တော်လှန်ရေးမှတစ်ပါး အခြားမရှိ
တော်လှန်ရေးမှတစ်ပါး အခြားမရှိ
အသက်ငင်နေတဲ့ အမိမြေမှာ
လွတ်လပ်ငွေ့သမ်းတဲ့ လေတစ်စက် ရှူရဖို့အရေး
ပေးလိုက်ရတဲ့ အသက်က မျိုးဆက်နဲ့ချီတယ်
တန်လား မတန်လား တွက်ချက်ဖို့ ဂဏန်းပေါင်းစက် မလိုဘူး
တော်လှန်ရေးဆိုတာ ဈေးရောင်းဈေးဝယ် မဟုတ်သလို
အားကစားပြိုင်ပွဲလည်း မဟုတ်ကြောင်း
ထပ်လောင်းပြောလိုက်ချင်ပါရဲ့။
တော်လှန်ရေး ဘယ်တော့ပြီးမလဲတဲ့
ကိုယ်စီရင်ထဲမှာ အမှန်တရားကို ဘယ်လောက်အထိ ချစ်မြတ်နိုးသလဲ
အမှောင်တံတိုင်း လှဲဖြိုပွဲမှာ ဘယ်နေရာက ပါဝင်ခဲ့သလဲ
ယုံကြည်မှုမျဉ်းကြောင်း ဘယ်လောက်အထိ ဖြောင့်စင်းသလဲ
ရှေ့ဆက်ခြေလှမ်းတွေ ဘယ်လောက်အထိ အားမာန်ပြင်းသလဲ
မေးခွန်းတွေရဲ့အဖြေဟာ မေးခွန်းတွေပါပဲ။
သဲတစ်ပွင့်လား အုတ်တစ်ချပ်လား
သွေးတစ်စက်လား အသက်တစ်ခုလား
ကိုယ်…ထည့်ဝင်လိုက်တဲ့ အင်အားဟာ
ကိုယ့်မျိုးဆက် ခံစားရမယ့် အကျိုးတရားပဲ။
“မာတင်လူသာကင်း” က ပြောတယ်။
“မပျံနိုင်ရင် ပြေး…မပြေးနိုင်ရင် လမ်းလျှောက်…လမ်းမလျှောက်နိုင်ရင် တွားသွား” တဲ့။
ဒီအမိမြေက သားကောင်း သမီးမွန်တွေဟာ
တော်လှန်ရေး လောကဓံဆူးခြုံပေါ်မှာ
ပြေးခဲ့…လျှောက်ခဲ့…တွားသွားခဲ့ကြ
လဲကျတဲ့ အကြိမ်ရေထက် ပြန်ထတဲ့ အကြိမ်ရေ ပိုများခဲ့တယ်။
အတုအယောင် ငြိမ်းချမ်းရေး ခြုံလွှာအောက်မှာ
ဖက်ဆစ်စနစ် ရွှံ့ပုပ်အိုင်ထဲမှာ
ငန်းဖမ်းနေရှာတဲ့ အမိမြေအတွက် အသက်ကယ်ဆေးဟာ
တော်လှန်ရေးမှတစ်ပါး အခြားမရှိကြောင်း
ထပ်လောင်း ပြောလိုက်ချင်ပါရဲ့။ ။
ငြိမ်းပန်
The Tanintharyi Times
