လက်နောက်ပြန်ကြိုးတုပ်ပြီး စစ်ကြောင်းတလျှောက်ဖမ်းခေါ်သွားတဲ့ ရှပ်ပုံရွာသားတွေထဲက သုံးဦးပြန်လွတ်လာ

လက်နောက်ပြန်ကြိုးတုပ်ပြီး စစ်ကြောင်းတလျှောက်ဖမ်းခေါ်သွားတဲ့ ရှပ်ပုံရွာသားတွေထဲက သုံးဦးပြန်လွတ်လာ

ပုံစာ - ပြည်သူတစ်ဦးကို လက်နောက်ပြန်ကြိုးတုပ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ (ပုံဟောင်းဖြစ်ပါတယ်။)

ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စုမှာ စစ်ကြောင်းတစ်လျှောက်ဖမ်းခေါ်ခံခဲ့ရတဲ့ အရပ်သားတွေထဲက ၃ ဦးပြန်လွတ်လာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ ရှပ်ပုံကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး သက်လတ်ပိုင်း အမျိုးသား ၇ ဦးကို ဖမ်းဆီးခဲ့ကာ ၎င်းတို့ရဲ့လက်တွေကို နောက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

နောက်တစ်နေ့မှာ ၇ ဦးထဲက ၃ ဦးပြန်လွတ်လာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ကျန်တဲ့ လေးယောက်ကို ပုလောကိုခေါ်သွားပြီ။ ရွေးခေါ်သွားတာဆိုတော့ လွတ်မဲ့ ပုံတော့မရှိဘူး” လို့ ရှပ်ပုံရွာသားတစ်ဦးက ပြောပါတယ်။

စစ်‌ကောင်စီတပ်ကခေါ်သွားတဲ့ အမျိုးသား ၄ ဦးကတော့ ပုလောမြို့ပေါ်ကို ခေါ်ဆောင်ခံရတာ သိရပေမဲ့ ဖမ်းခေါ်ထားတဲ့ နေရာအတိအကျကိုတော့ မသိရသေးပါဘူး။

ရှပ်ပုံကျေးရွာအုပ်စုမှာ တိုက်ပွဲဖြစ်ပွားခြင်းလုံးဝမရှိခဲ့ပဲ စစ်ကောင်စီတပ်က အခုလို စစ်ကြောင်းထိုးဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မနေ့ မနက်ပိုင်းကလည်း မြိတ်မြို့ဘက်က စစ်ကောင်စီတပ်သားတွေအင်အား ၁၅၀ နီးပါး ပုလောမြို့နယ်ထဲကိုရောက်လာပြီး လက္ကူးရွာနဲ့ မှော်ကြောင်းရွာတွေဘက်ကို တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။

ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တဲ့အတွက် ပြည်သူတွေကို မလိုအပ်ဘဲ ခရီးမသွားဖို့ မေတ္တာရပ်ခံထားကြပါတယ်။

The Tanintharyi Times