ကံပေါက်ဒေသမှာ ရဲစခန်းထောက်ခံစာပါမှ ဆန်သယ်ယူခွင့်ရ

ကံပေါက်ဒေသမှာ ရဲစခန်းထောက်ခံစာပါမှ ဆန်သယ်ယူခွင့်ရ

ဓာတ်ပုံ - ကံပေါက်ဒေသမြင်ကွင်း။(ပုံဟောင်း)

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ နယ်မြေရဲစခန်းထောက်ခံစာပါမှ ဆန်သယ်ယူခွင့်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုနှစ် ဇန်နဝါရီလ လလယ်လောက်ကစပြီး ထောက်ခံစာတရွက်ကို ငွေကျပ် ၅,၀၀၀ နဲ့ နယ်မြေရဲစခန်းဆီမှာ ထုတ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီထောက်ခံစာမပါရင် မလွှဲတောင်ဂိတ်က စစ်ကောင်စီတပ်သားတွေက ဆန်အိတ်တွေကိုဆွဲချခဲ့တယ်လို့ ဆိုပါတယ်။

“မလွှဲတောင်ဂိတ်မှာ ထောက်ခံစာမပြနိုင်ရင် ဂိတ်မဖြတ်နိုင်ဘူး။ ဘယ်အိမ်က၊ ဘယ်ဆိုင်က ဆန်ဘယ်နှအိတ်သယ်ယူခွင့်တောင်းထားပါတယ်ဆိုတဲ့ ရဲစခန်းထောက်ခံစာပြနိုင်မှရတယ်။ လမ်းတလျှောက် ဂိတ်တွေကိုလည်း အထပ်ထပ်ပေးရသေးတာ” လို့ ကားသမားတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အိမ်ဆောက်ပစ္စည်းတချို့လည်း မလွှဲတောင်ဂိတ်မှာ ဆွဲချခံခဲ့ရတာတွေရှိပြီး အနည်းဆုံးငွေကျပ် ၅ သိန်းနဲ့ ပြန်ရွေးခိုင်းကာ အနိုင်ကျင့်တာတွေလည်းရှိနေတယ်လို့ ကားသမား အဝန်းအဝိုင်းဆီကနေသိရပါတယ်။

ကံပေါက်ဒေသက ဆန်ဆိုင်ရှင်တွေအပါအဝင် စားသုံးသူတွေဟာ အများအားဖြင့် ဆန်ကို ရန်ကုန်၊ မော်လမြိုင်ဘက်က တင်သွင်းလေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီကုန်သွယ်ရေးလမ်းကြောင်းဟာ အရင်ကတည်းကရှိနေပြီး ဈေးနှုန်းအနေအထားအရကြည့်ရင်လည်း တခြားနေရာတွေက သယ်တာထက် ပိုပြီး‌ဈေးသက်သာတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

ထားဝယ်မြို့ဘက်က ဆန်သယ်ယူတဲ့ ကားလိုင်းတွေကိုတော့ ထောက်ခံစာမပြရဘဲ ၂၄ ပြည်ဝင် ဆန်အိတ် ၁၀ အိတ် သယ်ယူခွင့်ပေးထားတယ်လို့ သိရပါတယ်။

“ဒါတွေကို ရေတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေ ပေါင်းပြီးအဓိကလုပ်နေတာ။ သူတို့လုပ်ပိုင်ခွင့်နဲ့သူတို့လုပ်နေတာဆို‌တော့ သိပ်ပြီးတော့ ပြောစရာမရှိဘူး။ ဒီလိုကန့်သတ်တာမျိုးက အခုမလုပ်လည်း နောက်လုပ်လာမှာပဲ။” လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကံပေါက်ဒေသမှာ အခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ကံပေါက်ဒေသအုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့ဝင်လို့ နာမည်ထွက်နေတဲ့ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်က ဆိုင်ကယ်စီးခွင့်ပိတ်ပင်ခဲ့တဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီဒေသမှာ နယ်ခံမဟုတ်တဲ့သူတွေ အလည်အပတ်လာရောက်မယ်ဆိုပါက ဧည့်စာရင်းတိုင်ကြားပေးဖို့ကိုလည်း စစ်ကောင်စီတပ်က ဖိအားပေးထားတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းမှာ ကံပေါက်ဒေသအပြင် ထားဝယ်မြို့နယ်နဲ့ ပုလောမြို့နယ်တွေမှာလည်း ဆန်သယ်ယူခွင့်ကို တင်းကြပ်ကန့်သတ်ထားပါတယ်။

The Tanintharyi Times