“တိုက်ပွဲတွေရှိနေတဲ့ကြားက ပညာရေးကိုပဲ မရ၊ ရအောင် ဦးစားပေးပြီး တက်ခိုင်းထားတယ်”

“တိုက်ပွဲတွေရှိနေတဲ့ကြားက ပညာရေးကိုပဲ မရ၊ ရအောင် ဦးစားပေးပြီး တက်ခိုင်းထားတယ်”

ဓာတ်ပုံ - မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ တနင်္သာရီမြို့နယ်။

ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားခဲ့တဲ့ ကာလ နဲ့ စစ်ကောင်စီအာဏာသိမ်းယူဖို့ကြိုးပမ်း တဲ့ငါးနှစ်တာကာလ အတွင်းမှာ တနင်္သာရီတိုင်းရဲ့ ကျေးလက်ဒေသအများစုက စာသင်ကျောင်းတွေ လည်ပတ်မှုတွေရပ်နား သွားပါတယ်။ ရပ်နားသွားတဲ့အထဲမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ တနင်္သာရီမြို့နယ်ကစာသင်ကျောင်းတွေ လည်းအပါအဝင်ဖြစ်ပါတယ်။ တနင်္သာရီမြို့ က ကျောင်းသားအများစုဟာ စစ်ရေးမငြိမ်သက်မှုတွေ၊ နယ်မြေမငြိမ်သက်မှုတွေကြောင့် ပညာရေး လက်လှမ်းမမှီတာတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ လက်ရှိ ကျောင်းဖွင့်ရာသီမှာ တနင်္သာရီတိုင်း ကလေးငယ်တွေရဲ့ ပညာရေးမှာကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ မိဘတွေရဲ့ ပညာရေးအပေါ်စိုးရိမ်စိတ်နဲ့ပတ်သက်ပြီး တောင်ပိုင်းသားတို့အသံ အစီအစဥ်ကနေ မေးမြန်း တင်ဆက်ပေးလိုက်ပါတယ်။

(တောင်ပိုင်းသားတို့အသံ)

◉ ဦးမျိုး (အမည်လွှဲ) – (သာရဖုံရွာ၊ တနင်္သာရီမြို့နယ် ၊အခြေခံပညာကျောင်းသားသုံးဦးရဲ့ ဖခင်)

မေး – ကိုယ့်အိမ်မှာ ကျောင်းသားရှိလား ။ ဘယ်နှယောက်လဲ ။ ဘယ်အတန်းတွေလဲ။

ဖြေ – ကျောင်းသားရှိတာပေါ့။ သုံးယောက်ရှိတယ်။ ကိုးတန်းရယ်၊ ခြောက်တန်းရယ်၊ လေးတန်းရယ်ရှိတယ်။

မေး – အခုကျောင်းဖွင့်ချိန်မှာကို ကိုယ့်ကလေးကို ကျောင်းအပ်တာ၊ ကျောင်းထားတာနဲ့ပတ်သက်လို့ ဘာအခက်အခဲတွေကြုံရလဲ။

ဖြေ – အခက်အခဲကြုံတာက ကျောင်းတက်ရမဲ့အချိန်မှာ ကျောင်းမတက်ဘဲ ခဏနားထားရတာက အခက်အခဲတစ်ခုပေါ့။ ရွာကျောင်းတွေဆိုတော့ အခြေအနေကြည့်ပြီး ဖွင့်နေရတာလေ။ ပြီးတော့ စာရေးကရိယာတွေက ဈေးအရမ်းကြီးတယ်။ အဲ့ဒါလည်း ခက်ခဲတယ်။

မေး – ဒီကြားထဲနှစ်တွေမှာ ကလေးတွေကို ကျောင်းနားလိုက်ရတာမျိုးရောရှိလား။ ဘာလို့နားလိုက်တာလဲ။

ဖြေ – ကျောင်းနားထားလိုက်တာမျိုးတော့မရှိဘူး။ ရွာမှာ ကိုယ်ထူကိုယ်ထကျောင်းရှိနေတော့ အဲ့ကျောင်းပဲ ပို့ထားတယ်လေ။

မေး – အခုလက်ရှိမှာရော ကိုယ့်ကလေးရဲ့ ပညာရေးနဲ့ ပတ်သက်လို့ ဘယ်လိုမျှော်လင့်ချက်တွေ ၊ စိုးရိမ်ချက်တွေရှိသလဲ။

ဖြေ – ပညာရေးနဲ့ပတ်သက်ပြီး စိုးရိမ်တာကတော့ ကြားကာလပညာရေးမှာက တော်လှန်ရေးကာလဆိုတော့ ကလေးတွေနဲ့ ပတ်သက်လို့ မျှော်လင့်ချက်ကတော့ မထားရဲဘူးဗျာ။ အားနည်းချက်တွေရှိတာကိုး။ ဒါပေမဲ့လည်း တော်လှန်ရေးကာလဖြစ်နေတဲ့အတွက် ကျောင်းသားတွေ စာပေနဲ့ မကင်းကွာသွားအောင် သင်နေရတာကိုက အထောက်အကူလေးတစ်ခု ဖြစ်နေပါပြီ။

မေး – ကိုယ့်ရပ်ရွာကကျောင်းတွေက ဖွင့်ရဲ့လား။ မဖွင့်ရင် ဘယ်လိုဖြေရှင်းနေလဲ။ ကလေးကျောင်းထားဖို့ကို ဘယ်လိုစဥ်းစားထားလဲ။

ဖြေ – အခုကတော့ ရွာက ကျောင်းတွေက ဖွင့်တော့ ဖွင့်နေတာပေါ့။ ဒါပေမဲ့ လေကြောင်းအန္တရာယ်ရှိနေတော့ လုံခြုံမှု မရှိဘူးလေ။ အခုချိန်မှာကတော့ ဒီလိုမျိုးပဲ ပညာက သင်လိုက်နားလိုက်ဖြစ်နေတာပေါ့။ လုံးဝမသင်ရတာထက်တော့ တော်သေးတာပေါ့။

မေး – အရင်နှစ်ကထက် ကျောင်းအပ်တာပိုများလာလား။ ဘယ်လိုလူတွေ ကျောင်းပိုအပ်လာကြသလဲ။

ဖြေ – ကျနော်တို့ရွာတွေဘက်မှာတော့ တစ်နှစ်ထက်တစ်နှစ် ကျောင်းအပ်နိုင်တဲ့သူတွေ ပိုနည်းလာတယ်။ တိုက်ပွဲတွေကို စိုးရိမ်တာလည်းပါတယ်။ မြို့ကိုပြောင်းသွားကြတယ်။

မေး – အခုကျောင်းအပ်ကာလမှာ ရွာကနေလာအပ်တဲ့ စစ်ရှောင်ကလေးတွေ၊ နှစ်အကြာကြီးကျောင်းနားထားတဲ့ကလေးတွေဆို ကျောင်းအပ်လက်မခံဘူးလို့သိရတယ်။ အကိုတို့၊ အမတို့ရော ဒါနဲ့ပတ်သက်လို့ ကြုံရ၊ ကြားရတာတွေရှိလား။

ဖြေ – ရွာက ကိုယ်ထူကိုယ်ထကျောင်းဆိုတော့ လက်မခံတာတော့ မရှိဘူးလေ။

မေး – ကိုယ့်ကလေးတွေက မြို့မှာ ကျောင်းအပ်ရတော့ စာသင်ကျောင်းခန်းထဲမှာာ ဆရာ၊ ဆရာမတွေက ကလေးတွေကို ခွဲခြားဆက်ဆံတာ၊ စာသင်ပေးရာမှာ လျော့ပေါ့တာာတွေရော ကြုံရ၊ ကြားရလား။

ဖြေ – ကျနော့် ကျောင်းသားတွေကို ဘိတ် (မြိတ်) လို မြို့ကျောင်းတွေမှာ သွားမအပ်တော့ ခွဲခြားတာမျိုး မခံရဘူးပေါ့ဗျာ။ ဘိတ်(မြိတ်) ကျောင်းသွားအပ်ရင်တော့ ကြုံရမယ်ထင်တယ်။ ပြောရတော့ ခက်တယ်ဗျ။

မေး – ပြီးတော့ အခုလက်ရှိကာလက မြို့ပေါ်တွေမှာပါ နှစ်ဖက်တိုက်ပွဲတွေ၊ လက်နက်ကြီးငယ် ပစ်ခတ်မှုတွေ အမြဲမပြတ်ရှိနေတဲ့ ကာလဖြစ်တယ်။ အဲ့လိုကာလမှာ ကျောင်းက ကလေးတွေက လုံခြုံရေးအာမခံချက် ဘယ်လောက်ပေးထားလဲ။ ကိုယ့်ကလေးတွေရဲ့ ကျောင်းတက်နေတဲ့အချိန် ကြုံရမဲ့ လုံခြုံရေးအန္တရာယ်နဲ့ပတ်သက်လို့ ဘာတွေစိုးရိမ်ပြီး ပြင်ဆင်ဖြစ်တာတွေရှိလဲ။

ဖြေ – တိုက်ပွဲဖြစ်နေတဲ့ ကာလမှာတော့ ကလေးတွေ ကျောင်းသွားရင် စိုးရိမ်တာပေါ့။ စိုးရိမ်ပေမဲ့လည်းပဲ ပညာရေးနဲ့ပတ်သက်လာတာဆိုတော့ စာပေနဲ့ အလှမ်းမကွာအောင် ထားထားရတာပေါ့။ လုံခြုံမှုပိုင်းဆိုင်ရာကတော့ ကျောင်းတွေမှာ အတတ်နိုင်ကောင်းဆုံး ဗုံးခိုကျင်းလေးတွေ လုပ်ထားတာတော့ ရှိတယ်ပေါ့။ အရေးပေါ်သုံးဖို့လေ။ လေကြောင်းသတိပေးချက် ရှိတဲ့ အခါတွေမျိုးဆိုရင်တော့ ကျောင်းမသွားခိုင်းဘဲ အိမ်မှာဘဲ နေခိုင်းလိုက်တယ်လေ။

မေး – နောက်ဆုံးအနေနဲ့ အခုလိုကာလမှာ ကိုယ့်ကလေးရဲ့ လုံခြုံရေးနဲ့ ပညာရေးနှစ်ခုကြားမှာ မိဘတစ်ယောက်အနေနဲ့ ဘာတွေ စိုးရိမ်ရတာတွေရှိနေလဲ။ ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်လို့ ဘာတွေပြောချင်လဲ။

ဖြေ – လုံခြုံရေးနဲ့ ပတ်သက်လာရင် ကျောင်းသွားတဲ့အချိန်မှာ ဘယ်အချိန် ဗုံးလာချလိုက်မယ်မှန်းမသိနိုင်တဲ့ လေကြောင်း အန္တရာယ်တွေကို စိုးရိမ်တာတွေရှိတယ်။ ဒါပေမဲ့ ပညာရေးနဲ့ပတ်သက်လာတယ်ဆိုတော့ အခုကြားကာလ ခေတ်ပျက်ကြီးမှာ သူတို့လာကြုံနေရတဲ့အတွက် သူတို့ရဲ့ ကံတရားနဲ့လည်း ဆိုင်မှာပေါ့။ ပညာရေးအတွက်ကတော့ ကျောင်းသွားရမှာပဲလေ။

◉ ဒေါ်နှင်း(အမည်လွှဲ) (မောတောင်မြို့ ၊ တနင်္သာရီမြို့နယ် ၊ အထက်တန်းကျောင်းသားနှစ်ဦးရဲ့ မိခင်)

မေး – ကိုယ့်အိမ်မှာ ကျောင်းသားရှိလား ။ ဘယ်နှယောက်လဲ ။ ဘယ်နှတန်းတွေလဲ။

ဖြေ – ကျမအိမ်မှာ ကျောင်းသားနှစ်ယောက်ရှိပါတယ်။ တစ်ယောက်ကတော့ ခုနစ်တန်း၊ တယောက်ကတော့ ဆယ်နှစ်တန်းပါ။

မေး – အခုကျောင်းဖွင့်ချိန်မှာကို ကိုယ့်ကလေးကို ကျောင်းအပ်တာ၊ ကျောင်းထားတာနဲ့ပတ်သက်လို့ ဘာအခက်အခဲတွေကြုံရလဲ။

ဖြေ – ကျမကလေးတွေက စီဒီအမ်ကျောင်းသားတွေပါ။ ရွာက စကစကျောင်းကတော့ ဖွင့်ပါတယ်။ တချို့မိဘတွေ မြို့မှာ ကျောင်းသွားထားကြတာတွေလည်းရှိတယ်။ သူတို့တွေတော့ အခက်အခဲတွေအများကြီးကြုံကြရတယ်။ ကျမကလေးတွေကတော့ အွန်လိုင်းကျောင်းတက်ပါတယ်။

မေး – ဒီကြားထဲနှစ်တွေမှာ ကလေးတွေကို ကျောင်းနားလိုက်ရတာမျိုးရောရှိလား။ ဘာလို့နားလိုက်တာလဲ။

ဖြေ – ကိုဗစ်နဲ့ အာဏာသိမ်းကတည်းကနေ စစ်ကောင်စီရဲ့ အစိုးရကျောင်းကို နားထားလိုက်တာ ငါးနှစ်ကျော် ခြောက်နှစ်နီးပါးရှိပါပြီ။ ဒီကာလထဲမှာတော့ NUG လက်အောက်ခံ အွန်လိုင်းကျောင်းမှာ ကျောင်းထားထားပါတယ်။

မေး – အခုလက်ရှိမှာရော ကိုယ့်ကလေးရဲ့ ပညာရေးနဲ့ ပတ်သက်လို့ ဘယ်လိုမျှော်လင့်ချက်တွေ ၊ စိုးရိမ်ချက်တွေရှိသလဲ။

ဖြေ – ခုလက်ရှိမှာ ကိုယ့်ကလေးရဲ့ ပညာရေးက လိုင်းမရမှာကိုစိုးရိမ်ရပါတယ်။ ကျမတို့မြို့မှာက စစ်ရေးအခြေအနေတွေကြောင့် လိုင်းက ရတစ်ချက်မရတစ်ချက်ပါ။

မေး – ကိုယ့်ရပ်ရွာကကျောင်းတွေက ဖွင့်ရဲ့လား။ မဖွင့်ရင် ဘယ်လိုဖြေရှင်းနေလဲ။ ကလေးကျောင်းထားဖို့ကို ဘယ်လိုစဥ်းစားထားလဲ။

ဖြေ – ကျမတို့ မောတောင်မြို့ပေါ်ကျောင်းတွေက ဖွင့်ထားပါတယ်။

မေး – အရင်နှစ်ကထက် ကျောင်းအပ်တာပိုများလာလား။ ဘယ်လိုလူတွေ ကျောင်းပိုအပ်လာကြသလဲ။

ဖြေ – ဒီနှစ်က အရင်ကနှစ်ကထက် ကျောင်းအပ်သမားပိုများလာတယ် ကြားတယ်။ တချို့တွေလည်း မြို့ထက်က ကျောင်းတွေမှာ သွားအပ်ကြတယ်။ ကလေးကျောင်းကိစ္စတွေကြောင့် မိသားစုလိုက် မြို့ပေါ်ကို ပြောင်းသွားကြတာတွေလည်းရှိတယ်။ ရွာတွေဘက်က စစ်ရှောင်ကလေးတွေလည်း မောတောင်မြို့ကျောင်းကို လာအပ်ကြတာတွေရှိတယ်။

မေး – အခုကျောင်းအပ်ကာလမှာ ရွာကနေလာအပ်တဲ့ စစ်ရှောင်ကလေးတွေ၊ နှစ်အကြာကြီးကျောင်းနားထားတဲ့ကလေးတွေဆို ကျောင်းအပ်လက်မခံဘူးလို့သိရတယ်။ အကိုတို့၊ အမတို့ရော ဒါနဲ့ပတ်သက်လို့ ကြုံရ၊ ကြားရတာတွေရှိလား။

ဖြေ – စစ်ရှောင်ကလေး အကုန်လုံးကို လက်မခံတာမျိုးတော့မဟုတ်ဘူး။ ရွာကလည်း လာအပ်တယ်၊ ကျောင်းလည်း နှစ်အကြာကြီး နားထားတာမျိုးဆိုရင် ကျောင်းပြောင်းလက်မှတ်လည်း မပေးသလို ကျောင်းအပ်ခွင့်လည်း မပေးဘူးလို့ သိရတယ်။

မေး – ကိုယ့်ကလေးတွေက မြို့မှာ ကျောင်းအပ်ရတော့ စာသင်ကျောင်းခန်းထဲမှာာ ဆရာ၊ ဆရာမတွေက ကလေးတွေကို ခွဲခြားဆက်ဆံတာ၊ စာသင်ပေးရာမှာ လျော့ပေါ့တာာတွေရော ကြုံရ၊ ကြားရလား။

ဖြေ – ကိုယ့်မြို့က ကျောင်းတွေမှာရော၊ တခြားမြို့ပေါ်တွေကိုပြောင်းသွားတဲ့ ကလေးတွေရော အခန်းမလောက်တဲ့ ပြသနာကြုံနေရတယ်လို့ ပြန်ကြားရတယ်။ ကျမတို့မြို့က ကျောင်းမှာဆို စာသင်ခန်းတစ်ခုတည်းကို ကလေး ၈၀ ကနေ ၁၀၀ လောက်ထိ စုပြုံပြီး သင်နေကြရတယ်လို့ သိရပါတယ်။

မေး – ပြီးတော့ အခုလက်ရှိကာလက မြို့ပေါ်တွေမှာပါ နှစ်ဖက်တိုက်ပွဲတွေ၊ လက်နက်ကြီးငယ် ပစ်ခတ်မှုတွေ အမြဲမပြတ်ရှိနေတဲ့ ကာလဖြစ်တယ်။ အဲ့လိုကာလမှာ ကျောင်းက ကလေးတွေက လုံခြုံရေးအာမခံချက် ဘယ်လောက်ပေးထားလဲ။ ကိုယ့်ကလေးတွေရဲ့ ကျောင်းတက်နေတဲ့အချိန် ကြုံရမဲ့ လုံခြုံရေးအန္တရာယ်နဲ့ပတ်သက်လို့ ဘာတွေစိုးရိမ်ပြီး ပြင်ဆင်ဖြစ်တာတွေရှိလဲ။

ဖြေ – အခုလက်ရှိကာလကတော့ ကျမတို့ မြို့နီးနားတဝိုက်မှာလည်း စစ်ရေးအခြေအနေကမကောင်းတော့ လေယာဥ◌်တွေက ခဏခဏလာဝဲနေတာပဲ။ ဘယ်အချိန် ဗုံးလာကြဲမလဲဆိုတာက အမြဲ စိုးရိမ်နေရတာပဲ။ ကိုယ့်ကလေးကို ကျောင်းနားထားတယ်ဆိုရင်တောင် ကိုယ့်မြို့က ကျောင်းတက်နေတဲ့ကလေးတွေအတွက်က စိုးရိမ်ရတာပဲ။ ကလေးတွေအတွက်က ဘယ်လိုမှ လုံခြုံမှုမရှိဘူးလေ။ ဘာမှ ကြိုတင်ပြင်ဆင်ထားတာလည်း မရှိဘူး။ ကျောင်းတက်ချိန်မှာ ကြုံလာရရင် မိဘတွေအနေနဲ့ ဘာမှလုပ်ပေးနိုင်တာလည်းမဟုတ်ဘူး။

မေး – နောက်ဆုံးအနေနဲ့ အခုလိုကာလမှာ ကိုယ့်ကလေးရဲ့ လုံခြုံရေးနဲ့ ပညာရေးနှစ်ခုကြားမှာ မိဘတစ်ယောက်အနေနဲ့ ဘာတွေ စိုးရိမ်ရတာတွေရှိနေလဲ။ ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်လို့ ဘာတွေပြောချင်လဲ။

ဖြေ – အခုလိုကာလမှာ မိဘတယောက်အနေနဲ့ကတော့ စိုးရိမ်စရာတွေ အများကြီးပါပဲ။ လုံခြုံရေးနဲ့ ပညာရေးမှာ ကိုယ့်ကလေးက အွန်လိုင်းကျောင်းသားဖြစ်နေတော့ လုံခြုံရေးက ပိုအရေးကြီးနေတာပေါ့နော်။ အခက်အခဲတွေကြားကပဲ ပညာရေးကိ ဦးစားပေးသင်နေရတာပေါ့။ မြေပြင်မှာဆိုလည်း ဘယ်ချိန် တိုက်ပွဲတွေဖြစ်လာမလဲ။ ဘယ်အချိန် လေယာဥ◌်နဲ့ ဗုံးလာကြဲမလဲ။ အဲ့လိုစိုးရိမ်စိတ်တွေက အမြဲရှိနေတာပေါ့။ အခက်အခဲတွေရှိပေမဲ့လည်း ကိုယ့်ကလေးကိုတော့ ပညာရေးဆုံးခန်းတိုင်အောင် သင်ပေးမယ်ဆိုတဲ့ စိတ်တော့ ထားထားတယ်။ ဒါပေမဲ့ ကလေးတွေမှာ အခက်အခဲမရှိ အဆင်ပြေပြေနဲ့ စာသင်နိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။

◉ ကိုထွေး (အမည်လွှဲ) (ရမ်းဖိုရွာ၊ တနင်္သာရီမြို့နယ်၊ ကျောင်းသားနှစ်ဦးရဲ့ ဖခင် ၊ စစ်ရှောင်အမျိုးသား)

မေး – ကိုယ့်အိမ်မှာ ကျောင်းသားရှိလား ။ ဘယ်နှယောက်လဲ ။ ဘယ်နှတန်းတွေလဲ။

ဖြေ – အိမ်မှာ ကျောင်းသားနှစ်ယောက်ရှိပါတယ်။ သုံးတန်းကတယောက်၊ ငါးတန်းကတယောက်ပါ။

မေး – အခုကျောင်းဖွင့်ချိန်မှာကို ကိုယ့်ကလေးကို ကျောင်းအပ်တာ၊ ကျောင်းထားတာနဲ့ပတ်သက်လို့ ဘာအခက်အခဲတွေကြုံရလဲ။

ဖြေ – အာဏာသိမ်းလိုက်တုန်းကတော့ ကျောင်းတစ်နှစ်နားလိုက်သေးတယ်။ အခုက ပြန်တက်နေတာ နှစ်ကြာပြီဆိုတော့ ကျောင်းအပ်ရတာတော့ အခက်အခဲမရှိဘူးဗျ။ ဇဝဲရွာက ကျောင်းမှာ သွားအပ်တယ်။ ဒါပေမဲ့ ကလေးတွေရဲ့ လုံခြုံရေးကတော့ အမြဲစိုးရိမ်နေရတယ်ဗျ။

မေး – အခုလက်ရှိမှာရော ကိုယ့်ကလေးရဲ့ ပညာရေးနဲ့ ပတ်သက်လို့ ဘယ်လိုမျှော်လင့်ချက်တွေ ၊ စိုးရိမ်ချက်တွေရှိသလဲ။

ဖြေ – ကျနော်ကတော့ ကလေးတွေကို အနည်းဆုံး ရေးတတ်၊ ဖတ်တတ်တော့ ဖြစ်စေချင်လို့ ကျောင်းထားထားရတယ်ဗျာ။ ဒါပေမဲ့ တိုက်ပွဲတွေက စိတ်မချရတော့ တိုက်ပွဲဖြစ်ရင် ပြေးလိုက်၊ လွှားလိုက်နဲ့ ထိခိုက်မိမှာတွေ စိုးရိမ်တယ်ဗျ။

မေး – ကိုယ့်ရပ်ရွာကကျောင်းတွေက ဖွင့်ရဲ့လား။ မဖွင့်ရင် ဘယ်လိုဖြေရှင်းနေလဲ။ ကလေးကျောင်းထားဖို့ကို ဘယ်လိုစဥ်းစားထားလဲ။

ဖြေ – ကျနော်တို့ ရမ်းဖိုရွာမှာက ကျောင်းတွေမဖွင့်ဘူးဗျ။ ဇဝဲရွာက ကျောင်းမှာ သွားထားရတယ်။ ကျနော်တို့ ရွာက ကားလမ်းတွေကလည်း နှစ်ဖက်တိုက်ပွဲတွေ မိုင်းဆွဲတာတွေ ခဏခဏ ရှိတော့ တဖက်ရွာကို ကျောင်းသွားထားရတာတော့ စိုးရိမ်တာပေါ့ဗျ။

မေး – အရင်နှစ်ကထက် ကျောင်းအပ်တာပိုများလာလား။ ဘယ်လိုလူတွေ ကျောင်းပိုအပ်လာကြသလဲ။

ဖြေ – ရွာကျောင်းပဲဆိုတော့ မနှစ်ကထက် အရမ်းများလာတာမျိုးမရှိဘူးဗျ။

မေး – အခုကျောင်းအပ်ကာလမှာ ရွာကနေလာအပ်တဲ့ စစ်ရှောင်ကလေးတွေ၊ နှစ်အကြာကြီးကျောင်းနားထားတဲ့ကလေးတွေဆို ကျောင်းအပ်လက်မခံဘူးလို့သိရတယ်။ အကိုတို့၊ အမတို့ရော ဒါနဲ့ပတ်သက်လို့ ကြုံရ၊ ကြားရတာတွေရှိလား။

ဖြေ – ရွာကျောင်းမှာတော့ ကျောင်းအပ် လက်မခံတာမျိုးမရှိဘူးဗျ။ ရွာကနေ မြို့ပြောင်းတဲ့ကလေးတွေတော့ ကြုံနေရတယ်လို့ ပြန်သိရတယ်ဗျ။ သူတို့တွေတော့ အခက်အခဲဖြစ်ကြတာပေါ့ဗျာ။

မေး – ကိုယ့်ကလေးတွေက မြို့မှာ ကျောင်းအပ်ရတော့ စာသင်ကျောင်းခန်းထဲမှာ ဆရာ၊ ဆရာမတွေက ကလေးတွေကို ခွဲခြားဆက်ဆံတာ၊ စာသင်ပေးရာမှာ လျော့ပေါ့တာာတွေရော ကြုံရ၊ ကြားရလား။

ဖြေ – အဲ့လိုတော့ မရှိဘူးဗျ။

မေး – ပြီးတော့ အခုလက်ရှိကာလက မြို့ပေါ်တွေမှာပါ နှစ်ဖက်တိုက်ပွဲတွေ၊ လက်နက်ကြီးငယ် ပစ်ခတ်မှုတွေ အမြဲမပြတ်ရှိနေတဲ့ ကာလဖြစ်တယ်။ အဲ့လိုကာလမှာ ကျောင်းက ကလေးတွေက လုံခြုံရေးအာမခံချက် ဘယ်လောက်ပေးထားလဲ။ ကိုယ့်ကလေးတွေရဲ့ ကျောင်းတက်နေတဲ့အချိန် ကြုံရမဲ့ လုံခြုံရေးအန္တရာယ်နဲ့ပတ်သက်လို့ ဘာတွေစိုးရိမ်ပြီး ပြင်ဆင်ဖြစ်တာတွေရှိလဲ။

ဖြေ – ဘာအာမခံချက်မှ မရှိဘူးဗျ။ ဒီဘက်မှာက တိုက်ပွဲတွေရော၊ လက်နက်ကြီးပစ်တာတွေရော အမြဲဖြစ်နေတာ။ အဲ့လို တိုက်ပွဲသံကြားတဲ့နေ့ဆို ကလေးကို ကျောင်းမလွှတ်ဘူးပေါ့ဗျာ။

မေး – နောက်ဆုံးအနေနဲ့ အခုလိုကာလမှာ ကိုယ့်ကလေးရဲ့ လုံခြုံရေးနဲ့ ပညာရေးနှစ်ခုကြားမှာ မိဘတစ်ယောက်အနေနဲ့ ဘာတွေ စိုးရိမ်ရတာတွေရှိနေလဲ။ ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်လို့ ဘာတွေပြောချင်လဲ။

ဖြေ – ကျောင်းမသွားရင် စာမတတ်ဘဲနေမှာစိုးလို့သာ ကျောင်းထားနေရတာဗျ။ ကလေးတွေ လုံခြုံရေးနဲ့ အသက်ဘေးအန္တရာယ်က အမြဲစိုးရိမ်နေရတယ်။ ကိုယ်တတ်နိုင်တာကလည်း ဘာမှမရှိဘူး။ ဒီလိုပဲ ကျောင်းလွှတ်နေရတာပဲဗျာ။

◉ မသူဇာ (အမည်လွှဲ) (လယ်သစ်ရွာ၊ တနင်္သာရီမြို့နယ်၊ ကျောင်းသား၊ ကျောင်းသူ သုံးဦးရဲ့ မိခင်)

မေး – ကိုယ့်အိမ်မှာ ကျောင်းသားရှိလား ။ ဘယ်နှယောက်လဲ ။ ဘယ်နှတန်းတွေလဲ။

ဖြေ – ရှိတယ်။ နှစ်တန်းကျောင်းသားနဲ့ ငါးတန်းကျောင်းသားရှိတယ်။ ကလေးတယောက်ကိုတော့ ကျောင်းနားထားလိုက်တယ်။

မေး – အခုကျောင်းဖွင့်ချိန်မှာကို ကိုယ့်ကလေးကို ကျောင်းအပ်တာ၊ ကျောင်းထားတာနဲ့ပတ်သက်လို့ ဘာအခက်အခဲတွေကြုံရလဲ။

ဖြေ – အခက်အခဲက ကြုံရတာပေါ့။ စစ်ရှောင်နေရတဲ့အချိန်ဆိုတော့ အလုပ်မရှိ ပိုက်ဆံမရှိတဲ့ အချိန်ကြီးလေ။ စာအုပ်တွေလည်း မဝယ်ပေးနိုင်ဘူး။ အဓိကကတော့ ငွေကြေးအခက်အခဲဖြစ်သွားတာပေါ့။

မေး – ဒီကြားထဲနှစ်တွေမှာ ကလေးတွေကို ကျောင်းနားလိုက်ရတာမျိုးရောရှိလား။ ဘာလို့နားလိုက်တာလဲ။

ဖြေ – အကြီးဆုံးကလေးကိုတော့ ကျောင်းနားလိုက်တယ်။ အစကတော့ ကျောင်းထားဦးဖို့ပဲ။ အခုက မိဘမတတ်နိုင်တော့ နားလိုက်တာ။ အခုတော့ အလုပ်လုပ်ရင်း သက်မွေးပညာသင်နေတာပေါ့။

မေး – အခုလက်ရှိမှာရော ကိုယ့်ကလေးရဲ့ ပညာရေးနဲ့ ပတ်သက်လို့ ဘယ်လိုမျှော်လင့်ချက်တွေ ၊ စိုးရိမ်ချက်တွေရှိသလဲ။

ဖြေ – သူများသားသမီးတွေနဲ့ တန်းတူ ထားပေးချင်တာပေါ့ ။ ဘိတ်က မြို့ကျောင်းမှာ သွားထားပေးချင်တယ်။ တစ်နေရာရာမှာ သေသေချာချာလေး ကျောင်းတက်နေရတာမျိုး ဖြစ်စေချင်တယ်။ ကျောင်းကောင်းကောင်းမှာ ထားပေးချင်တယ်။ ကိုယ်တွေကလည်း မတတ်နိုင်ဘူးလေ။ လက်ရှိ ရွာကျောင်းမှာပဲ ထားထားတာပေါ့။

မေး – ကိုယ့်ရပ်ရွာကကျောင်းတွေက ဖွင့်ရဲ့လား။ မဖွင့်ရင် ဘယ်လိုဖြေရှင်းနေလဲ။ ကလေးကျောင်းထားဖို့ကို ဘယ်လိုစဥ်းစားထားလဲ။

ဖြေ – ခုလက်ရှိ ရွာက ကျောင်းက ဖွင့်လို့မရသေးဘူးလေ။ အပ်တော့ အပ်ထားတယ်။ လောလောဆယ် ကျူရှင်ပဲ သွားခိုင်းနေရတယ်။ စာရနေအောင်ပေါ့။

မေး – အရင်နှစ်ကထက် ကျောင်းအပ်တာပိုများလာလား။ ဘယ်လိုလူတွေ ကျောင်းပိုအပ်လာကြသလဲ။

ဖြေ – ရွာဖက်က ကျောင်းတွေက ကျောင်းအပ်သမား ပိုနည်းနည်းလာတယ်။ အပြင်ကျောင်းတွေ၊ မြို့ပေါ်ကျောင်းတွေ ရွှေ့ကုန်ကြပြီ။

မေး – အခုကျောင်းအပ်ကာလမှာ ရွာကနေလာအပ်တဲ့ စစ်ရှောင်ကလေးတွေ၊ နှစ်အကြာကြီးကျောင်းနားထားတဲ့ကလေးတွေဆို ကျောင်းအပ်လက်မခံဘူးလို့သိရတယ်။ အကိုတို့၊ အမတို့ရော ဒါနဲ့ပတ်သက်လို့ ကြုံရ၊ ကြားရတာတွေရှိလား။

ဖြေ – ရွာကကျောင်းမှာ အဲ့လိုမျိုးမရှိဘူးလေ။ ရွာကနေ ပြောင်းသွားတဲ့ကလေးတွေကို ဘိတ်ကကျောင်းတွေက လက်မခံတာတွေတော့ ရှိတယ်။ ကျမတို့တော့ မကြုံရသေးပါဘူး။

မေး – ကိုယ့်ကလေးတွေက မြို့မှာ ကျောင်းအပ်ရတော့ စာသင်ကျောင်းခန်းထဲမှာ ဆရာ၊ ဆရာမတွေက ကလေးတွေကို ခွဲခြားဆက်ဆံတာ၊ စာသင်ပေးရာမှာ လျော့ပေါ့တာာတွေရော ကြုံရ၊ ကြားရလား။

ဖြေ – ကျမအသိကလေးလေးတွေ အခု မြို့ကျောင်းမှာ သွားတက်နေတာ ကျောင်းကဆရာမတွေက ရွာက ကလေးတွေဆို ခွဲခြားပြီး ဆက်ဆံတာတွေရှိတယ်ရှင့်။ တိုက်ပွဲဖြစ်တဲ့နေရာတွေက လာတက်ရင် ပိုဆိုးတယ်။ ကျမတို့ ရွာကလူတွေ ပြန်ကြားရတော့ စိတ်မကောင်းဘူးပေါ့ရှင်။

မေး – ပြီးတော့ အခုလက်ရှိကာလက မြို့ပေါ်တွေမှာပါ နှစ်ဖက်တိုက်ပွဲတွေ၊ လက်နက်ကြီးငယ် ပစ်ခတ်မှုတွေ အမြဲမပြတ်ရှိနေတဲ့ ကာလဖြစ်တယ်။ အဲ့လိုကာလမှာ ကျောင်းက ကလေးတွေက လုံခြုံရေးအာမခံချက် ဘယ်လောက်ပေးထားလဲ။ ကိုယ့်ကလေးတွေရဲ့ ကျောင်းတက်နေတဲ့အချိန် ကြုံရမဲ့ လုံခြုံရေးအန္တရာယ်နဲ့ပတ်သက်လို့ ဘာတွေစိုးရိမ်ပြီး ပြင်ဆင်ဖြစ်တာတွေရှိလဲ။

ဖြေ – ကိုယ့်ကလေး ကျောင်းတက်နေချိန်မှာကတော့ စိုးရိမ်စရာတွေကတော့ အများကြီးပဲ။ တိုက်ပွဲထဖြစ်မှာလည်း စိုးရိမ်ရတယ်။ ဗုံးခိုကျင်းတွေရှိပေမဲ့လည်း စိတ်မချဘူး။

မေး – နောက်ဆုံးအနေနဲ့ အခုလိုကာလမှာ ကိုယ့်ကလေးရဲ့ လုံခြုံရေးနဲ့ ပညာရေးနှစ်ခုကြားမှာ မိဘတစ်ယောက်အနေနဲ့ ဘာတွေ စိုးရိမ်ရတာတွေရှိနေလဲ။ ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်လို့ ဘာတွေပြောချင်လဲ။

ဖြေ – သားတွေ ပညာမတတ်ဖြစ်မှာကို အရမ်းစိုးရိမ်တယ်။ လုံခြုံရေးကို စိုးရိမ်ပေမဲ့ စာမတတ်မှာကို ပိုစိုးရိမ်တယ်။ ကလေးတွေကလည်း စာသင်ချင်ကြတယ်။ အဲ့တော့ တိုက်ပွဲတွေရှိနေတဲ့ကြားက ပညာရေးကိုပဲ မရ၊ရအောင် ဦးစားပေးပြီး တက်ခိုင်းထားတယ်။

The Tanintharyi Times