နောက်ကျောလုံသော တော်လှန်ရေး
နောက်ကျောလုံသော တော်လှန်ရေး
ဒီစာကိုရေးမယ်လို့ ကျမ စိတ်ထဲ အကြံပေါ်လာတော့ ကျမဖြင့် လွန်ခဲ့တဲ့ နှစ်အချို့က အတွေ့အကြုံအချို့ကို ပြန်လို့ သတိရ ဆင်ခြင်မိပါတယ်။
ဒီလို ဆင်ခြင်မိရာကနေလည်း စစ်အာဏာရှင်စနစ်ကို နည်းမျိုးစုံ ပေးဆပ်မှုမျိုးစုံနဲ့ တော်လှန်နေကြတဲ့ ကျမတို့ ပြည်သူတွေအတွက် စိုးရိမ်စိတ်ကလေးကလည်း ဝင်လာမိရဲ့။ စစ်မရောက်ခင် မြားမကုန်စေချင်ဘူးလေ။
အခက်အခဲ အကျပ်အတည်းကြားမှာ ကျမတို့ ဖိနှိပ်မှုကြားက သတ္တိရှိစွာ ရှင်သန် တော်လှန်ဖို့ ကျမတို့ မျိုးဆက်ရဲ့ တာဝန်ပဲမဟုတ်လား။ လိုရင်းကို ဆက်ကြစို့ရယ်။
ကျမ ပြီးခဲ့တဲ့ နှစ်အချို့မှာ မြန်မာပြည်ထဲက စစ်တပ်ရဲ့လက်လှမ်းမမီရာ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေရဲ့ ထိန်းချုပ်ရာ နေရာအချို့မှာ နေ့ရက်အချို့ကို ဖြတ်သန်းခဲ့ရဖူးပါတယ်။ အဲဒီတုန်းကတော့ တိုက်ပွဲတွေသိပ်မရှိ ငြိမ်းချမ်းရေးစကားဝိုင်းတွေ ခေတ်စားခဲ့တဲ့ ကာလပေါ့။ အကြောင်းတိုက်ဆိုင်လို့ ကျမလည်း ထိုနေရာ အချို့ကို ရောက်ခဲ့ပါတယ်။
ကျမရောက်ခဲ့တဲ့ နေရာတွေဟာ မြန်မာပြည်ရဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာသာမက ကမ္ဘာမှာပါဂုဏ်သိက္ခာရှိစွာနဲ့ ရပ်တည်နေကြတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ကြီး နှစ်ဖွဲ့ရဲ့ ထိန်းချုပ်ရာ နေရာတွေပါပဲ။
မြန်မာစစ်တပ်ရဲ့ ယုတ်မာလှတဲ့ ဖြတ်လေးဖြတ်လို ဗျူဟာသုံး တိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခံ ခဲ့ရတဲ့ အဖွဲ့တွေလည်းဖြစ်တော့ သူတို့ ဘယ်လိုများ ဒီလို အန်တုနိုင်ခဲ့သလဲဆိုတာမျိုး အဲဒီတုန်းက ကျမဖြင့် အမြဲ အံ့ဩ နေမိခဲ့ပါတယ်။
ကျမ ဉာဏ်မီသလောက် ဒီအဖြေကို ရှာခဲ့ပါတယ်။ ထိုနေရာတွေကို ရောက်တုန်းက ကျမ အဖြေအချို့ကို ရှာတွေ့ခဲ့ပါတယ်။ ထိုအဖွဲ့တွေမှာ ထိုအဖွဲ့တွေရဲ့ ထိန်းချုပ်ရာနေရာတွေမှာ နောက်ကျောလုံသော တော်လှန်ရေးမျိုး ကို ကျမတွေ့ခဲ့ပါတယ်။
နောက်ကျောလုံတယ်လို့ ညွှန်းရတာက ယုံကြည်ချက်ပြတ်သားတယ်၊ ခံယူချက်ရှင်းရှင်းလေး၊ တော်လှန်ရေးအတွက် လိုအပ်တဲ့ ရိက္ခာ၊ လက်နက်၊ ပညာတွေ အတွက် အမြဲဖြည့်နိုင်မယ့် နည်းတွေကို ရှာထားတယ်။ ကြိုတင်ပြင်ဆင်မှုလုပ်တယ်။ အရပ်တပါးကို တခုခုအတွက် မှီခိုနေရမှုကို တတ်နိုင်သမျှ လျှော့ချထားတယ်။
ဒီနေရာမှာ ကျမဖြင့် စစ်ရေးစစ်ရာ အများကြီး နားမလည်ပါဘူး။ ကျမမြင်ခဲ့ရတဲ့ ရိက္ခာ နောက်ကျောလုံ မှုကို တည်ဆောက်ထားတာကြီးကိုတော့ ကျမ မျှဝေချင်တယ်။ ကျမ တို့ ဗိုက်ဟောင်းလောင်းနဲ့ တော့ တော်လှန်ရေးမှာ ကြံ့ကြံ့ခံဖို့ မလွယ်ဘူးမဟုတ်လား။
ကျမရောက်ခဲ့တဲ့ နေရာနှစ်ခုစလုံးမှာ တူညီတဲ့အချက်က အစားအစာဖူလုံရေးကို အင်မတန်အလေးဂရုထား တာပါပဲ။ မြန်မာစစ်တပ်ရဲ့ ရိက္ခာလမ်းကြောင်းဖြတ်တာ၊ စားနပ်ရိက္ခာတွေကို ဖျက်ဆီး မြေလှန်ပစ်တဲ့ ယုတ်မာမှုမျိုး ကို ကြုံခဲ့ရလို့လည်းပါမယ်ထင်တယ်။
အဲဒီနေရာတွေမှာ နေထိုင်တဲ့ ဒေသခံတွေ၊ တော်လှန်ရေး ရဲမေ၊ ရဲဘော်တွေအကုန်လုံးနီးပါးဟာ သူ့နည်းသူ့ဟန်နဲ့ အစားအစာထုတ်လုပ်သူတွေ ဖြစ်နေတာပါပဲ။ အသက်ရှင်ဖို့ အခြေခံ အစားအစာရှာဖွေ စားသောက်တတ်ဖို့ ကျွမ်းကျင်မှု ရှိကြသူတွေ၊ ကိုယ့်ဝမ်းကိုယ်ကျောင်းတဲ့ သူစစ်စစ်ကြီးတွေလို့တောင် ပြောချင်တယ်။
သူတို့ဟာ ပြည်မဘက်က ဆန်တွေ မရှိလည်း အဆင်ပြေတယ်။ ဆီမရလို့လည်းကိစ္စမရှိ။ ကြက်တွေ၊ ဝက်တွေနဲ့ အခြားသော တိရစ္ဆာန်လေးတွေကိုလည်း မွေးထားကြတယ်။
သူတို့ဒေသမှာ သဘာဝ အစားအသောက်တွေ ထွက်တဲ့ နေရာတွေကို ထိန်းသိမ်းထားတာများ အခမဲ့ စူပါမားကက်ကြီးလို့တင်စားရမလိုပဲ။ ငါးမဖမ်းရနေရာ၊ သစ်ပင်မခုတ်ရနေရာတွေနဲ့။ အရေးကြုံရင် အသင့်ဖြစ်နေအောင် စီမံထားမှုများ ဩချရပါတယ်။
အဲသည်ဒေသက လူတွေမှာ အခမဲ့ သဘာဝ စားစရာတွေ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုရနိုင်သလဲ ဘယ်လို ထိန်းသိမ်းရမလဲ ပြင်ဆင်ရမလဲ ဆိုတဲ့ ဘဝပေးပညာရပ်ကြီးဟာ စွဲနေတာပဲ။
သူတို့နဲ့ သည်လို တောစားစရာအကြောင်း ပြောကြရင်တော့ ကိုယ်တွေက နားထောင်ရုံတင် တတ်နိုင်တယ်။ အမဲလိုက်တဲ့ အတတ်မျိုးကို အမျိုးသားကော အမျိုးသမီးပါ သိနေတာမျိုး။ သဘာဝ တိုင်းရင်းဆေးဝါးဆိုရင်လည်း တော်ရုံရောဂါလောက်ကိုတော့ အေးဆေး။ သူတို့ကလည်း အမြဲတမ်း စိုက်ဟယ်ပျိုးဟယ်၊ သွားဟယ် လာဟယ်နဲ့ ၊ စားကြတော့လည်း လတ်ဆတ်တဲ့ အစားအသောက် ဆိုတော့ ကျန်းမာကြတယ်။ ကျစ်လစ်ကြတယ်။
သည်လိုနိစ္စဓူဝ ရှင်သန်ရေး ကိစ္စတွေမှာ သူတို့ဟာ ကိုယ်တိုင် အစားအစာထုတ်၊ သို၊ စားသောက်၊ စိုက်ပျိုး၊ မွေးမြူ၊ ထိန်းသိမ်း တဲ့အလေ့ကို စွဲနေအောင် အလေးထား ကြပါတယ်။ ဒီလိုနည်းနဲ့ အစားအစာဖူလုံအောင်ကြိုးပမ်းသလို အစားအသောက်အတွက် အခြားတပါးသော အရပ်ကို မှီခိုရမှုကိုလည်း လျှော့ချထားပြီးသားဖြစ်ပါတယ်။ ငွေစက္ကူမရှိလို့ ငတ်သေမဲ့ အဖြစ်မျိုးမရှိပါဘူး။
သူတို့ရဲ့တော်လှန်ရေးခရီးဟာ ကြမ်းတမ်းမှုအပြည့်နဲ့ ဆယ်စုနှစ်ချီ ခရီးရှည်ဖြစ်လေတော့ သူတို့ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်း ဟာလည်း တက်လာတယ်ထင်ပါတယ်။ ကျမတို့ အခုကြုံနေရတာကလည်း ကြမ်းတမ်းတဲ့ တော်လှန်ရေးကာလပါ။ သိပ်ပြင်ပြင်ဆင်ဆင် မရှိဘဲ ဒီခရီးကြမ်းကို စခဲ့ရရာကနေ အခုတော့ ကျမတို့ အတိုင်းအတာတစ်ခုအထိ ခရီးရောက်နေပါပြီ။
ဒီတော်လှန်ရေး ကို နည်းမျိုးစုံနဲ့ပါနေသူတွေအနေနဲ့ ကျမဖြင့် ကျမတို့ကိုယ်တိုင် စားနပ်ရိက္ခာ နောက်ကျောလုံအောင် ပြင်ပြင် ဆင်ဆင်ရှိဖို့ လိုပြီလို့တွေးမိပါတယ်။ နောက်တောင် ကျနေမလားပါပဲ။ အရင်ကလို စစ်တပ်ရဲ့ ယုတ်မာတဲ့ ဖြတ်တောက်မှု ဗျူဟာတွေဟာ အခုအခါမှာ ပုံစံအသစ်နဲ့ ကျမတို့ ပြည်သူတွေအပေါ်မှာ ကျင့်သုံးနေတယ်ဆိုတာ စေ့စေ့တွေးကြည့်ရင် မြင်နိုင်ပါတယ်။
ဖုန်းလိုင်းတွေ နေရာအချို့မှာ ဖြတ်ထားတယ်၊ လူသုံးများတဲ့ ဖုန်းအင်တာနက် လိုင်းတွေကို ဈေးမြှင့်ထားတယ်၊ ကုန်ပစ္စည်းအချို့ကို ထိန်းချုပ်လိုက်ပြီး ဈေးတက်စေတယ်၊ ပစ္စည်းသယ်တဲ့ လမ်းတွေမှာ ဂိတ်တွေကြောင့် ကုန်သည်တွေ ပေးရကမ်းရနဲ့ ဈေးမတက်ခံနိုင်ရိုးလား။
နယ်စပ်ကုန်သွယ်ရေးတွေကို ကျပ်လိုက်တာကြောင့်လည်း တချို့ပစ္စည်းတွေဟာ ဝယ်မရအောင်ဖြစ်သွားသလို ဈေးကလည်း မိုးထိုးသွားတယ်။ တဖက်မှာ ဘဏ်တွေက ငွေထုတ်ခွင့်ကို ကန့်သတ်တာ၊ အာဏာသိမ်းမှု အကျိုးဆက်ကြောင့် လုပ်ငန်းတွေ ကမောက်ကမဖြစ်၊ ငွေကြေးဖောင်းပွမှုနှုန်းက ၁၀ ရာခိုင်နှုန်းဝန်းကျင်မှာ ရှိတာမို့ ပြည်သူတွေမှာ နူရာဝဲစွဲ ဆိုသလိုပါပဲ။ ဝန်ထမ်းလစာကို မှီခိုနေရတဲ့ မိသားစု အချို့မှာ ရဲဝံ့စွာနဲ့ အကြမ်းမဖက် အာဏာဖီဆန် (CDM) ကြတာကြောင့် ဝင်ငွေမရှိတာကလည်း ဒုက္ခပါပဲ။
အဓိကကတော့ အချိန်ရောက်ရင် ဆာဆာလာတတ်တဲ့ သမုဒ္ဒရာ ဝမ်းတထွာ ကိစ္စ။ ဒီလို အကျပ်အတည်း အဖိအနှိပ်တွေကြားက ကျမတို့ ရဲ့ ရဲဘော်များကို နိုင်ရာက ထောက်ပံ့ရပါသေးတယ်။ ကျမတို့တတွေ သည်လို ကြံ့ကြံ့ခံနေရခြင်းကတော့ ရှင်းပါတယ်။ ကျမတို့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ပြည်ထောင်သစ် တည်ဆောက်ရေးပါပဲ။
ဒီနေရာမှာ ကျမတို့တတွေ ကြုံနေရတဲ့ ဒုက္ခအချို့ကို လျှော့ချဖို့၊ တော်လှန်ရေးကို အားဖြည့်ဖို့အတွက် ကျမတို့ရဲ့ ဝမ်းစာဖူလုံမှုကို အလေးထားပြင်ဆင်ကြဖို့လိုမယ်လို့ ကျမတော့ ယုံကြည်ပါတယ်။ ကျမတို့ စားတတ်တဲ့ အသီးအပွင့်တွေ၊ စားပင်သောက်ပင်တွေ စိုက်ထားရင် ကျမတို့မှာ အခြားစရိတ်အချို့လျှော့ချနိုင်မယ်။ သဘာဝက ရတဲ့ အစားအစာကို တန်ဖိုးထားပြီး ဘယ်လို ထိန်းသိမ်းမလဲ၊ သိုလှောင်မလဲ လေ့လာပြီး လုပ်ကြကိုင်ကြရင်၊ နေပုံထိုင်ပုံ စားသောက်ပုံပြောင်းကြရင် ကျမတို့ ပိုပြီး ပြင်ပကို မှီခိုမှုလျှော့နိုင်မယ်ထင်ပါတယ်။
ပိုပိုလျှံလျှံ စိုက်ထားရင် ကိုယ့်မိတ်ဆွေတွေ၊ ရဲဘော်တွေကို ကုန်ကျစရိတ်နည်းနည်းနဲ့ အာဟာရဖြစ် လတ်ဆတ်တဲ့ အစားအသောက် ပံ့ပိုးနိုင်မယ်။ ရှေးက ကျမတို့ ဘိုးဘွားမိဘများ မိုးစာသိုတယ်၊ ပိန္နဲစေ့ကလေး မြေလူးလို့ သိမ်းထားတယ်၊ ငါးခြောက်ငါးခြမ်းသိမ်းကြတယ်၊ ချွေချွေတာတာစေ့စေ့ပေါက်ပေါက်နဲ့ အာဟာရဖြစ်အောင် အလေအလွင့်မဖြစ်အောင် စားသောက်တတ်ခဲ့ကြပါတယ်။
ကျမတို့ခေတ်မှာ ငွေစက္ကူရှိတိုင်း အရာရာ အလွယ် ဝယ်လို့ရတယ်ရယ်လို့ ဖြစ်လာပေမဲ့ ယခုကာလကြီးမှာ သည်လိုဖြင့်တွေးလို့မတော်တော့ပါဘူး။ အချိန်နဲ့ အမျှ အပြောင်းအလဲ ဖြစ်နေတယ်မဟုတ်လား။ ထိုင်းက ဈေးကားမလာလည်း ကျမတို့ အဆင်ပြေတတ်ဖို့လိုတယ်။ ရန်ကုန်က ကားလမ်းတွေ ပိတ်သွားရင် ကျမတို့မှာ ချက်ချင်းမငတ်သွားအောင် အစားထိုးစရာတစ်ခုခုရှိနေသင့်တယ်။
ဒီကာလကြီးမှာ ဘာမဆို ဖြစ်နိုင်တာမို့ ပြင်ပြင်ဆင်ဆင်ကလေး ရှိဖို့ ကျမပြောချင်တာပါပဲ။ ကျမတို့လက်ထဲမှာ ငွေစက္ကူတွေ၊ ရွှေတွေရှိပြီး ငတ်တဲ့ကာလလည်း ကြုံရင်ကြုံနိုင်တာပါပဲ။ တာရှည်ခံတဲ့ အစားအသောက်တွေကို တိုးကြိတ်ဝယ်စုကြလို့ ဈေးကွက်သဘောအရ ဈေးတွေထိုးတက်၊ ငတ်သူငတ်၊ ဝသူဝ ဆိုတာမျိုးလည်းမဖြစ်သင့်ပါဘူး။
ကျမတို့ကိုယ်တိုင် မထုတ်လုပ်နိုင်တဲ့ မရှိမဖြစ်အစားအသောက်ကလွဲရင် ကျန်တာတွေအတွက် ကျမတို့ဟာ တတ်နိုင်သမျှ ကိုယ်တိုင် အစားအသောက် စိုက်ဖို့ ထုတ်ဖို့ သိုဖို့ စနစ်တကျ စားဖို့ အထူးသဖြင့် ဒီကာလမှာ ကြိုးပမ်းကြစေချင်တာပါပဲ။ ကျမတို့က အခုမှ သည်လိုတွေကြုံတာကြောင့် သည်လိုတိုက်တွန်းနေရတာမျိုးဆိုပေမဲ့ စစ်တပ်ရဲ့ လူမဆန် ယုတ်မာမှုတွေကို နှစ်ပေါင်းများစွာမျိုးဆက်များစွာ ကြုံလာခဲ့ရတဲ့ နေရာက တိုင်းရင်းသားဒေသအချို့မှာတော့ ရိက္ခာနောက်ကျောလုံမှုဆိုတာ သူတို့ရဲ့ နေ့စဉ်ဘဝထဲမှာ ပါပြီးသားဖြစ်နေပါပြီ။
သူတို့ဆီက ကျမတို့ အမြန်သင်ယူ တတ်ကြဖို့လိုပါတယ်။ ကျမတို့ဟာ ကျမတို့လိုချင်တဲ့ အရာအတွက် ကျမတို့ ပြောင်းလဲနိုင်ရမယ်။ ပြောင်းလဲနိုင်အောင်လည်း ကြိုးပမ်းရမယ်။ အခုလို နည်းပေါင်းစုံနဲ့ ကိုယ်စားဖို့ကိုယ်ထုတ်နိုင်ရုံမက ကူဖို့ပါ ပြောင်းလဲနိုင်ရင်တော့ သာ၍ကောင်းတာပေါ့ရှင်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရှုထောင့်က ကြည့်ရင်လည်း သည်လို ကိုယ်စားဖို့ကိုယ်စိုက်တာက မြေကမ္ဘာကို စောင့်ရှောက်ရာရောက်ပါတယ်။
ကျမတို့ ကိုယ်တိုင်နဲ့ ကျမတို့ရဲဘော်များအတွက် နောက်ကျောလုံသော တော်လှန်ရေး ဖြစ်လာစေဖို့ အကြောင်းတစ်ခုဖြစ်တဲ့ စားနပ်ရိက္ခာ တနည်းနည်းနဲ့ဖူလုံဖို့ ကြိုးပမ်းကြစို့လို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါရဲ့။
(စခန်းတွေမှာ ရသလောက် အပင်စိုက်၊ မွေးမြူရေးလုပ်၊ တောစာရှာ နေကြရင်း တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တဲ့ ကျမတို့ ရဲမေ၊ ရဲဘော်များကို သတိတရ ချစ်ခင်လျက်)
ငြိမ်း
