေမှာ အင်တာနက်လိုင်း ဖြတ်တောက်တာ၊ ပြည်ပသတင်းဌာနတွေရဲ့ ပြည်ဝင်ခွင့်တောင်းဆိုမှုကို ပယ်ချတာ စတဲ့ သတင်းမီဒီယာ နှိပ်ကွပ်မှုကိုလည်း ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေပါတယ်။
ငလျင်နောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးအတွက် သဘောထားကွဲလွဲသူ၊ ဝေဖန်ထောက်ပြသူတွေကို ဖမ်းဆီးထောင်ချမယ်ဆိုပြီး စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန် ချန်နယ်တွေမှာ ရေးသားလှုံ့ဆော်နေတာလည်း တွေ့ရပါတယ်။
တစ်ဖက်မှာ သတင်းအမှောင်ချဖို့ အင်တာနက်လိုင်း ဖြတ်တောက်ထားပြီး၊ တစ်ဖက်မှာ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာကို နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေပါတယ်။ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အဖက်ဖက်က အနှောင့်အယှက်ပေးပြီး လူအသေအပျောက်များအောင် တမင်တကာ ကြံဆောင်နေကြတာ ငြင်းလို့မရတဲ့ အမှန်တရားပါ။
ညီနောင်မဟာမိတ်များ ဖြစ်ကြတဲ့ ရခိုင်တပ် (AA) ၊ ကိုးကန့်တပ် (MNDAA) ၊ တအာင်းတပ် (TNLA) ၊ ကချင်လွတ်မြောက်ရေးတပ် (KIO) ၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)/ ပြည်သူ့ကာကွယ်ရေးတပ် (PDF) စတဲ့ တော်လှန်တပ်တော် အသီးသီးက ငလျင်ဆိုးကျိုး ခံစားနေရတဲ့ ပြည်သူတွေကို ငဲ့ညှာပြီး ယာယီအပစ်အခတ် ရပ်စဲရေးကို ကြေညာခဲ့ကြပါတယ်။
ပြည်တွင်းပြည်ပ ဖိအားတွေကြောင့် ‘အဘ’ တို့ ဦးဆောင်တဲ့ ဖက်ဆစ်တပ်ကလည်း ယာယီအပစ်ရပ်ကြောင်း အားကျမခံ ထုတ်ပြန်ကြေညာရှာတယ်။ ဒါပေမယ့် ထုတ်ပြန်ချက်နဲ့ ဆန့်ကျင်ဘက်ပဲ လူသတ်တဲ့အလုပ်ကို မနားမနေ ဆက်လုပ်နေဆဲပါပဲ။
မတ်လ ၂၈ ကနေ ဧပြီလ ၇ ရက်နေ့အထိ ဖက်ဆစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှု အကြိမ်ရေ ၁၁၄ ကြိမ် ကျူးလွန်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၇၁ ဦးနဲ့ ဒဏ်ရာရသူ ၉၂ ဦး ရှိသွားပြီလို့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းဌာနမှာ ဖော်ပြထားပါတယ်။
အခုလည်း ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေး ဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေဟာ စစ်ကောင်စီထံက ခွင့်ပြုချက်ယူရတာ၊ ပူးပေါင်းလုပ်ဆောင်ရတာ စတဲ့ ကန့်သတ်ချက်အမျိုးမျိုးနဲ့ ခြိမ်းခြောက်နှောင့်ယှက်ခံနေရဆဲပါ။
တစ်ချို့သော ပညာရှင် ဆိုသူတွေက ဒီလို စစ်ရာဇဝတ်မှုနဲ့ ကောက်ကျစ်ယုတ်မာမှုမျိုးစုံ ကျူးလွန်နေတဲ့ အဆိုးရွားဆုံး အာဏာရှင်တစ်စုအပေါ်မှာ မျှော်လင့်ချက် ထားနေသေးတာက မှန်ကန်တဲ့ အတွေးအခေါ် ဖြစ်နိုင်ပါ့မလား။
“အတိဒုက္ခ အပျက်အစီးတွေကြားက ရုန်းထွက်ပြီး ငြိမ်းချမ်းရေး ဖန်တီးခြင်း” အယူအဆကို ဆုပ်ကိုင်ပြီး အကြံဉာဏ်ပေးကြတာတွေလည်း ရှိပါတယ်။ လူသားစာနာမှုက တစ်ဆင့် မဟာဗျူဟာမြောက် ပဋိပက္ခအရှိန်လျှော့ချရေး ဖြစ်တန်ခြေကို ရွှေ့လျားသွားဖို့ ကြိုးစားသင့်တယ်လို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးအတွက် အားလုံးပါဝင်ခွင့်ရအောင် ဆွေးနွေးညှိနှိုင်းတာကနေစပြီး၊ နောက်တစ်ဆင့် နိုင်ငံရေးအရ (အင်စတီကျူးရှင်း ပြုပြင်ပြောင်းလဲမှု စတာတွေ) ဆွေးနွေးညှိနှိုင်းရေးကို ရွေ့သွားဖို့ပါပဲ။ အဲဒီလို အဆင့်ဆင့် ကြိုးစားလုပ်ဆောင်သွားမယ်ဆိုရင် အကျပ်အတည်း ဒုက္ခကို အခြေခံပြီး ကောင်းမွန်တဲ့ အလှည့်အပြောင်း ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ပါသတဲ့။
အကျပ်အတည်း ဆင်းရဲဒုက္ခကနေ ကောင်းမွန်တဲ့ အလှည့်အပြောင်းဖြစ်အောင် လုပ်လို့ရနိုင်တယ်ဆိုတာ တကယ့်ရိုးသားတဲ့စိတ် အရင်းခံထားမှ ဖြစ်နိုင်တာမျိုးပါ။ ယုံကြည်မှုကို အကြိမ်ကြိမ် အလွဲသုံးစားလုပ်ခဲ့တဲ့ စစ်အာဏာရှင် လူလိမ်တွေနဲ့ ဘယ်လိုလုပ်ပြီး ကောင်းမွန်တဲ့ အလှည့်အပြောင်းကို မျှော်လင့်လို့ ရမှာပါလဲ။
အဆိုးထဲက အကောင်းကို မျှော်လင့်တယ်ဆိုတာ မှန်ကန်တဲ့နည်းလမ်းနဲ့ လုပ်ဆောင်နိုင်မှ အကောင်းကို မျှော်လင့်လို့ ရတာမျိုးပါ။ မှားယွင်းတဲ့ လမ်းကြောင်းအတိုင်း လျှောက်သွားပြီး အဆိုးထဲကအကောင်း ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဆိုးသထက်ဆိုးတဲ့ ရလာဒ်မျိုးတွေပဲ ဖြစ်ပေါ်လာမှာပါ။
တော်လှန်ပြည်သူတို့ကြောင့် ထွက်ပေါက်ပိတ်နေတဲ့ စစ်ကောင်စီဟာ သူတို့အာဏာတည်မြဲရေးအတွက် ‘ရွေးကောက်ပွဲ’ ဆိုတဲ့ အလိမ်ပြဇာတ်ကြီးကို စင်တင်က,ပြဖို့ ပြင်ဆင်နေပါပြီ။ တစ်ချို့ နိုင်ငံရေးသမား အမည်ခံထားသူတွေက ရွေးကောက်ပွဲဟာ တိုင်းပြည်ထွက်ပေါက် သဘောမျိုး နှပ်ကြောင်းပေးနေတာ မမြင်ချင်မှ အဆုံးပါပဲ။
အကြမ်းဖက် စစ်အုပ်စုဟာ သူတို့ကိုယ်ကျိုးစီးပွားအတွက် လိမ်နည်းလိမ်ဟန် အမျိုးမျိုးနဲ့ ပြည်သူတွေကို လီဆယ်လှည့်ဖြားခဲ့တာ ရာစုနှစ်တစ်ခုနီးပါး ကြာခဲ့ပါပြီ။ အပစ်ရပ်မယ်လို့ ကြေညာတာ၊ စားပွဲဝိုင်းမှာ ဆွေးနွေးမယ်လို့ လေသံပစ်တာ၊ ရွေးကောက်ပွဲနည်းလမ်းနဲ့ ဒီမိုကရေစီကို လက်ခံကျင့်သုံးမယ်လို့ ကြွေးကြော်တာ ဘာတွေကို ဘယ်လိုပြောပြော အားလုံးဟာ အလိမ်အညာတွေဆိုတာ နည်းနည်းလေးတောင် မမေ့ပစ်လိုက်ပါနဲ့။
ဧပြီလ ၃ ရက်နေ့က စတင်ကျင်းပတဲ့ BIMSTEC ညီလာခံကို တက်ရောက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံကို သွားရောက်တာနဲ့ ပတ်သက်လို့ ထိုင်းလွှတ်တော်အမတ် “ကန်နာဝီ” က ထိုင်းဝန်ကြီးချုပ်ကို မေးခွန်းထုတ်ပြီး ပြောခဲ့တဲ့ စကားလုံးက သိပ်ကို အဓိပ္ပာယ်ရှိပါတယ်။ “တိုင်းပြည်ကို နတ်ဆိုးနဲ့ အလဲအထပ်လုပ်မှု ဆိုတာ တကယ်ရှိပါတယ်” တဲ့။
အကယ်၍များ စစ်အာဏာရှင်တွေ ကျင်းပမယ့် ရွေးကောက်ပွဲ ဇာတ်ကြောင်းကို စိတ်ယိမ်းမိတယ်ဆိုရင် ကျွန်မတို့ရဲ့ အနာဂတ်ဟာ နတ်ဆိုးလက်ထဲကို ပုံအပ်မိလျက်သား ဖြစ်သွားပါလိမ့်မယ်။ နတ်ဆိုးနဲ့ အလဲအထပ် လုပ်လိုက်တဲ့နေ့ကစပြီး ကျွန်မတို့ အနာဂတ်လည်း တစ်စစီပျက်စီး ပျောက်ကွယ်သွားရတော့မှာပါ။
“ဒီနိုင်ငံမှာ အနာဂတ်ရှိတယ်လို့ ထင်သေးလား” လို့ မေးလာခဲ့ရင် ဖြေစရာက တစ်ခွန်းတည်းပဲ ရှိပါတယ်။ အာဏာရူးနဲ့ အပေါင်းပါတစ်စု အမြစ်ပါမကျန် ပြိုလဲပျက်စီးသွားဖို့ ဇွဲမလျှော့တမ်း ကြိုးစားနေသေးသရွေ့ ဒီနိုင်ငံမှာ အနာဂတ် မျှော်လင့်ချက် မပျက်သုဉ်းသေးပါဘူး။ ဒီလိုမှ မဟုတ်ဘဲ မိစ္ဆာတွေ ပြုသမျှ နုလိုက်တော့မယ်လို့ဆိုရင် အနာဂတ်ပျောက်ပြီး ကျွန်သက်ရှည်ခြင်းဖြစ်သာ ခရီးဆက်ကြရမှာ မလွဲပါဘူး။
ရန်သူကတော့ ရန်သူပီသနေဆဲပါ။ ရန်သူက ရန်သူပီသ,သလို မိတ်ဆွေတွေကလည်း မိတ်ဆွေပီသဖို့ သိပ်ကို အရေးကြီးပါတယ်။
ဒီနိုင်ငံရဲ့ အနာဂတ်ဟာ ပြည်သူတစ်ဦးချင်းစီရဲ့ စိတ်သဘောထား၊ ခံယူချက်၊ ယုံကြည်ချက် အပေါ်မှာပဲ လုံးလုံးလျားလျား မူတည်နေတာမို့ ရန်သူရဲ့ လှည့်ကွက်အလိမ်ဇာတ် ပိုက်ကွန်ထဲ တိုးမဝင်သွားဖို့သာ သတိကြီးကြီးထားရင်း တော်လှန်ခရီးကို ရှေ့ဆက်ကြရအောင်ပါ။ ။
ငြိမ်းပန်
The Tanintharyi Times