မြိတ်မှာ စားသောက်ဆိုင်တစ်ဆိုင် မီးလောင်

မြိတ်မှာ စားသောက်ဆိုင်တစ်ဆိုင် မီးလောင်

ဓာတ်ပုံ - တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာန။

မြိတ်မြို့နယ် ၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်ရပ်ကွက်၊ ရွှေပြည်တန်လမ်းမကြီးပေါ်က ‘ရေစကြို’ စားသောက်ဆိုင်မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

အခုလ ၄ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ည ၁၂ နာရီခွဲဝန်းကျင်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“မီးအရမ်းကြီးလာတော့ အကုန်လုံးထွက်ပြေးလာကြတယ်ရှင်။ ဘေးအိမ်ကိုလည်း မီးနည်းနည်းလေး ကူးသွားတယ်” လို့ အင်းလေးမြိုင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဂတ်စ်အိုးယိုစိမ့်မှုကြောင့် စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ပရဟိတအသင်းဝင်တစ်ဦးက ပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်မှုမရှိခဲ့ပေမဲ့ ဆိုင်အတွင်းပိုင်းမှာ အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ မြိတ်မြို့ခံ ပရဟိတအသင်းဝင်က ပြောပါတယ်။

ဒါပေမယ့် ဆိုင်တွင်းပစ္စည်းပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၃ သိန်းခွဲရှိတယ်လို့ မြိတ်ခရိုင်မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မနေ့ညကမီးလောင်မှုဖြစ်စဥ်မှာ မီးငြိမ်းသတ်ယာဥ် ၃ စီး၊ မီးသတ်ရေသယ်ယာဥ် ၃ စီးနဲ့ မီးသတ်ခဲ့တယ်လို့ တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မြိတ်မြို့ပေါ်မှာ အခု ၂၀၂၄ ခုနှစ် ပထမ ငါးလအတွင်း မီးလောင်မှုဖြစ်စဥ် ၆ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး မြို့ပြင်ဘက် အမှိုက်ပုံမီးလောင်တာနဲ့ ကိုင်းတောမီးလောင်တာတွေကတော့ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတယ်လို့ မြိတ်မြို့ပရဟိတအဖွဲ့ဝင်တွေဆီက သိရပါတယ်။

The Tanintharyi Times