ဂျွန်ဂျူဝီ (ပညာအမွေအနှစ်၊ လူမှုအုတ်မြစ်)
ဂျွန်ဂျူဝီ (ပညာအမွေအနှစ်၊ လူမှုအုတ်မြစ်)

ပညာအတွေး၊ ဒဿနအမြင် (၇)
အပိုင်း (၁)
ပညာရေးသည် ပြောင်းလဲနေသော ဖြစ်စဉ်တစ်ရပ် ဖြစ်သည်။ ဘဝ တမျှလည်း ကျယ်ဝန်းပါသည်။ လူသား၏ဘဝသည် ဖြစ်နိုင်ခြေရှိသော အလားအလာများဆီသို့ ဦးတည်ရွေ့လျားနေသကဲ့သို့ ပညာရေးဖြစ်စဉ်သည် လည်း ဆက်၍ဆက်၍သာ ဖွံ့ဖြိုးတိုးတက်နေရပါသည်။ ဖွံ့ဖြိုးတိုးတက်နေမှု သည် အဆုံးသတ်ပန်းတိုင် မရှိပေ။ ထိုဖွံ့ဖြိုးတိုးတက်မှုများကို ကျော်လွန်၍ ဆက်လက်တိုးတက်နေသည်သာ ဖြစ်သည်။ ဤသည်မှာ ပညာရေးဖြစ်စဉ်နှင့် ပတ်သက်သော ဂျူဝီ၏ သဘောထားဖြစ်ပါသည်။
ပညာရေးအတွေးအခေါ်ကို လေ့လာမည်ဆိုပါက အမေရိကန်ပြည် သား ဒဿနပညာရှင် ဂျွန်ဂျူဝီ (John Dewey, 1859-1952)မပါလျှင် ပြီးပြည့်စုံမည် မဟုတ်ပေ။ ဂျူဝီသည် ချီကာဂိုတက္ကသိုလ်၏ ပါမောက္ခဖြစ်ရုံမက ၁၈၉၆ တွင် ဓာတ်ခွဲခန်းကျောင်း (Laboratory School)ဟူသော ကျောင်း သစ် တစ်ကျောင်းကို ကိုယ်တိုင်တည်ထောင်ခဲ့သူလည်း ဖြစ်လေသည်။ ဖရို ဘဲလ် (Friedrich Frobel, 1782-1852)၏ ပညာရေးလမ်းစဉ်ကို လိုက်၍ “ပူးပေါင်းဆောင်ရွက်လျက် လူ့ဘဝတွင် အဓိပ္ပာယ်ရှိရှိ နေထိုင်သွားနိုင်ရန် ကလေးသူငယ်များကို ပညာသင်ကြားပေးရမည်”ဟု အခြေခံအားဖြင့် ရည်ရွယ် ချက် ထားရှိလေသည်။
ဂျူဝီ၏ကျောင်းသည် အလုပ်ကို အခြေခံထားသော အလုပ်ကျောင်း ဖြစ်သည်။ အရေး၊ အဖတ်၊ အတွက်ကိုပင် အလုပ်လုပ်ရင်း၊ ကစားရင်းဖြင့် သင်ကြားပေးလေသည်။ ဂျူဝီသည် သူ၏ကျောင်းကို ကျောင်းအသွင်ပျောက်စေ ပြီး လူမှုအဆောက်အအုံအသွင် ပေါက်စေသည်။ စာသင်သည့်ဌာနတစ်ခု အဖြစ်သာမဟုတ်ဘဲ ဘဝအတွက် ပြင်ဆင်ပေးသည့် နေရာလေးတစ်ခုဟု ယူဆစေလိုသည်။ သူ၏ ကျောင်းသားများအား ငြိမ်သက်မနေ လှုပ်ရှားနေ စေသည်။ နားထောင်မနေ အလုပ်လုပ်နေစေသည်။ လူမှုဘဝအတွက် ထမ်းဆောင်ရန် အသင့်ဖြစ်နေစေသည်။ ပြိုင်ဆိုင်မှုများဖြင့်မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှု သင်ကြားပေးလေသည်။ သူ၏ ပညာရေးအတွေးအခေါ် များကို ဒီမိုကရေစီနှင့်ပညာရေး (Democracy and Education)ကျမ်းတွင် လည်းကောင်း၊ ကျောင်းနှင့်လူ့အဖွဲ့ အစည်း (The School and Society) ကျမ်းတွင်လည်းကောင်း အဓိကအားဖြင့် တွေ့ရှိရလေသည်။
ပညာရေးသည် လူမှုအဆောက်အအုံ၏ လုပ်ငန်းဆောင်တာ (Social Funtion)တစ်ရပ်ဟု ဖွင့်ဆိုပါသည်။ ဂျူဝီ၏အလိုအရ လူမှုဘဝ သက်ဆိုးရှည်နိုင်ရန်၊ ယဉ်ကျေးမှုများ တည်ရှိရပ်တည်နေနိုင်ရန် ပညာရေး သည် မရှိမဖြစ် လိုအပ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် ပညာရေးသည် လူမှုအမွေအနှစ်များနှင့် အခြားဖွံ့ဖြိုးတိုးတက်စေသော အရာအားလုံးကို မျိုးဆက်တစ်ခုမှ အခြား မျိုးဆက်တစ်ခုသို့ လက်ဆင့်ကမ်း ကူးပြောင်းပေးခြင်း ဖြစ်သည်။
ကူးပြောင်းသည်ဆိုရာ၌ အသင့်စီရင်ပြီးသား (Ready Made) အရာများကို လက်လွှဲ ကူးပြောင်းရုံသက်သက်ဖြင့် မလုံလောက်ပေ။ အပေး အယူသဘော (Give and Take)ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကူးပြောင်းရ ပါမည်။ ဤသို့အားဖြင့် အပြန်အလှန်သဘောဆောင်သော အပြုအမူများ (Interaction)၊ အပြန် အလှန်မှီခိုအားထားမှုများ (Interdependence)၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ (Co-operation)ကို ပြုလုပ်လာ နိုင်ပါသည်။ ဤပြုမူ ဆောင်ရွက်ချက်များကြောင့် လူသားတို့၏ ရည်ရွယ်ချက် ပန်းတိုင်များ၊ ယုံကြည်မှုများ၊တွေးတောကြံဆမှုများနှင့် အခြားအသိပညာများမှာ ပိုမို တောက်ပြောင်လာပြီး လူမှုအဆောက်အအုံအား အတွင်းသဘောအားဖြင့် ပြောင်းလဲစေနိုင်ပါသည်။
လူသားသည် သူ၏ကိုယ်ပိုင်ဖြစ်သော ဘဝဒဿန လောကအမြင် များ အလိုအရသာ နေထိုင်ရှင်သန်ပါသည်။ ထို့ကြောင့် လူ့ဘဝ၏ အပြုအမူ များအပေါ် ပညာဉာဏ်အားဖြင့် ချုပ်ကိုင်ထိန်းကျောင်းပေးရန် လိုအပ်ပါ သည်။ ပညာရေးသည် လူမှုဘဝ၏ ဆိုးယုတ်ညံ့ဖျင်းမှုများကို ဖယ်ထုတ်နိုင်ရန် နှင့် ကောင်းမွန်သော ဘဝအတွက် မျှော်လင့်ဆောင်ရွက်နိုင်ရန် လေ့ကျင့်ပေး ရပါမည်။ တစ်နည်းအားဖြင့်ဆိုသော် ပညာရေးသည် အလေ့အကျင့်များကို ပုံစံချပေးခြင်း (Habit Formation)ပင် ဖြစ်သည်။ အလေ့အကျင့်များကို ပုံစံချပေးသည်ဆိုရာ၌ ပုံသေဖြစ်သော ပတ်ဝန်းကျင်နှင့်ကိုက်ညီအောင် ညှိနှိုင်းဆောင်ရွက် ပြုမူစေခြင်းမျိုးမဟုတ်ပေ။
ကောင်းသောအလေ့အကျင့် ဆို သည်မှာ လက်ရှိအခြေအနေထက် ကျော်လွန်အောင် ပတ်ဝန်းကျင်ကို ပြောင်း လဲ ပစ်ခြင်းနှင့် မိမိတို၏ အပြုအမူများကို ပြင်ဆင်ထိန်းကျောင်းခြင်းတို့ပင် ဖြစ်သည်။ ဂျူဝီက အရိုင်းအစိုင်းတို့၏ အဖွဲ့အစည်း (Savage Society)ကို ရှင်းလင်းခွဲခြားပြပါသည်။ အရိုင်းအစိုင်းတို့သည် သဘာဝပတ်ဝန်းကျင်ကို လိုက်လျော ညီထွေစွာ နေထိုင်ကြပြီး လူ့ယဉ်ကျေးများသည် သဘာဝဟောင်း၊ အဖွဲ့အစည်းဟောင်း၊ စံနှုန်းဟောင်းများကို ပြောင်းလဲပြင်ဆင်၍ နေထိုင်ကြ လေသည်။
ဂျူဝီ၏ အလိုအရ ပညာရေးသည် လက်ရှိဖြစ်သော အရည်အသွေး များဖွံ့ဖြိုးတိုးတက်စေရန် (Developing Present Capacities)နှင့် အနာ ဂတ်တွင် လုံလုံလောက်လောက် အသုံးချနိုင်ရန် (Future by Adequately
Utilizing)အတွက် ပြင်ဆင်ပေးရပါမည်။ နှောင်းခေတ်၏ လိုအပ်ချက်များကို လူသားတစ်ဦးအနေဖြင့် ဖြည့်စွက်အသုံးချနိုင်ရန်မှာ ပညာရေး၏ အရေးကြီး သော လုပ်ငန်းဆောင်တာ ဖြစ်ပါသည်။ ပညာရေးသည် ဖွံ့ဖြိုးတိုးတက် ကြီး ထွားစေမှုပင်ဖြစ်သည်။ လက်ရှိမျက်မှောက်ဘဝကို ပြေလည်စေရုံမျှနှင့် ယင်း ၏ တာဝန် မပြည့်စုံပေ။ အနာဂတ်၏ ဖြစ်နိုင်ခြေရှိသော အလားအလာများ အတွက်ပါ ပြင်ဆင်ပေးရပေလိမ့်မည်။ ဤသို့ဖြင့်ပင် လူယဉ်ကျေးတို့၏ အကောင်းဆုံးသော လူမှုအဆောက်အအုံကို တည်ဆောက်နိုင်ပေလိမ့်မည်။ ပညာရေး၏ အနှစ်သာရသည် အသိဉာဏ်ပညာ ဖွံ့ဖြိုးမှုပင်ဖြစ်သည်။ လူသား တစ်ဦးချင်းစီနှင့် လူမှုအဖွဲ့အစည်း၏ ရည်ရွယ်ချက်များအား ပိုမိုကောင်းမွန် လာစေရန် အသိပညာဖြင့် ထိန်းကျောင်း အသုံးချရပေမည်။

ဖွံ့ဖြိုးတိုးတက်မှု၏ အမှတ်လက္ခဏာမှာ ပုံသေဖြစ်သော လူမှု အဆောက်အအုံ၏ တည်ငြိမ်ရပ်တန့်နေမှုနှင့် ဆန့်ကျင်ဘက် ဖြစ်ပါသည်။ ယန္တရားဆန်ဆန် လည်ပတ်မှု၊ အဖန်တလဲလဲဖြစ်နေသော စိတ်ပိုင်းဆိုင်ရာနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ အချက်အလက်များကို ငြင်းဆန်ရပါမည်။ အလေ့ အကျင့်များကို ပုံစံတကျဖြစ်စေရာ၌ အသိဉာဏ်ပညာနှင့် စိတ်ခံစားမှုဆိုင်ရာ အရည်အသွေး ဖွဲ့စည်းမှုတို့ကို ပုံစံတကျဖြစ်စေပြီး အကျိုးသက်ရောက်စေ သော အပြုအမူများ (Efficiency of Action)ကို တိုးတက်စေရန် ဆောင် ရွက်ပေးခြင်း ဖြစ်ပါသည်။ ယင်းတို့တွင် စဉ်းစားတွေးခေါ်ခြင်း၊ တန်ဖိုးဆုံးဖြတ် ချက် ချမှတ်ခြင်းနှင့် အသုံးတကျဖြစ်စေသည့် တတ်ကျွမ်းစေသော အလေ့ အကျင့်များ ပါဝင်ပါသည်။ ဖွံ့ဖြိုးတိုးတက်မှုဟူသည် (မူလသဘောလည်း မပျောက်စေဘဲ) သစ်လွင်လတ်ဆတ်နေရမည်ဟု ဂျူဝီက ဆိုပါသည်။
(ဆက်လက်ဖော်ပြပါမည်။)
(ဆောင်းပါးရှင် သူရိန်ထက်လင်း ရေးသားထားပြီး ရန်ကုန်လမ်းမများစာပေက ထုတ်ဝေထားတဲ့ “ပညာရေးအတွေး၊ ဒဿနအမြင်” စာအုပ်ပါ အကြောင်းအရာတွေကို တနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် ပြန်လည်ဖော်ပြထားတာ ဖြစ်ပါတယ်။)
ဆောင်းပါးရှင် သူရိန်ထက်လင်းရဲ့ ဖော်ပြပြီးခဲ့တဲ့ ဆောင်းပါးတွေ
၁။ ပလေတို (စံပြပညာရေး) – အပိုင်း (၁)၊ ပညာရေးအတွေး၊ ဒဿနအမြင် (၁) >>> https://www.tntynews.com/25/10/2023/28308/
၂။ ပလေတို (စံပြပညာရေး) – အပိုင်း (၂)၊ ပညာရေးအတွေး၊ ဒဿနအမြင် (၁) >>> https://www.tntynews.com/26/10/2023/28376/
၃။အရစ္စတိုတယ် (နိုင်ငံသားပညာရေး) – အပိုင်း(၁)၊ ပညာရေးအတွေး၊ ဒဿနအမြင် ( ၂ ) >>> https://www.tntynews.com/01/11/2023/28767/
၄။အရစ္စတိုတယ် (နိုင်ငံသားပညာရေး) – အပိုင်း(၂)၊ ပညာရေးအတွေး၊ ဒဿနအမြင် ( ၂ ) >>> https://www.tntynews.com/02/11/2023/28855/
၅။ ဂျွန်လော့ခ်(စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ) – အပိုင်း (၁)၊ ပညာရေး အတွေး၊ ဒဿန အမြင် (၃) >>> https://www.tntynews.com/08/11/2023/29224/
၆။ ဂျွန်လော့ခ်(စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ) – အပိုင်း (၂)၊ ပညာရေး အတွေး၊ ဒဿန အမြင် (၃) >>> https://www.tntynews.com/09/11/2023/29294/
၇။ ရူးဆိုး (သဘာဝပညာရေး)- အပိုင်း (၁)၊ ပညာရေး အတွေး၊ ဒဿန အမြင် (၄) >>> https://www.tntynews.com/15/11/2023/29589/
၈။ ရူးဆိုး (သဘာဝပညာရေး)- အပိုင်း (၂)၊ ပညာရေး အတွေး၊ ဒဿန အမြင် (၄) >>> https://www.tntynews.com/16/11/2023/29642/
၉။ဖရိုဘဲလ် (ကင်းဒါးဂါးဒန်း၊ ကလေးဥယျာဉ်) – အပိုင်း (၁)၊ ပညာရေးအတွေး၊ ဒဿနအမြင် (၅) >>> https://www.tntynews.com/22/11/2023/29941/
၁၀။ ဖရိုဘဲလ် (ကင်းဒါးဂါးဒန်း၊ ကလေးဥယျာဉ်) – အပိုင်း (၂)၊ ပညာရေးအတွေး၊ ဒဿနအမြင် (၅) >>> https://www.tntynews.com/24/11/2023/30028/
၁၁။ မွန်ရီယာမွန်တက်ဆိုရီ ( ဗီဇ၊ ဝန်းကျင်နှင့် ပညာရေး)၊ ပညာအတွေး၊ ဒဿနအမြင် (၆) >>> https://www.tntynews.com/29/11/2023/30284/
သူရိန်ထက်လင်း
The Tanintharyi Times