ရှမ်းမြောက်မှာပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား၁၆၀ ကျော်ကို တရုတ်ကတဆင့် ပြန်ခေါ်ဖို့ ထိုင်းစီစဉ်
ရှမ်းမြောက်မှာပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား၁၆၀ ကျော်ကို တရုတ်ကတဆင့် ပြန်ခေါ်ဖို့ ထိုင်းစီစဉ်
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့နယ်က တရားမဝင် အွန်လိုင်းလောင်းကစားဂိုဏ်းတွေမှာ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၀ ကျော်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကတဆင့် ပြန်လည်ခေါ်ဆောင်မယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Parnpree Bahiddha-Nukara က ပြောတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံသား ၁၆၂ ဦးကို ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ လောက်ကိုင်မြို့ကနေ ဘေးကင်းရာကို ကယ်ဆယ် ရွှေ့ပြောင်းထားပြီး နိုင်ငံသားစိစစ်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အားလုံးစစ်ဆေးပြီးရင် လောက်ကိုင်ကနေ နှစ်မိုင်ကျော်လောက်အကွာမှာရှိတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်းချန်းမြို့ကို ခေါ် ဆောင်သွားမှာဖြစ်ပြီး ၁၆၀ ကျော်ထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေပါရှိကာ အားလုံးဘေးကင်းတယ်လို့ ဝန်ကြီးက မနေ့က ပြောပါတယ်။
၎င်းတို့ဟာ မြန်မာနိုင်ငံကို တရားမ၀င်ဝင် ရောက်လာတာဖြစ်ပေမယ့် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူမခံရအောင်အာဏာပိုင်တွေက သဘောတူထားတယ်လို့ ထိုင်းဒုရဲချုပ် ဆူရာချက်က ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းက အွန်လိုင်း ငွေလိမ်ရာဇဝတ်ဂိုဏ်းတွေထံ ရောက်နေတဲ့ ထိုင်းတွေကို ပြန်လည်ခေါ်ဆောင်ဖို့ကို ထိုင်းအစိုးရက နိုဝင်ဘာလဆန်းမှာကတည်းက ပြောနေခဲ့တာပါ။

မြောက်ပိုင်းညီနောင်မဟာမိတ်တွေရဲ့ “၁၀၂၇ စစ်ဆင်ရေး” စတင်ချိန်မှာတော့ ရှမ်းပြည် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ထိုင်းတွေနဲ့အတူ နိုင်ငံခြားသား ငါးရာလောက်လည်း ကိုးကန့်ဒေသမှာ ပိတ်မိနေတယ်လို့ Thai PBS က အခုလ ၃ ရက်နေ့က သတင်းဖော်ပြပါတယ်။
ကိုးကန့်ဒေသ လောက်ကိုင်မှာ လာရောက် အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံအတွင်း တခြားဒေသက လူငါးကျော်လောက်ဟာလည်း လောက်ကိုင်နဲ့ ချင်းရွှေဟော်မြို့ကြားမှာ ပိတ်မိနေပြီး စားသောက်စရာနဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသအခြေစိုက် မီဒီယာတွေကဖော်ပြထားပါတယ်။
The Tanintharyi Times
