စစ်ကောင်စီက ထားဝယ်သပိတ်မျှောပွဲကျင်းပဖို့ စီစဉ်နေတဲ့ နေရာမှာ မိုင်းပေါက်ကွဲ
စစ်ကောင်စီက ထားဝယ်သပိတ်မျှောပွဲကျင်းပဖို့ စီစဉ်နေတဲ့ နေရာမှာ မိုင်းပေါက်ကွဲ

စစ်ကောင်စီဘက်က ပွဲကျင်းပဖို့ အသည်းအသန်ကြိုးစားနေတဲ့ ထားဝယ်မြို့က ရိုးရာသပိတ်မျှောပြုလုပ်မယ့်နေရာမှာ ဒီနေ့ညနေပိုင်းကမိုင်းပေါက်ကွဲခဲ့ပါတယ်။
ကမ်းနားလမ်း၊ သဲကွင်းနေရာမှာ ဆောက်လုပ်ထားတဲ့ ဖျော်ဖြေရေးမဏ္ဍပ်မှာ ဒီနေ့ညနေ ၅ နာရီ ၁၀ မိနစ်ဝန်းကျင်က မိုင်းဖောက်ခွဲခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတပ်ဖွဲ့(Guerrilla Dawei) တာဝန်ခံက ပြောပါတယ်။
“စစ်ကောင်စီက လူထုကိုလူသားဒိုင်းအနေနဲ့ပြုလုပ်မယ့် အလိမ်အညာ ပျော်ပွဲရွှင်ပွဲတွေကို လူထုအနေနဲ့မပါဝင်ဖို့နဲ့ အကြမ်းဖက်စစ်တပ်ကို ပံ့ပိုးနေတဲ့သူတွေကို သတိပေးတဲ့အနေနဲ့ စစ်ကောင်စီကပြုလုပ်တဲ့ ထားဝယ်ရိုးရာ သပိတ်မျှောပွဲရဲ့ ဖျော်ဖြေရေးစင်ကို ကြိုတင်ဖောက်ခွဲသတိပေးလိုက်တာပါ” လို့ Guerrilla Dawei တာဝန်ခံကဆိုပါတယ်။
ကိုဗစ်နဲ့စစ်အာဏာသိမ်းမှုကြောင့် ၂ နှစ်ရပ်နားခဲ့ရတဲ့
ထားဝယ်သပိတ်မျှောပွဲကို ဒီနှစ်ပြန်ကျင်းပဖို့စစ်ကောင်စီက ကြိုးစားနေပြီး သပိတ်မျှောပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက် (အောက်တိုဘာလ ၈ ရက်) ည နဲ့ သီတင်းကျွတ်လပြည့်နေ့(အောက်တိုဘာလ ၉) ရက် အရုဏ်တက်ချိန်မှာကျင်းပမှာဖြစ်ပါတယ်။
ပွဲတော်ကျင်းပတဲ့နေ့ရက်မှာဖောက်ခွဲမယ်ဆိုရင် အပြစ်မဲ့သာမန်ပြည်သူတွေထိခိုက်မှာစိုးရိမ်လို့ သတိပေးတဲ့အနေနဲ့ကြိုတင်ဖောက်ခွဲလိုက်တာဖြစ်တယ်လို့ Guerrilla Dawei က ဆိုပါတယ်။
နောက်ထပ်လည်း အခွင့်အရေးရရင်ရသလို စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူလူထုအနေနဲ့ စစ်ကောင်စီတပ်သားတွေရှိတဲ့နေရာကိုလုံးဝမသွားကြဖို့ကိုလည်း Guerrilla Dawei က သတိပေးပြောဆိုပါတယ်။
သပိတ်မျှောပွဲကျင်းပရာနေရာအနီးမှာရှိတဲ့နေအိမ်တွေကို စစ်ကောင်စီက ညတိုင်းလိုလို ဧည့်စာရင်းစစ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ဖျော်ဖြေရေးမဏ္ဍပ် ကြမ်းခင်းနဲ့ခေါင်မိုးထိခိုက်ပျက်စီးမှုရှိတယ်လို့သိရပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။