တနင်္သာရီ၊ ညောင်ပင်ကွင်းရွာအခြေစိုက် တပ်ရင်းအနီးတဝိုက်က ရော်ဘာခြံတွေကို စစ်ကောင်စီတပ်က အလုပ်လုပ်ခွင့်ပိတ်

တနင်္သာရီ၊ ညောင်ပင်ကွင်းရွာအခြေစိုက် တပ်ရင်းအနီးတဝိုက်က ရော်ဘာခြံတွေကို စစ်ကောင်စီတပ်က အလုပ်လုပ်ခွင့်ပိတ်

ဓာတ်ပုံ - CIFOR

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းအနီးတဝိုက်က ရော်ဘာခြံတွေ အလုပ်ပိတ်သိမ်းဖို့ ခြံပိုင်ရှင်တွေကို တပ်ဘက်က ပြောဆိုတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခြံတွေ ပိတ်ပြီး အလုပ်ရပ်ဖို့ကို ပျူစောထီးအဖွဲ့ဝင်ဆိုသူတွေက လိုက်လံပြောဆိုတာရှိသလို တချို့ ခြံရှင်တွေကိုတော့ ခြေမြန်တပ်ရင်း ခမရ(၅၆၁) ကိုခေါ်ယူပြီး သတိပေးတာမျိုးလည်းလုပ်ဆောင်နေတာလို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက ပြောပါတယ်။ မနေ့ကတစ်နေ့တည်းမှာတင် ရော်ဘာခြံရှင် ၁၀ ဦးခန့်ကို ခေါ်ယူသတိပေးထားပြီးပြီလို့ သိရပါတယ်။

တပ်ရင်းတဝိုက်မှာ လုံခြုံရေးအရ မိုင်းထောင်ပြီး ကန့်သတ်နယ်မြေသတ်မှတ်တယ်ဆိုတဲ့ လျှို့ဝှက်စာတစ်စောင်ပေါက်ကြားပြီးနောက်တစ်ရက်မှာပဲ ခြံပိုင်ရှင်တွေကို စစ် ကောင်စီတပ်ကခေါ်ပြီး ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

“လျှို့ဝှက်အမိန့်စာပြပြီး လုံခြုံရေးအရမိုင်းထောင်ထားတယ်လို့ ပြောတယ်။ လျှို့ဝှက်စာပေါက်ကြားပြီး ဒေါသတော်တော်ထွက်နေကြတယ်။” လို့လည်း စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က တပ်ဧရိယာကျော်ပြီးမိုင်းထောင်းတဲ့ကိစ္စက ရော်ဘာခြံရှင်နဲ့ အလုပ်သမားတွေကို ထိခိုက်နစ်နာစေတယ်လို့ ရော်ဘာခြံလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုနေသူတွေက ပြောကြပါတယ်။

ဒေသတွင်း ရော်ဘာခြံရှင်တစ်ဦးကတော့ “အလုပ်ရပ်နားရလို့ မကျေနပ်ဘူးလို့တော့ ခုခေတ်မှာ ဘယ်သူ့ကိုမှ သွားတိုင်လို့မှ မရတာ။ ပြောလို့လည်း မရတာ။ စစ်ရေးအရ သူတို့ဘက်ကလုပ်တဲ့ဟာတွေကို စောဒကပဲ သွားတက်လို့မှမရတာ။ ဒီတိုင်းပဲနေရတာပေါ့” လို့ ပြောပါတယ်။

ရော်ဘာစခြစ်တဲ့ ပွင့်လင်းရာသီမှာ အခုလိုအလုပ်လုပ်ခွင့်ပိတ်လိုက်တာကြောင့် ခြံလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်သွားခဲ့ရပါတယ်။ ရော်ဘာလုပ်ငန်းသဘောအရ ရော်ဘာအစေး မခြစ်ခင်ကတည်းက လုပ်သားကြိုရှာထားရတာဖြစ်ပြီး လုပ်ငန်းခွင်ရုတ်တရက် ရပ်နားသွားရင် အလုပ်သမားတွေအနေနဲ့ လုပ်ငန်းနောက်တစ်ခုချက်ချင်းရှာဖို့ လုံးဝမလွယ်ဘူးလို့ ခြံပိုင်ရှင်က ရှင်းပြပါတယ်။

တနင်္သာရီတိုင်းအတွင်းက စစ်အုပ်ချုပ်ရေးမြို့နယ်နှစ်ခုဖြစ်တဲ့ တနင်္သာရီမြို့နယ်နဲ့ ပုလောမြို့နယ်တွေဟာ အရပ်သားတွေ မိုင်းမတော်တဆနင်းမိပြီး ထိခိုက်၊ သေဆုံးမှု ရှိတဲ့မြို့နယ်တွေဖြစ်ပါတယ်။

The Tanintharyi Times