မြန်မာစစ်တပ်က ဦးဆောင်မယ့် လေတပ်အကြီးအကဲများညီလာခံကို ဖျက်သိမ်းဖို့ CRPH တောင်းဆို

မြန်မာစစ်တပ်က ဦးဆောင်မယ့် လေတပ်အကြီးအကဲများညီလာခံကို ဖျက်သိမ်းဖို့ CRPH တောင်းဆို

မြန်မာစစ်တပ်က ဦးဆောင်မယ့် လေတပ်အကြီးအကဲများညီလာခံကို ဖျက်သိမ်းဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကအာဆီယံနိုင်ငံတွေကို တောင်းဆိုလိုက် ပါတယ်။

အာဆီယံလေတပ်အကြီးအကဲများ ညီလာခံတရပ်ကို အခုလ ၁၂ ရက်နေ့ကစတင်ပြီး ၁၅ ရက်နေ့ အထိ နေပြည်တော်မှာ ကျင်းပဖို့ စီစဉ်နေပြီး အဲဒီညီလာခံကို မြန်မာစစ်အုပ်စု လေတပ်ကာကွယ် ရေးဦးစီးချုပ်က အိမ်ရှင်အဖြစ် ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အရပ်သားအစိုးရဆီက မတရားအာဏာသိမ်းယူထားပြီး ပြည်သူတွေ အပေါ် စစ်ရာဇဝတ်မှုတွေနေချိန်မှာ အာဆီယံအဖွဲ့ က ဒီညီလာခံကိုကျင်းပခြင်းမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်တိုက်ခိုက်မှုတွေကို ဆက်လက်ကျူးလွန်ဖို့ အားပေးရာရောက်နေတာဖြစ်လို့ ညီလာခံကို ဖျက်သိမ်းရန်လိုအပ်ကြောင်း CRPH ကတိုက်တွန်းထားပါတယ်။

အာဆီယံအနေနဲ့ နေပြည်တော်မှာ ကျင်းပမယ့် လေတပ်ညီလာခံကို ဖျက်သိမ်းပေးဖို့နဲ့ မြန်မာစစ်တပ်ရဲ့ ကြည်းတပ်၊ လေတပ်၊ ရေတပ်အတွက် အာဆီယံက တိုက်ရိုက်ပံ့ပိုးကူညီမှု လုပ်ဆောင်နေတဲ့ အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ Justice For Myanmar (JFM ) အဖွဲ့ကလည်းတောင်းဆိုထားပါသေးတယ်။

JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ဒီလေတပ်အကြီးအကဲများညီလာခံကို ကျင်းပဖို့ လုပ်ဆောင်နေတာ၊ စစ်အုပ်စုနဲ့ စစ်ဘက် ရဲဘက် ထိတွေ့ဆက်ဆံနေတာတွေက မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အပေါ် စာနာစိတ်ကင်းမဲ့တဲ့ လျစ်လျူရှုမှုကို ပြသနေတာ ဖြစ်ပါတယ်။ မြန်မာ့အကျပ်အတည်းကို ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ဖြေရှင်းမယ်ဆိုတဲ့ အာဆီယံရဲ့ ကိုယ်ပိုင်ကတိကဝတ်တွေကို သူတို့ကိုယ်တိုင် ဖောက်ဖျက်နေကြတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အာဆီယံက စစ်အုပ်စုရဲ့ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ လေတပ်အကြီးအကဲများ ညီလာခံ AACC ရဲ့ သဘာပတိအဖြစ် ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဗိုလ်ချုပ်ကြီး ထွန်းအောင်ဟာ လေတပ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ၂၀၂၂ ဇန်နဝါရီလနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၃၀ ကျော်ကို အမိန့်ပေးကွပ်ကဲခဲ့သူဖြစ်ပြီး လူပေါင်း ၁၀၀၀ နီးပါး သေဆုံးစေခဲ့တယ်လို့ လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ တည်နေရာနဲ့ ဖြစ်ရပ်မှတ်တမ်းစီမံကိန်း ACLED ရဲ့ အချက်အလက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ပဇီကြီးကျေးရွာက လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေးသူငယ် ၄၀ အပါအဝင် လူပေါင်း ၁၆၈ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်၊ ကချင်ပြည်နယ်၊ အနန့်ပါကျေးရွာအတွင်း KIO နှစ်ပတ်လည်နေ့ ဖျော်ဖြေပွဲကျင်းပနေစဉ် လေကြောင်းတိုက်ခိုက်ခံရမှုမှာ လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ လက်ယက်ကုန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေးငယ် အပါအဝင် လူ ၁၂ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေဟာ လေတပ်ကာကွယ်ရေးဦးစီးချုပ် ထွန်းအောင်ရဲ့ အမိန်ပေးကွပ်ကဲမှုကြောင့် ဖြစ်တယ်လို့ JFM က ဖော်ထုတ်ထားပါတယ်။

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ADMM ရဲ့ မိတ်ဖက်နိုင်ငံအဖြစ် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုးရီးယား၊ ရုရှားနဲ့ အမေရိကန် စတဲ့ ၈ နိုင်ငံတို့ ပါဝင်ပါတယ်။

The Tanintharyi Times