တန့်ယန်းမှာ အွန်လိုင်းငွေလိမ်သူ ၄၅ ဦးကို ဖမ်းမိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်

တန့်ယန်းမှာ အွန်လိုင်းငွေလိမ်သူ ၄၅ ဦးကို ဖမ်းမိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်

ရှမ်းပြည်မြောက်ပိုင်း ၊ တန့်ယန်းမြို့နယ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား အပါအဝင် လူ ၄၅ ဦးကို ဖမ်းမိရမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

တန့်ယန်းမြို့နယ်အတွင်း အွန်လိုင်းအသုံးပြုပြီး ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၁၈ ဦးနဲ့ မြန်မာနိုင်ငံသား ၂၇ ဦးတို့ကို လုပ်ငန်းဆက်စပ်ပစ္စည်း၊ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်ဆီးရမိကြောင်း စစ်ကောင်စီသတင်းစာကနေ ထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့က စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ တန့်ယန်းမြို့နယ်၊ နောင်ဟီကျေးရွာရှိ နေအိမ်တစ်အိမ်ကို ဝင်ရောင်ရှာဖွေ စစ်ဆေးရာမှာ တရုတ်နိုင်ငံသား အမျိုးသား ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၀ ဦးတို့ကို ဖမ်းဆီးရမိပြီး လက်ရှိမှာတော့ တန့်ယန်းမြို့မရဲစခန်းမှာ အီလက်ထရောနစ် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃ (က)၊ လဝကအက်ဥပဒေပုဒ်မ ၁၃ (၁) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။

အဆိုပါ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူတွေကို ဖမ်းဆီးစဉ်မှာ သူတို့နဲ့အတူ ကွန်ပျူတာ ၂၆ လုံး၊ Star Link တစ်စုံ၊ ဖုန်းအလုံးရေ ၁၃၀၊ ပစ္စတိုသေနတ် တစ်လက်၊ Beretta SMM အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ကျည်တောင့်တွေ၊ ဆိုင်ကယ်၊ မီးစက်၊ ခြောက်ဘီးယာဉ်တစ်စီးနဲ့ လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာလ ၁၉ ရက်ကလည်း တန့်ယန်းမြို့နယ်မှာ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ ၁,၀၀၀ ကျော်ကို “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဖမ်းဆီးခဲ့တာ ရှိပါတယ်။

ယင်းဖမ်းဆီးမှုထဲမှာ တရုတ်နိုင်ငံသား ၇၆၂ ဦးကို UWSA က တရုတ်နိုင်ငံအစိုးရဆီ လွှဲပြောင်းခဲ့ကြောင်း “ဝ” သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

တန့်ယန်းမြို့ထဲ ကျားဖြန့်လုပ်ကိုင်နေသူတွေကို UWSA က ပထမဆုံးအကြိမ်အနေနဲ့ ဖမ်းဆီးတာ ဖြစ်ပြီး အခု စစ်ကောင်စီက အွန်လိုင်းကနေ ငွေလိမ်သူတွေကို ထပ်မံ ဖမ်းဆီးတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဆိုတာ ပါရှိပြီး အဆိုပါ ပူးပေါင်းအဖွဲ့ထဲမှာ UWSA ပါဝင်ခြင်း ရှိ/မရှိနဲ့ မည်သည့်အဖွဲ့ ပါဝင်ထားသလဲဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါ။

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရဲ့ တပ်ဖွဲ့ဝင်အင်အား ထောင်ချီတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ တန့်ယန်းမြို့ကို ဝင်ရောက်ခဲ့ပြီး ဒါဟာ ရှမ်းမြောက်ပဋိပက္ခတွေ တန့်ယန်းထဲ မကူးစက်လာအောင် ကြိုတင်ကာကွယ်ပေးဖို့ရန် ပြည်သူတွေ တောင်းဆိုချက်ကြောင့်လို့ ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ကို ကိုးကန့်တပ်မတော် MNDAA အလုံးစုံ သိမ်းပိုက်လိုက်ပြီးနေက် အချိန် တစ်ပတ်အကြာမှာပင် UWSA တပ်က တန့်ယန်းမြို့ကို ဝင်ရောက်နေရာယူလိုက်တာ ဖြစ်ပါတယ်။

The Tanintharyi Times