တစ်ပတ်တာ မြန်မာ
တစ်ပတ်တာ မြန်မာ

နိုင်ငံတဝှမ်းမှာ ဇွန် ၁ ရက်ကနေ ၇ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ် ဆယ့်တစ်ခုကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
၁။ ငလျင်ကြောင့် အိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသား ၅၀ နီးပါး သေဆုံးခဲ့လို့ PPNM ထုတ်ပြန်
မတ် ၂၈ ရက်က လှုပ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးဖြစ်စဥ်မှာ မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်ပြိုကျလို့ သေဆုံးသူ အကျဉ်းသား ၇၀ ကျော်ရှိပြီး အဲ့ဒီမှာ နိုင်ငံရေး အကျဉ်းသား/အကျဉ်းသူ ၅၀ နီးပါး ပါဝင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။ ငလျင်လှုပ်ခတ်ပြီး နှစ်လကျော်ကြာရှိနေပေမယ့် အိုးဘိုအကျဉ်းထောင်မှာ ငလျင်ဒဏ်ကြောင့် သေဆုံးတာတွေကို စစ်ကောင်စီက ထုတ်ဖော်ပြောတာ မရှိခဲ့ပါဘူး။ သေဆုံးသွားတဲ့ နိုင်ငံရေး အကျဥ်းသားတွေရဲ့ မိသားစုဝင် တဝက်လောက်ကပဲ သူတို့သေဆုံးတာကို သိကြတယ်လို့ PPNM ကဆိုပါတယ်။ ဒါကြောင့် စောင့်ကြည့်ပြီး စာရင်းကောက်ယူ ထုတ်ပြန်လာတဲ့ PPNMက သေဆုံးသူတွေရဲ့ နာမည်နဲ့ အမှုတွေကို ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။
၂။ သေ့ဘောဘိုးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် လက်နက်ချ
ထိုင်း-မြန်မာနယ်စပ်မှာရှိပြီး ကရင်ပြည်နယ်ထဲက သေ့ဘောဘိုး မဆုတ်တမ်းခံစစ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၂ ဦး လက်နက်ချခဲ့တယ်လို့ ဘီဘီစီက သတင်းဖော်ပြပါတယ်။ စခန်းကို အခုလ ၃ ရက် ညနေပိုင်းမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်(KNLA) နဲ့ PDF ပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ၁၂၀ မမ လက်နက်ကြီးတွေအပြင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ Cobra Column 2 VENOM က ဓာတ်ပုံတွေနဲ့အတူ သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာ ထိုင်းဘက် ထွက်ပြေးခဲ့တာလည်း ရှိခဲ့ပြီး ထိုင်းစစ်တပ်က စစ်ဆေးခေါ်ဆောင်ကာ စစ်ကောင်စီနယ်ခြားစောင့်တပ်ဆီ ပြန်လွှဲပေးခဲ့ပါတယ်။

၃။ မြောက်ပိုင်းညီနောင် သုံးဖွဲ့ ဇွန်လကုန်အထိ အပစ်ရပ်ကာလ ထပ်တိုး
မတ်လ ၂၈ ရက် ငလျင် နောက်ဆက်တွဲ ဆက်စပ်လုပ်ငန်းတွေ လုပ်နိုင်ဖို့ အပစ်ရပ်ကာလကို တစ်လနီးပါး ထပ်တိုးလိုက်တယ်လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်လာပါတယ်။ ရက္ခိုင့်တပ်တော်(AA)၊ တအာင်းတပ်(TNLA) နဲ့ ကိုးကန့်တပ်(MNDAA)တို့ ပါဝင်တဲ့ မဟာမိတ် သုံးဖွဲ့ဟာ ဇွန် ၂ ရက်ကနေ ၃၀ ရက်အထိ သက်တမ်းတိုးလိုက်တာပါ။ ငလျင်ပြီးနောက် ရှင်းလင်းဖယ်ရှားရေးတွေ မပြီးသေးတဲ့အပြင် ထပ်မံပြိုကျတဲ့ အဆောက်အအုံတွေရှိတာကြောင့် ငလျင်နောက်ဆက်တွဲ ဆက်စပ်လုပ်ငန်းတွေအတွက် အချိန်ထပ်ရအောင် တိုးလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စစ်ကောင်စီဘက်ကလည်း အခုလကုန်အထိ အပစ်ရပ် တယ်လို့ ၁ရက်နေ့က ထုတ်ထားပါတယ်။ ကြေညာချက်တွေထုတ်နေပေမယ့် တအာင်းနဲ့ ရခိုင်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။
၄။ နောင်ချိုမှာ စစ်ကောင်စီဘက်က အင်အားတိုးချဲ့နေလို့ နောင်ချိုလူထု စစ်ရေးသတိရှိဖို့ TNLA ပြော
တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့ထဲက တောင်ခမ်းရွာတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။ စစ်ကောင်စီတပ်က ထိုးစစ်ဆင်ပြီး နောင်ချိုမြို့ပေါ်ကို ဆက်တိုးလာတာကြောင့် ခုခံတိုက်ပွဲတွေဖြစ်နေရတာလို့ TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ဘီဘီစီကို ပြောပါတယ်။ နောင်ချိုနဲ့ တောင်ခမ်းကိုပြန်ရဖို့ စစ်ကောင်စီတပ်က ရှမ်းတောင် ရပ်စောက်-ကျောက်ဂူဘက်ကနေ စစ်ကူတွေလွှတ်ပြီး တောင်ခမ်းတဝိုက်မှာ စစ်အင်အားတိုးချဲ့တာလည်းလုပ်နေတယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံလူထုအနေနဲ့ စစ်ရေးသတိအမြဲရှိဖို့နဲ့ လုံခြုံရေးကို ဂရုစိုက်ဖို့ ဇွန် ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ လွေးယေဦးက တိုက်တွန်းထားပါတယ်။
၅။ လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂၀ ကျော်သေဆုံး
ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းက သပြေကုန်းရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အယောက် ၂၀ သေဆုံးခဲ့တယ်လို့ KNDF ဗျူဟာအမှတ် ၂ က အခုလ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုကို KNDF ဗျူဟာအမှတ် ၂ နဲ့ မဟာမိတ်တပ်ဖွဲ့ဝင် တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီဘက်က စစ်ကူတွေရောက်လာတဲ့အတွက် ၎င်းတို့ကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က အယောက် ၂၀ သေဆုံးပြီး လက်နက်ခဲယမ်းအနေနဲ့ MA-1 ၅ လက်၊ AK-47 ၁ လက်၊ MA-4 ၁ လက်၊ RPG ၁ လက်နဲ့ တခြား လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိသလို တော်လှန်ရေးအင်အားစုဘက်က ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
၆။ ဗန်းမောက် အထူးသယံဇာတအဖွဲ့ကို NUG ကာကွယ် ရေး စီးနင်းဖမ်းဆီး
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်က ပြည်ထောင်စုအထူး သယံဇာတအဖွဲ့က အလွဲသုံးစားမှုတွေ ပြုလုပ်နေတဲ့အတွက် NUGကာကွယ်ရေးဝန်ကြီးဌာန(MOD)က အခုလ ၃ ရက်နေ့ ညပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ဖမ်းဆီးချိန်မှာ အဖွဲ့ထံကနေ ရွှေချောင်းအချို့နဲ့ ငွေကျပ်သိန်းတစ်သောင်းခြောက်ထောင်ကျော် သိမ်းဆည်းခဲ့ကြောင်း ဗန်းမောက်မြို့နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနနဲ့ နီးစပ်သူက People’s Spring ကို ပြောပါတယ်။ ဗန်းမောက် မြို့နယ်က ထွက်ရှိတဲ့ သယံဇာတတွေကို စီမံခန့်ခွဲဖို့အတွက် NUGအစိုးရရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ မတ်လမှာ အဲ့ဒီအဖွဲ့ကို ဖွဲ့စည်းပေးခဲ့တာပါ။ NUG ဝန်ကြီးချုပ်ရုံး ပြော ရေးဆိုခွင့်ရှိသူ ဦး နေဘုန်းလတ်က ဗန်း မောက်မြို့နယ် အထူးသယံဇာတအဖွဲ့နဲ့ ပတ်သက်ပြီး တိုင်စာတွေအရ စုံစမ်းစစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ပြောပါတယ်။ ဗန်းမောက်မြို့နယ်မှာ ရွှေတူးဖော်ရေး လုပ်ငန်းတွေ အပြင် သံရိုင်း၊ ခဲ၊ ဘော်၊ ကြေး၊ ရွှေဖြူ စတဲ့ သတ္တုတွေထွက်ရှိပြီး NUG ရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက စီမံခန့်ခွဲနေပါတယ်။
၇။ မြန်မာစစ်တပ်ကို ပစ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ILO ချမှတ်
မြန်မာစစ်တပ်ကို ပစ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်(ILO)က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ အခုလ ၅ ရက်က ပြုလုပ်တဲ့အစည်းအဝေးမှာ ချမှတ်လိုက်ပါတယ်။ မြန်မာအလုပ်သမားတွေပေါ် စစ်တပ်ရဲ့ ဖိနှိပ်ချိုးဖောက်မှုတွေကို ဆက်မလုပ်နိုင်အောင် နိုင်ငံတကာ အစိုးရတွေ၊ လုပ်ငန်းရှင်တွေနဲ့ စစ်တပ်နဲ့ ဆက်နွှယ်မှုတွေကို ပြန်လည်ဆန်းစစ်ကြဖို့ ချမှတ်လိုက်တာလို့ အဲဒီဆုံးဖြတ်ချက်မှာ ပါရှိပါတယ်။ မြန်မာအတွက် ILO ပုဒ်မ ၃၃ ကို ကျင့်သုံးဖို့ ဆုံးဖြတ်ရာကနေ အခုဆုံးဖြတ်ချက် ထွက်ပေါ်လာပဲ ဖြစ်ပါတယ်။ ILO ပုဒ်မ ၃၃ ကို မြန်မာအတွက် ၂၀၀၀ ပြည့်နှစ်ကလည်း ကျင့်သုံးဖူးပြီး အခုက နှစ်ကြိမ် မြောက်ပါ။

၈။ မြန်မာကို အမေရိကန်က ပြည်ဝင်ခွင့်ပိတ်
အမေရိကန်ကိုရောက်ပြီးတဲ့နောက် ရက်ကျော်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေများပြားနေတာကြောင့် မြန်မာကို ပြည်ဝင်ခွင့်ပိတ်တဲ့စာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ အိမ်ဖြူတော်က အခုလ ၄ ရက်က ထုတ်ပြန်ပါတယ်။ အလည်အပတ်ဗီဇာနဲ့ ပညာရေးဗီဇာတွေကို အများဆုံးကျော်လွန်နေထိုင်သူတွေလို့ နားလည်ရပြီး ပညာသင်ကြားရေး၊ သက်မွေးပညာ၊ ပညာဖလှယ်ရေးစတဲ့ ဗီဇာကိုင်ဆောင်သူတွေကနေ ရက်လွန် နေထိုင်သူ ၄၂ ဒသမ ၁၇ ရာခိုင်နှုန်းရှိပြီး စီးပွားရေးဆိုင်ရာဗီဇာ၊ ခရီးသွားဗီဇာနဲ့ ရက်ကျော်နေထိုင်သူက ၂၇ ဒသမ ၇ ရာခိုင်နှုန်း အထိရှိတယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတထရမ့်က လက်မှတ်ရေးထိုးပြီး ပြည်ဝင်ခွင့်တားမြစ်လိုက်တဲ့ အထဲမှာ မြန်မာအပြင်အာဖဂန်နစ္စတန်၊ ချက်၊ ကွန်ဂို၊ အီကွေတာတို့ရား ဂီနီ၊ အီရီတရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယား၊ ဆူဒန် နဲ့ ယီမင်နိုင်ငံတွေ ပါဝင်ပါတယ်။ လာအို၊ ဗင်နီဇွဲလား အပါအဝင် ၇ နိုင်ငံ ကတော့ အမေရိကန်ပြည်ဝင်ခွင့် တစိတ်တပိုင်းပိတ်တဲ့ နိုင်ငံစာရင်းထဲ ပါပါတယ်။
၉။ မြန်မာစီးပွားရေးလုပ်ငန်းရှင်နဲ့ မိသားစုတွေကို ရက်ရှည်နေနိုင်တဲ့ဗီဇာတွေ တရုတ်ခွင့်ပြု
မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်နဲ့ မိသားစုတွေကို ရက်ရှည်နေနိုင်တဲ့ ဗီဇာအမျိုးအစားတွေကို စိစစ်ခွင့်ပြုပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေ၊ သူတို့ရဲ့ အိမ်ထောင်ဖက်နဲ့ သားသမီးတွေအတွက် အကြိမ်ကြိမ် ဝင်ထွက်သွားလာနိုင်တဲ့ (Multiple Entry) နဲ့ ၅ နှစ်အထိ နေနိုင်တဲ့ ဗီဇာ၊ ရက်ပေါင်း ၁၈၀ (ခြောက်လ) နေထိုင်ခွင့်ရှိတဲ့ ဗီဇာတွေကို ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီဗီဇာတွေကို အခုလ ၉ ရက်ကနေ စပြီး ခွင့်ပြုပေးမှာပါ။ မန္တလေးကောင်စစ် ဝန်ချုပ်ရုံးကတော့ ဝန်ဆောင်မှုတွေ ပြန်မရသေးဘူးလို့ သိရပါတယ်။
၁၀။ မြန်မာ့ရွှေဈေး ကျပ် ၇၇ သိန်းကျော်နဲ့ စံချိန်တင်မြင့်တက်
မြန်မာပြည်တွင်းရွှေဈေးဟာ ဒီတစ်ပတ်အတွင်းမှာ ကျပ် ၇,၇၆၀,၀၀၀ အထိ မြင့်တက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရွှေ လုပ်ငန်းရှင်များအသင်းရဲ့ ရည်ညွှန်းဈေးကတော့ ငွေကျပ် ၅,၈၀၀,၀၀၀ သိန်းလောက်သာ ရှိတာကြောင့် ရည်ညွှန်းဈေးနဲ့ ပြင်ပပေါက်ဈေးက သိန်း ၂၀ ဝန်းကျင်ကွာဟနေပါတယ်။ မြန်မာ့ရွှေဈေးဟာ ပြီးခဲ့တဲ့နှစ် ကာလတူပေါက်ဈေးနဲ့ နှိုင်းယှဥ်ရင်လည်း ၂၅ သိန်းကျော် မြင့် တက်လာခဲ့တာ ဖြစ်ပါတယ်။
၁၁။ ညောင်ဦးမှာ PDF ကို ဝန်ထမ်းကတ်ထုတ်ပြတဲ့ စစ်ဆေးအရာရှိနှစ်ဦး အဖမ်းခံရ
ညောင်ဦးမှာ PDF တွေကိုစစ်ကောင်စီတပ်ထင်ပြီး ဝန်ထမ်းကတ်ထုတ်ပြတဲ့ စစ်ဆေးအရာရှိနှစ်ဦး ပြီးခဲ့တဲ့လ ၂၀ ရက် အဖမ်းခံလိုက်ရပါတယ်။ ညောင်ဦး-ချောက် ကားလမ်းပိုင်းတနေရာမှာ ကာကွယ်ရေးအဖွဲ့တွေကအရပ်ဝတ်နဲ့ စစ်ဆေးနေတဲ့အချိန် ချောက်ဘက်ကို မောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးကို စစ်ဆေးချိန်မှာ ကားပေါ်ပါလာသူ နေပြည်တော်က ကျန်းမာရေးနဲ့ ရောဂါနှိမ်နင်းရေးတပ်(ကရတ)ကသူနာပြုဗိုလ်ကြီး ညီညီမျိုးဆွေ နဲ့ ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို အရပ်ဝတ်နဲ့ ဖမ်းဆီးရမိခဲ့တာလို့ Bagan Bo Cho PDF အဖွဲ့ တာဝန်ရှိသူက People’s Spring ကို ပြောပါတယ်။သူတို့နှစ်ဦးရဲ့ စိစစ်ရေးကတ်၊ ယူနီဖောင်းတချို့နဲ့ အိမ်စီးကားကို သိမ်းဆည်းခဲ့ပြီး စစ်သုံ့ပန်း ဥပဒေအရ သက်ဆိုင်ရာ ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံထံဆီ လွှဲအပ်ထားတယ်လို့ သိရပါတယ်။

The Tanintharyi Times