အမှောင်ရိပ်အောက်မှာ

အမှောင်ရိပ်အောက်မှာ

(အက်ဆေး)

ကိုရင်မောင် ဆုံးပြီတဲ့ ။ မနက်လင်းလင်းချင်း ကြားရတဲ့ ဖုန်းသတင်းစကားက လူကို နာကျင်ဆွံ့အ သွားစေတယ်။ �

ကိုရင်မောင်ဆိုတာက ရွာမှာ လူချစ်လူခင်များသလို ရွာရဲ့ သာရေးနာရေးပွဲမှန်သမျှ အောက်ခြေသိမ်းကအစ သူမပါရင် မပြီးအောင် ဖင်ပေါ့ တက်ကြွသူ၊ ဦးစီးဦးဆောင်ပြုတတ်သူလည်းဖြစ်တယ်။ ဘယ်အရာကိစ္စကိုမဆို စိတ်ရင်းနဲ့ ကူညီတတ်သူမို့ အပေါင်းအသင်းမိတ်ဆွေလည်း များတယ်။

ကိုရင်မောင်ဟေ့ဆိုရင် အနီးအနားဟိုဘက်ရွာ ၊ ဒီဘက် ရွာ သတင်းက ပျံ့မွှေးနေပြီးသားပဲ။ အကြောင်းကြီးငယ်ကိစ္စဝိစ္စရှိပြီဆိုရင်လည်း ကြုံတဲ့သူနဲ့ ကိုရင်မောင့်ကို အခေါ် ခိုင်းရတာမျိုးပဲ။ အဲဒီလိုဆို ကိုရင်မောင်ကလည်း ဘယ်ရွာနေနေ ငေါက်ခနဲကောက်ထပြီး လိုအပ်တာအကုန်သွား လုပ်ပေးတော့တာပဲ။

ကိုရင်မောင်ရဲ့ တရားဝင် သတ်သတ်မှတ်မှတ် အလုပ်ကတော့ အောက်ခြေလခစားအစိုးရဝန်ထမ်း ၊ ၄၈၀၀ စားပေါ့။ ရွာဘက်နယ်ဘက်က အစိုးရဝန်ထမ်းဆိုတော့လည်း ရုံးထိုင်ပြီး လုပ်နေစရာမလိုတော့ ကိုရင်မောင့်အတွက်က ဟိုရွာ၊ ဒီရွာဆီ သွားရင်းလာရင်း သူ့အလုပ်ကို ကြုံရင်ကြုံသလို ကျွဲကူးရေပါ လုပ်လေ့ရှိတယ်။ အဲဒီအတွက် ဘယ်သူ ကမှ ကိုရင်မောင်ကို အပြစ်မဆိုကြဘူး။ တချို့ ရုံးပြင်ကန္နားမလာချင်ကြသူတွေက အဲဒီလိုလုပ်လို့ ကိုရင်မောင်ကို ကျေးဇူးတောင် တင်ကြသေးတယ်။

ကိုရင်မောင့် ပုံစံက ဝဝဖိုင့်ဖိုင့် ။ မျက်နှာက အမြဲလို ပြုံးချိုနေလေ့ရှိတယ်။ ကျန်းမာရေးတော့ အတော်လေး လိုက် စားသူမို့ သူ့ကြည့်လိုက်ရင် ဝဖိုင့်ပေမဲ့ သွက်သွက်လက်လက်လက်ပေါ့ပေါ့ပါးပါးပဲ။

တစ်ခုရှိတာက ကိုရင်မောင့်မှာ သူအဖေဘက်ဆီက မျိုးရိုးလိုက်တဲ့ ဆီးချိုဝေဒနာ အခံရှိတာပဲ။ အဲဒါကြောင့်ပဲ ကိုရင်မောင်က ကျန်းမာရေးကိုပို လိုက်စားတယ်။ အစားအသောက်ဆင်ခြင်တယ်။ ဆေးမှန်မှန်သောက်တယ်။ နေမကောင်းဖြစ်မှာ၊ ဝေဒနာတစ်ခုခု အကြီးအကျယ်ခံစားရမှာကို ကိုရင်မောင် သေလောက်အောင် ကြောက်တယ်။

သူ့အဖေရဲ့ညီမ သူ့အဒေါ်တစ် ယောက် ဆီးချိုရောဂါကြောင့် ဝေဒနာအပြင်းအထန်ခံစားရပြီး တိမ်းပါးသွားတာကို ကြုံတွေ့မြင်ရပြီးကတည်းက ဝေဒနာခံစားရမှာကို ကိုရင်မောင် ပိုကြောက်သွားတာ။ တစ်ခါသား ဆိုင်ကယ်မှောက်ပြီး သုံးချက်လောက်ချုပ်ရ တာမှာ ဒဏ်ရာတွေအရှင်းပျောက်ပြီး အတော်ကြာတဲ့ထိကို ကိုရင်မောင့်ခဗျာ ဝေဒနာခံစားလို့မပြီးဘဲ စုတ်တသပ် သပ် ရှိနေတုန်းပဲ။ ဝေဒနာဆိုရင် အဲဒီလိုကို ကိုရင်မောင့် ကြောက်စိတ်က ငယ်ထိပ်ရောက်နေတော့တာ။

ကိုရင်မောင့်မှာ အသက် ၇ နှစ်အရွယ် သမီးလေးတစ်ယောက်ရှိတယ်။ အမျိုးသမီးက အရွယ်လွန်ချိန်မှ မထင်မှတ်ဘဲ ကိုယ်ဝန်လွယ်ပြီး ရလာခဲ့တဲ့ သမီးလေးမို့ ကိုရင်မောင်က တုန်နေအောင် ချစ်တယ်။ ကိုရင်မောင့် အမျိုးသမီးက တော့ အခုခေတ် ကျားမ မခွဲခြားဘဲဆိုတဲ့စကားအရဆိုရင် အိမ်ထောင်ရှင်မ သက်သက်ပဲဆိုပါတော့။

တစ်မိသားစုလုံး ကိုရင်မောင်ရဲ့ မဖြစ်ညစ်ကျယ် ဝန်ထမ်းလစာရယ် ၊ အစိုးရရုံးဝန်ထမ်းတို့ထုံးစံ ဟိုကဒီက ကြားပေါက်ရတဲ့ ဝင် ငွေလေးရယ်ကိုပဲ လောက်ငဖူလုံအောင် သုံးစွဲနေထိုင်ကြတာဖြစ်တယ်။ သူ့အခြေအနေနဲ့ သူအကျိုးအကြောင်း သင် တင့်မျှတ အဆင်ပြေလို့ပါ ဆိုတာမျိုးပါပဲ။ အရာအားလုံးပျော်ပျော်ရွှင်ရွှင်ပဲပေါ့။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတော့ ဆိုင်ကယ်မှောက်တုန်းက ရတဲ့ဒဏ်ရာကို ဝေဒနာခံရခက် စုတ်တသပ်သပ် ရှိသလိုမျိုး ကိုရင်မောင်တစ်ယောက် တစ်ချိန်လုံး စုတ်တသပ်သပ်ရှိနေခဲ့တယ်။ သူ့သမီးလေးကို လည်း အရင်ထက်ပိုပြီး ပွေ့ပွေ့ပိုက်ပိုက်ရှိနေခဲ့တယ်။ ညဆို အိမ်ရှေ့ကွပ်ပစ်မှာ ညည့်နက်သန်းခေါင်ထိ ငူငူကြီး ထိုင်နေတတ်လို့ သူ့မိန်းမက အိပ်ထဲဝင်အိပ်ဖို့ ထထခေါ်ရတယ်။

စစ်အာဏာသိမ်းပြီး တစ်ပတ်လောက်ကြာတော့ ရွာကရုံးဝန်ထမ်းအစုအဖွဲ့တွေထဲ ကိုရင်မောင် ပထမဦးဆုံး CDM စလုပ်တော့တာပဲ။ ဒီကောင်တွေအတွက် ဘာမှ လုပ်မပေးချင်ဘူး။ မကျေနပ်လို့ လာဖမ်းချင်လည်း ဖမ်းခံလိုက်မယ်ဆိုပြီး ကိုရင်မောင် CDM လုပ်ခဲ့တာပဲ။

ရွာက ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေမှာလည်း အတက်ကြွဆုံး ကိုရင်မောင်ပါဝင်ခဲ့တယ်။ ကိုရင်မောင့် အမျိုးသမီးကတော့ နဂိုကတည်းက ကိုရင်မောင့်မျက်နှာ တစ်ကမ္ဘာ ၊ စိတ်ချမ်းသာရင် လုပ်ချင်တာလုပ်ပါစေ သဘောထားရိုးသူမို့ ကိုရင်မောင် အခုလို လုပ်တာကို တစ်ခွန်းတပါဒမှ တားမြစ်ငြူစူတာမရှိဘူး။

CDM မို့ ဝန်ထမ်းလိုင်းခန်းက ဖယ်ရတော့ ကိုရင်မောင်ခေါ်ရာ အထုတ်ကလေးဆွဲပြီး လိုက်လာတာပဲ။ ကိုရင်မောင်လည်း ရွာထဲက အသိမိတ်ဆွေတစ်ယောက်ရဲ့ အိမ်ခြံဝင်းအလွတ်လေးထဲမှာ နေဖို့ခွင့်တောင်းပြီးနေတယ်။ ခြံဝင်းထဲ အဖီတဲလေးထိုးပြီးနေကြတယ်။ ဘယ်သူ့ဆီကမှလည်း သီးခြား အထောက်အပံ့ အကူအညီမတောင်းဘူး။

အပေါင်း အသင်း မိတ်ဆွေများတော့ ဟိုကဒီကပေးလာတဲ့ အထောက်အပံ့လေးနဲ့ နေစရာမရှိပေမဲ့ စားစရာအတွက် ကိုရင်မောင်တို့ တကူးတက မပူပန်ရဘူးဆိုပါတော့။ ကိုရင်မောင်ကိုတိုင်လည်း ကြုံရာကျပန်းအလုပ်တွေ အကုန်လုပ် ရင်း မိသားစုကိုရှာဖွေကျွေးမွေးတယ်။

အစပိုင်းတော့ CDM သမားမို့ ဟိုကဒီက အထောက်အပံ့ အကူအညီပေးတာတွေ၊ အလုပ်အကိုင် အခွင့်အလမ်းပေး တာတွေ ဖောဖောသီသီရှိခဲ့ပေမဲ့ နောက်ပိုင်း CDM သမားတွေနဲ့ သူတို့အတွက် ကူညီပေးသူတွေကို စစ်တပ်က ဖိနှိပ် ဖမ်းဆီးတာ၊ ကျူးလွန်ရက်စက်တာတွေ တစတစများလာတော့ ကိုရင်မောင့် အပေါင်းအသင်းတွေလည်း ကိုရင်မောင့်ကို ကူညီထောက်ပံ့တာတွေ လျော့လာကြတယ်။

တိုးတိုးလာတဲ့ စစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေ၊ ရွာ မီးရှို့ဖျက်စီးတာတွေကြောင့် တချို့အပေါင်းအသင်းတွေလည်း ရွာတွေမှာမနေတော့ဘဲ မြို့ဆီဘက်ပြောင်းသွားကြ တာမို့ ကိုရင်မောင်နဲ့ အဆက်ပြတ်ကုန်ကြတယ်။ အလုပ်အကိုင်ကလည်း တစ်နေ့တခြား ရှားလာခဲ့တယ်။ ကာလ ကြာလာတာနဲ့အတူ အရာရာ အဆင်မပြေမှုတွေများလာတော့ ကိုရင်မောင်လည်း အရင်လိုမျိုး တက်တက်ကြွကြွ ပုံစံကနေ တဖြည်းဖြည်း ပါးလျနှုန်းခွေကျလာတယ်။ ဒါပေမဲ့ ကျန်းမာရေးကိုတော့ ဂရုစိုက်ဆဲပဲ။ တစ်နေ့တာကြုံ ရာကျပန်းရတဲ့ အလုပ်ကလေးတွေဖိလုပ်ရင်း မိသားစုအတွက် ရုန်းကုန်နေဆဲပဲ။

အခုတော့ ကိုရင်မောင်ဆုံးပြီတဲ့။ ဆုံးရပုံ အကျိုးအကြောင်းမေးကြည့်တော့ အောက်ဆီဂျင်ပြတ်ပြီး ဆုံးတာတဲ့။ ဘယ်လိုဖြစ်တာလဲဆိုတော့ အလုပ်အကိုင်ကလည်း အဆင်မပြေ ၊ ဝင်ငွေကလည်းနည်းလာ ၊ မိသားစုစားဝတ် နေ ရေးကလည်းရှိဆိုတော့ တစ်နေ့စာ ဝင်ငွေရပေါက်ရလမ်းအတွက် ရနိုင်သမျှ ကြုံရာကျပန်း အလုပ်ကလေးရဖို့ အားထုတ်လုပ်ကိုင်နေရတာမို့ လူကအရင်လို ကျန်းမာရေးလည်း သေချာမလိုက်စားနိုင်၊ ဆေးလည်းပုံမှန်မသောက် ဖြစ်တော့ အခုရက်တွေထဲ ဆီးချိုပြန်တက်နေတယ်တဲ့။ ဆီးချိုအခံရှိတဲ့ကိုရင်မောင့်ကို မိတ်ဆွေတွေကလိုရမယ် ရဆိုပြီး ဟိုအရင်ကတည်းက အောက်ဆီဂျင်အိုးလေးတစ်လုံးဝယ်ထားပေးတယ်။

ပြီးခဲ့တဲ့ ရက်တွေထဲတော့ ကျပန်းအလုပ်ကလေးရှိလို့ ပြန်လုပ်နေရင်း လူကနေ ကောင်းသလိုရှိလာ၊ မိသားစုအတွက်ကလည်း ငွေလိုတော့ မိတ်ဆွေတွေပေးထားတဲ့ အောက်ဆီဂျင်အိုးလေးကို ပြန်ရောင်းလိုက်တယ်တဲ့။ သေ မယ့်နေ့ကတော့ အလုပ်ကပြန်လာပြီး မောသလိုရှိနေတာနဲ့ လှဲနေရင်းက အောက်ဆီဂျင်ကျပြီး ဆုံးတာပဲတဲ့။

�ဘာပြောရမှန်းမသိအောင် နာကျင်ဆွံ့အသွားမိတယ်။ ဖြစ်တဲ့အချိန်က ညကြီး ၁ နာရီလောက်ဆိုတော့ အကူအညီ တောင်းဖို့ကလည်း ဘယ်လိုမှအဆင်ပြေမနေခဲ့ဘူး။ ဘယ်သူ့ဆီကို အကူအညီတောင်းရမှန်းလည်း မသိဘူး။ ကျန် ရစ်တဲ့ အမျိုးသမီးနဲ့သမီးဆိုတာကလည်း နဂိုကတည်းကမှ ကိုရင်မောင့်မျက်နှာ တစ်ရွာထင်နေလာခဲ့ကြသူတွေ ဆိုတော့ ညကြီးဘာမှမလုပ်တတ်၊ မကိုင်တတ်နဲ့ပေါ့။

ကိုရင်မောင် အလုပ်ကပြန်လာပြီး မောလို့ဆို လှဲနေတဲ့ အဖီဘေး တရုတ်စကားပင်အောက် ကွပ်ပြစ်ပေါ်ကနေ အလောင်းကို အဖီတဲ အထဲထိ မရွှေ့ဖို့ကိုတောင် သားအမိနှစ်ယောက် မဝံ့ရဲကြဘူး။

အဲဒီနေ့ညက ဆောင်းတွင်းကြီးကိုပဲ မိုးက ရွာနေခဲ့ပြန်တယ်။ တစ်ညလုံးဖြောက်ဖြောက်ရွာနေတဲ့မိုးဖွဲအောက် ကိုရင်မောင့်ရဲ့ အသက်မဲ့ခန္ဓာဟာ တရုတ်စကားပင်အမှောင်ရိပ်ထဲ ဆန့်ဆန့်ကြီး ရွှဲစိုနေခဲ့လို့ပေါ့။

ညီမင်းဆက်

The Tanintharyi Times