ထားဝယ်ထောင်မှာ ထောင်ကျနေတဲ့နိုင်ငံရေးအကျဥ်းသူ ၄၀ ကျော်ရှိနေ ထောင်ဒဏ်အမြင့်ဆုံးချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူမှာ အသက် ၁၉ နှစ်ဖြစ်
ထားဝယ်ထောင်မှာ ထောင်ကျနေတဲ့နိုင်ငံရေးအကျဥ်းသူ ၄၀ ကျော်ရှိနေ ထောင်ဒဏ်အမြင့်ဆုံးချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူမှာ အသက် ၁၉ နှစ်ဖြစ်

ထားဝယ်အကျဥ်းထောင်မှာ နိုင်ငံရေး ပုဒ်မတွေနဲ့အမိန့်ချမှတ်ခံထားရတဲ့အမျိုးသမီးအကျဥ်းသူ ၄ဝ ကျော်ရှိတယ်လို့ ထားဝယ်နိုင်ကျဥ်းများကွန်ရက် DPPN ရဲ့ စာရင်းအရသိရပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကနေ အရင်လအထိ အမိန့်ချမှတ်ခံထားရတဲ့ အမျိုးသမီး ၄၁ ဦးရှိပြီး အနိမ့်ဆုံးထောင်ဒဏ် ၁နှစ်ခွဲကနေ အမြင့်ဆုံးထောင်ဒဏ် ၁၀နှစ်အထိကျခံရသူတွေပါဝင်ပါတယ်။
နိုင်ငံရေးအကျဉ်းသူတွေထဲမှာ ထောင်ဒဏ်အများဆုံးကျခံထားရသူကတော့ အသက် ၁၉နှစ်အရွယ် မဆောင်းနှင်းဖြူဖြစ်ပြီး ၅၀ (ည)၊ ၅၂ (က) ပုဒ်မတွေနဲ့ထောင်ဒဏ် ၁၀နှစ် အမိန့်ချမှတ်ခံခဲ့ရတာပါ။
ထောင်ဒဏ်အမိန့်ကျခံနေရဆဲသူတွေအပြင် နိုင်ငံရေးပုဒ်မတွေနဲ့ တရားရင်ဆိုင်နေဆဲ အမျိုးသမီး ၃၀ ဦးဝန်းကျင်လည်း ထားဝယ်ထောင်ထဲမှာ ရှိနေသေးတယ်လို့သိရပါတယ်။
အမျိုးသမီးအကျဥ်းဆောင်တွင်းမှာတော့ ထောင်အာဏာပိုင်တွေဘက်က သန့်ရှင်းရေးအတွက်လုံလောက်တဲ့ စီမံဆောင်ရွက်တာတွေမရှိဘူးလို့ ပြောဆိုမှုတွေလည်း ကြားသိရပါတယ်။
အမျိုးသမီးအကျဥ်းဆောင်မှာ မိလ္လာပိုက်ယိုစိမ့်မှုဖြစ်ပြီး အနံ့ဆိုးထွက်တာတွေကြောင့် အဆောင်ထဲက ကလေး၊ လူကြီးအားလုံး အသက်ရှုကြပ်တာတွေအထိဖြစ်နေတယ်လို့လည်း သိရပါတယ်။
အာဏာပိုင်တွေကို တင်ပြထားတာမျိုးရှိပေမဲ့ လနဲ့ချီကြာတဲ့အထိ လာရောက်လုပ်ဆောင်ပေးတာမျိုးမရှိဘူးလို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေကဆိုပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်းမှာ အမိန့်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားအမျိုးသားစုစုပေါင်းဟာလည်း ၂၀၁ ဦးရှိတယ်လို့ နိုင်ကျဥ်းများကွန်ရက် DPPN ရဲ့စာရင်းအရသိရပါတယ်။
The Tanintharyi Times