ပုလောဂျင့်ဂါရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်
ပုလောဂျင့်ဂါရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်
စစ်ကောင်စီတပ်တွေဟာ ဒီနေ့မနက်ပိုင်းက မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာအုပ်စုက ဂျင့်ဂါရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်သား တစ်ရာနီးပါးရှိတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့မနက် ၈ နာရီကျော်ကျော်လောက်မှာ ဂျင့်ဂါရွာကိုရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။
နံနက် ၉ နာရီဝန်းကျင်ကစပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေရှိတယ်လို့ယူဆတဲ့ နေရာတွေဘက်ကို လေယာဥ်နဲ့ကင်းထောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။
မွန်းလွဲနှစ်နာရီဝန်းကျင်မှာတော့ပစ်ခတ်သံတွေပြန်လည်ငြိမ်သက်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်လာတာနဲ့အတူ လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်နေတာကြောင့် ဂျင့်ဂါရွာနဲ့အနီးတစ်ဝိုက်ရွာတွေကပြည်သူတွေထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
“ရွာနားရောက်လာပြီဆို ကြားကတည်းက အကုန်ပြေးကြတာ။ ကျနော်လည်း အခုပြေးနေရတယ်”ပုလောမြို့ဖက်သို့ ထွက်ပြေးလာသူ ဂျင့်ဂါရွာသားအမျိုးသား တစ်ဦးကပြောပါတယ်။
ပုလောမြို့ အရှေ့ဘက်ရှိ နန်းတောင်ကျေးရွာအုပ်စု၊ပုလောကုန်းကျေးရွာအုပ်စုနဲ့ရေရှမ်းကျေးရွာတွေဟာ KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေအတွင်းတည်ရှိပြီး နှစ်ဘက်တိုက်ပွဲတွေကြောင့် ဒေသခံတွေ မကြာခဏ ထွက်ပြေးရလေ့ရှိပါတယ်။
The Tanintharyi Times
