ထောင်ထဲက ခရိုနီ
ထောင်ထဲက ခရိုနီ

ကျွန်တော်တို့ တိုက်ခန်းတန်းလျားကို သူ ရောက်လာတော့ တိုက်ခန်းမှာ လူကျန်သိပ်မရှိတော့ချိန်ဖြစ်တယ်။ မှတ် မှတ်ရရ ကျွန်တော် အပါအဝင် ငါးဦးပဲ ကျန်နေချိန်ပေါ့။ တိုက်ခန်းက ၁၂ ခန်းတွဲတိုက်ခန်း။ အရင်ကတော့ တစ်ခန်း ကို နှစ်ယောက် ၊ သုံးယောက် ။
တစ်ခါတလေ လေးယောက် ၊ ငါးယောက်ထိ နေရပေမဲ့ ထောင်ပြောင်းတွေပါ ကုန်ပြီးနောက်ပိုင်း တိုက်တန်းလျားတစ်ခုလုံးမှာမှ ကျွန်တော်တို့ငါးဦးပဲ ကျန်နေရစ်ခဲ့တာဖြစ်တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့ တိုက်ခန်းတန်းလျားကို သူရောက်လာတာ ဖြစ်တယ်။
သူက မြန်မာပြည်စီးပွားရေးလောက ခရိုနီတွေထဲက ခရိုနီတစ်ဦးပါပဲ။ သိုသိုသိပ်သိပ်နေတတ်လို့ အပြင်လောကမှာတော့ သူ့ကိုသိသူနည်းပေမဲ့ စီးပွားရေးသမားလောကထဲမှာတော့ သူပိုင်တဲ့ ဟိုတယ်နာမည်နဲ့အတူ သူကို့လူသိများ ကြတယ်။
သူဟာ အခြားသော ခရိုနီတွေနည်းတူ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့လည်း အတော့်ကိုမှ ပလဲနံပသင့်သူ တစ်ဦး ပါပဲ။ ဒါပေမဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ဘယ်လောက်ပဲ ရင်းနှီး..ရင်းနှီး၊ စစ်ခေါင်းဆောင်တွေကို ဘယ်လောက်ပဲ ပိုင်နိုင် ခင်မင်ပါတယ် ဆို..ဆို စစ်အာဏာရှင်လက်အောက် ဘာမှမသေချာဘူးဆိုတဲ့အတိုင်း သူလည်း သူ့ပိုင်ရာဆိုင်ရာ စစ်ဗိုလ်ချုပ်ကြီးတွေ အပြောင်းအလဲမှာ ဖမ်းဆီးထောင်ချခံခဲ့ရတာဖြစ်ပါတယ်။ အခုကလည်း အရင်နေထိုင်ရတဲ့ တိုက်ခန်းမှာရှိနေတဲ့ စစ်ဗိုလ်ချုပ်တချို့နဲ့ အဆင်မပြေတာမို့ ကျွန်တော်တို့ တိုက်တန်းဘက်ဆီကို ပြောင်းရွှေ့ လာတာပဲ ဖြစ်ပါတယ်။
သူ ပြောင်းလာတော့ မိန်းဂျေးတာဝန်ခံထောင်အရာရှိကိုယ်တိုင် အခန်းထိ ရောက်အောင် သူ့ကို လိုက်ပို့တယ်။ ပုံမှန်ဆိုရင်တော့ ဒီလိုထောင်ပြောင်း၊ အခန်းပြောင်းမျိုးက သာမန်ထောင်ဝါဒါတစ်ယောက်၊ တစ်ခါတစ်ရံ ထောင်ဝါဒါ တောင်မပါဘဲ နှစ်ကြီး အကျဉ်းသားတစ်ယောက်လောက်နဲ့ ပြီးစီးသွားတာမျိုးဖြစ်တယ်။
ဒါပေမဲ့ သူ့ကိုတော့ တာဝန်ခံထောင်အရာရှိကိုယ်တိုင် ဂရုတစိုက်လိုက်ပို့ပေးတဲ့အပြင် သူ့ဝေယျာဝိစ္စတွေကိုလုပ်ကိုင်ပေးဖို့ သာမန်ထောင် ကျအကျဉ်းသားတစ်ယောက်ကိုလည်း အခိုင်းအစေအဖြစ် ထောင်အရာရှိက သူ့ကိုအပ်ထားပေးခဲ့တယ်။
သူ ရောက်လာပြီးနောက်ပိုင်း အချိန်အပိုင်းအခြားနဲ့သာ ဖွင့်ပေးလေ့ရှိတဲ့ တိုက်ခန်းတန်းလျားတံခါးတွေဟာ မနက် ထောင်ဖွင့်ချိန်ကနေ ညနေထောင်ပိတ်ချိန်ထိ အမြဲပွင့်သွားခဲ့တယ်။ ကျွန်တော်တို့လည်းပိုပြီး လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရလာခဲ့တယ်။
တကယ်တော့ ထောင်အာဏာပိုင်တွေဟာ သူ့ကို အကျဉ်းအကျပ် မဖြစ်စေအောင် အခွင့် အရေးပေးထားတာကနေ ကျွန်တော်တို့ပါ လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရလာတာဖြစ်တယ်။
သူကိုယ်တိုင်လည်း တိုက်ခန်းထဲကို ညနေထောင်ပိတ်ချိန်မှသာ ဝင်လေ့ရှိပြီး မနက်ခင်းထောင်ဖွင့်ချိန်ကစလို့ အပြင်မှာပဲ တစ်နေကုန်နေတာဖြစ်တယ်။ ထောင်ကပေးတဲ့ ပုံစံထမင်းကို သူယူတာ၊ စားသောက်တာမျိုး တွေ့ရလေ့ မရှိဘူး။ ထောင်အရာရှိဆီကနေ သူ့အတွက် စိုက်ခင်းမြေနေရာတစ်ခုတောင်းပြီး အဲဒီစိုက်ခင်းမှာ သူကိုယ်တိုင်ဖြစ်ဖြစ်၊ တစ်ခါတလေ သူ့အတွက် ထောင်က အခိုင်းအစေအဖြစ် ခွင့်ပြုပေးထားတဲ့ အကျဉ်းသားတချို့ကို တူးဆွစိုက်ပျိုးဖို့ ညွှန်ကြားနေတာဖြစ်ဖြစ် တစ်နေကုန်ရှိနေတတ်တယ်။ သူ့စိုက်ခင်းအတွက် မျိုးစေ့တွေကို ထောင်ဝါဒါက တစ်ဆင့် ပိုက်ဆံပေးပြီး ဝယ်ခိုင်းလေ့ရှိတယ်။
အကျဉ်းထောင်တွင်းမှာ ပိုက်ဆံမကိုင်ရဘူးလို့ စည်းကမ်းရှိပေမဲ့ အဲဒီစည်းကမ်းက သူ့အတွက် အကျုံးမဝင်ဘူး ဖြစ်တယ်။ သူ့အိမ်က ထောင်ဝင်စာလာလို့ သွားတွေ့ပြီး အပြန်ဆိုရင် ငွေစက္ကူတချို့ကိုင်ပြီး လမ်းမှာတွေ့သမျှ ထောင်ဝါဒါတွေကို မုန့်ဖိုးဆို ပေးလေ့ရှိတယ်။
သူ့အိမ်ကပို့ပေးတဲ့ ထောင်ဝင်စာကို အကျဉ်းသားနှစ်ယောက်က သူ့ နောက်ကနေ တစ်ခါတည်း အိတ်ဆွဲလိုက်လာရတယ်။ ထောင်ဝင်စာအိတ်ဆိုတာကလည်း အကန့်အသတ်မဲ့ တနင့်တပိုးပါပဲ။ အဲဒီလိုအချိန်ဆိုရင် သူ့ထောင်ဝင်စာထဲက တချို့တစ်ဝက်ကို ကျွန်တော်တို့ကိုခွဲဝေမျှပေးလေ့ရှိတယ်။ သူ ဝေမျှ ပေးလေ့ရှိတဲ့ အနည်းအကျဉ်းက ကျွန်တော်တို့ ထောင်ဝင်စာလာလေ့ရှိတဲ့ တစ်ပတ်စာလောက်ရှိတတ်တယ်။
အဲဒီအထဲ အခြောက်အခြမ်းဆိုတာမျိုးထက် ချက်ပြုတ်ထားတဲ့ အသား၊ ငါး ဟင်းလျာတွေက ပိုများလေ့ရှိတယ်။ အဲ ဒီလို ထောင်ဝင်စာလာပြီး ခဏနေဆို ထောင်ဝါဒါတစ်ယောက် သူ့ဆီရောက်လာတတ်တယ်။ သူက ထောင်ဝင်စာ ထဲက သူ့အတွက် လိုအပ်တာတချို့ကိုသာ ယူထားပြီး ကျန်တာတွေကို အဲဒီထောင်ဝါဒါကို ပေးလိုက်လေ့ရှိတယ်။ နောက်မှ ပြန်သိရတာက အဲဒီထောင်ဝါဒါက သူအတွက် သူ့ထောင်ဝင်စာတွေကို စီမံချက်ပြုတ်ပြီး မနက်စာ ၊ ညစာ ကို ပို့ပေးရတယ် ဆိုတာပါပဲ။ ဒါကြောင့် သူက ထောင်ကပေးတဲ့ ပုံစံထမင်းကို ယူလေ့မရှိတာဘဲဖြစ်တယ်။
သူရောက်လာပြီးနောက်ပိုင်း ကျွန်တော်တို့ တိုက်ခန်းတန်းလျားရှေ့မျက်နှာစာ မြေကွက်လပ်ဟာလည်း အပြောင်း အလဲဖြစ်လာခဲ့တယ်။
မြေကွက်လပ်က ၁၀ ပေ ၊ ပေ ၂၀ လောက်အကျယ်အရှည်ရှိတယ်။ ပုံမှန်တော့ အဲဒီမြေကွက်လပ်က ကျွန်တော်တို့ကို ၁၅ မိနစ်ခန့် လမ်းလျှောက်ခွင့်ပြုတဲ့ ဧရိယာဆိုပေမဲ့ သူရောက်လာပြီး နောက်ပိုင်းမှာတော့ အဲဒီမြေကွက်လပ်မှာ သူဟာ အလှမြက်မျိုးတွေကို ဝယ်ယူပြီးစိုက်ပျိုးတာပါပဲ။
မစိုက်ပျိုးခင်မှာ မြေကွက် လပ်ကို သေချာညီညာအောင် ဒလိမ့်တုန်းနဲ့ တစ်ခါတစ်ရံ သူကိုယ်တိုင်၊ တစ်ခါတစ်ရံ သူ့လူတွေကို ခိုင်းစေပြီး စိတ်တိုင်းမကျမချင်း ညှိတော့တာပါပဲ။ သူ့စိတ်တိုင်းကျ မြေညှိပြီးချိန်မှာ အလှမြက်မျိုးတွေကို အပြည့်စိုက်ပြီး ညနေ ဆိုရင် သူကိုယ်တိုင် ကျကျနနကို ရေလောင်းတာပါပဲ။
တစ်လလောက်နေတော့ တိုက်ခန်းတန်းလျားရှေ့မြေကွက်လပ်ဟာ ရှုချင်စဖွယ် မြက်ခင်းပြင်တစ်ခု ဖြစ်လာပါတယ်။ တစ်ရက်တော့ သူက ကျွန်တော့်ကို သူ့အခန်းဘက်ဆီ ခဏလာဖို့ ခေါ်ရင်း သောက်ဖို့ဆိုပြီး ခွက်တစ်ခု ပေးပါတယ်။ ဝိုင်လေးပါဗျာ၊ အိမ်ကလာတုန်းက ပါလာတာဗျလို့ ခွက်ကို ကျွန်တော့်ဆီကမ်းပေးရင်း သူကဆိုတယ်။ ကျွန်တော်တို့ ငါးယောက်ထဲမှာ ကျွန်တော့်တစ်ဦးထဲကိုပဲ သူက အားလုံးကိုယ်စားပြောဆိုဆက်ဆံလေ့ပြီး သူလုပ်ချင်တာ တစ်ခုခုရှိရင်လည်း ကျွန်တော်တို့ရဲ့ သဘောထားကို ကျွန်တော်ကတစ်ဆင့် မေးမြန်းလေ့ရှိတယ်။
အခုလည်း ကျွန်တော့်ကို ဝိုင်တိုက်ရင်း သူဖန်တီးထားတဲ့ တိုက်တန်းလျားရှေ့ မြက်ခင်းပြင်မှာ ဂေါ့ဖ်ရိုက်ချင်ရင် စီစဉ်ပေးမယ်လို့ သူက ဆိုလာတယ်။ သူကိုယ်တိုင်လည်း အကျဉ်းထောင်ထဲမှာ ဂေါ့ဖ်ရိုက်ပြီး အပန်းဖြေချင်ပုံပါပဲ။ ဂေါ့ဖ်ကိစ္စကို ကျွန်တော်ကိုယ်တိုင်လည်း စိတ်မဝင်စားတဲ့အပြင် မလုပ်သင့်တဲ့ကိစ္စလို့ ထင်တာမို့မရိုက်ချင် ကြောင်းနဲ့ သူရိုက်ချင်ရင်အားမနာဘဲ လွတ်လွတ်လပ်လပ် စီစဉ်လုပ်ဆောင်နိုင်ကြောင်း ပြန်ပြောမိတယ်။
အဲဒီနောက်ပိုင်း ဂေါ့ဖ်ကိစ္စသူ့ဆီက ဘာထပ်ပြောသံမှ ထပ်မကြားရတော့ပေမဲ့ ညနေခင်းရေလောင်းပြီးချိန်ဆို ဂေါ့ဖ်ရိုက်ဟန် ကိုယ်နေဟန်ထားအပြည့်နဲ့ လက်လွှဲရိုက်နေလေ့ရှိတဲ့ သူ့ကို အမြဲလိုတွေ့ရတတ်တယ်။ အဲဒီနောက်မကြာမီ ကျွန်တော်တို့အားလုံးလည်း ထောင်ပြောင်းရွှေ့ခံခဲ့ရတာမို့ သူ့ရဲ့ ဂေါ့ဖ်အိပ်မက်ကို တိုက်ခန်းတန်းလျားရှေ့ မြက်ခင်းပြင်မှာ သူတကယ်အကောင်အထည်ဖော်နိုင်ခဲ့လား၊ ဒါမှမဟုတ် ညနေရီထောင်ပိတ်ချိန်မတိုင်မီ ဂေါ့ဖ်ရိုက် ဟန် ကိုယ်နေဟန်ထားအပြည့်နဲ့ပဲ ရသေ့စိတ်ဖြေ လက်လွှဲရိုက်နေတုန်းပဲလားဆိုတာကိုတော့ မသိနိုင်ခဲ့တော့ပါဘူး။
ညီမင်းဆက်
The Tanintharyi Times