မြန်မာကို ကုန်သွယ်ခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမယ်လို့ စစ်ခေါင်းဆောင်ကို ထရမ့်စာပို့

မြန်မာကို ကုန်သွယ်ခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမယ်လို့ စစ်ခေါင်းဆောင်ကို ထရမ့်စာပို့

◼ မြန်မာ၊ လာအို နဲ့ ထိုင်းအပါအဝင် ၁၄ နိုင်ငံကို အခွန်တိုးမြှင့်ကောက်ခံမယ်လို့ ထရမ့်အစိုးရ ကြေညာ

မြန်မာနိုင်ငံကနေ အမေရိကန်ကို တင်ပို့တဲ့ ပို့ကုန်တွေအတွက် အခွန် ၄၀ ရာခိုင်နှုန်း‌ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို စာပို့ခဲ့ကြောင်း အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

အဲ့ဒီ အခွန်နှုန်းထားသစ်ဟာ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ကစတင်အသက်ဝင်မှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်တွေအရသိရပါတယ်။

ထရမ့် က မြန်မာစစ်ခေါင်းဆောင်ထံပို့တဲ့ စာထဲမှာ မြန်မာက ပို့ကုန်တင်ပို့တဲ့အခါ အခွန်လျော့နည်းသက်သာအောင် တခြားနိုင်ငံတွေကတဆင့် တင်ပို့ရင်လည်း အမေရိကန်က အခွန်စည်းကြပ်မှုတွေ ထပ်တိုးလုပ်ဆောင်သွားမယ်လို့ သတိပေးထားပါတယ်။

ထရမ့် က အခွန်တိုးမြှင့်မယ်လို့ကြေညာထားတဲ့အထဲမှာ မြန်မာအပြင် လာအို၊ ထိုင်း ၊ ကမ္ဘောဒီယား၊ မလေးရှား၊အင်ဒိုနီးရှား စတဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ နိုင်ငံပေါင်း ၁၄ နိုင်ငံပါဝင်ပါတယ်။

မြန်မာ နဲ့ လာအိုကိုတော့ အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံသွားမှာဖြစ်ပြီး ဒါဟာ ၁၄ နိုင်ငံလုံးမှာ အမြှင့်ဆုံးနှုန်းထားလည်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံကိုတော့ ၃၆ ရာခိုင်နှုန်းကောက်ခံမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီကုန်သွယ်ခွန်နှုန်းထားသစ်တိုးမြှင့်မယ့် အပေါ် သက်ဆိုင်နိုင်ငံရဲ့ အစိုးရတွေဆီ စာပို့ထားတယ်လို့ ထရမ့်က သူရဲ့ လူမှုကွန်ရက်တဆင့် အသိပေးထားတာဖြစ်ပါတယ်။

မြန်မာ ကိုကုန်သွယ်ခွန် ၄၀ ရာခိုင်နှုန်း အထိကောက်ခံတာတောင် မြန်မာ နဲ့ အမေရိကန် နှစ်နိုင်ငံကုန်သွယ်မှု လိုငွေ ကွာဟမှု များနေသေးတယ်လို့ ထရမ့်ကပြောပါတယ်။

ထရမ့်က အစိုးရအသီးသီးဆီပေးပို့တဲ့စာထဲမှာ အမေရိကန်ရဲ့ ပို့ကုန်တွေ ကိုအခွန်တိုးမြှင့်စည်းကြပ်ဖို့ လုပ်ဆောင်ပါက အဲ့ဒီနိုင်ငံရဲ့ ကုန်သွယ်ခွန် တိုးမြှင့်တဲ့ရာခိုင်နှုန်းအတိုင်း အမေရိကန် က ထပ်ဆင့် တိုးမြှင့်ကောက်ခံမယ်လို့ လည်း ဆိုပါတယ်။

ဂျပန် နဲ့ တောင်ကိုးရီးယား နိုင်ငံတွေကိုတော့ ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမယ်လို့လည်း ထရမ့် ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခွန်တိုးမြှင့် ကောက်ခံမယ့် နိုင်ငံတွေထဲမှာ ဘင်္ဂလားဒေ့ရှ်၊ ကာဇက်စတန်၊ ဆားဘီးယား၊ တူနီးရှား စတဲ့နိုင်ငံတွေလည်းပါဝင်ပါတယ်။

ကိုးကား – CNN

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times