ကိုးကန့် ကျားဖြန့် ဂိုဏ်းခေါင်းဆောင် ပယ်ဆောက်ချိန် နဲ့ မိသားစုကို တရုတ်အစိုးရ သေဒဏ်ချ

ကိုးကန့် ကျားဖြန့် ဂိုဏ်းခေါင်းဆောင် ပယ်ဆောက်ချိန် နဲ့ မိသားစုကို တရုတ်အစိုးရ သေဒဏ်ချ

စစ်ခေါင်းဆောင်မင်းလှိုင်ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ ကိုးကန့် ကျားဖြန့် ဂိုဏ်းခေါင်းဆောင် ပယ်ဆောက်ချိန် နဲ့ မိသားစုကို တရုတ်အစိုးရ သေဒဏ်ချမှတ်လိုက်ပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်မှု၊ လူကုန်ကူးမှု ၊ အဓမ္မခိုင်းစေမှု၊ လူသတ်မှုတွေ နဲ့ တရုတ်နိုင်ငံမှာ တရားစွဲ ခံထားရတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ပယ်ဆောက်ချိန် နဲ့ သားဖြစ်သူ အပါအဝင် ၅ ဦးကို တရုတ်အစိုးရရဲ့ ကွမ်တုံပြည်နယ်၊ ရှန်ကျန်းမြို့ တရားရုံးက ဒီကနေ့ နိုဝင်ဘာ ၄ ရက်မှာ သေဒဏ်အမိန့် ချလိုက်ပါတယ်။

ဒါအပြင်သူတို့တွဲထဲက နောက်ထပ်နှစ်ဦးကို နှစ်နှစ် ဆိုင်းငံ့သေဒဏ်ချမှတ်လိုက်ပါတယ်။

တခြားဆက်စပ်ပါဝင်သူ နောက်ထပ် ၅ ဦးကို ထောင်ဒဏ်တသက်နဲ့ နောက်ထပ် ၉ ဦးကိုတော့ ပြည်နှင်ဒဏ်အပါအဝင် နှစ်ရှည်ထောင်ဒဏ်တွေကို ချမှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အွန်လိုင်းငွေကြေးလိမ်လည်ရေးလုပ်ငန်း(ကျားဖြန့်) နဲ့ လူကုန်ကူးမှု တွေမှာ အဓိကတာဝန်ရှိတဲ့ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်မိသားစု အပါအဝင် ၂၁ ဦးကို ဇူလိုင်လမှာ တရုတ်တရားရုံး က စွဲချက်တင်ခံတာပါ။

မြန်မာ စစ်တပ်ရဲ့ မိတ်ဖက် ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန် ဦးဆောင်တဲ့ ရာဇဝတ်ဂိုဏ်းဟာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ လိမ်လည်မှု၊ တရားမဝင် လောင်းစကားမှု၊ ရည်ရွယ်ချက်ရှိရှိ လူပေါင်းများစွာသတ်ဖြတ်မှု မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေအပြင် အခြားရာဇဝတ်မှု အများအပြား နဲ့ သေဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

ပယ်ဆောက်ချိန် ရဲ့ ကိုးကန့် စီးပွားရေး အင်ပါယာ ဟာ ကိုးကန့်ဒေသမှာ အဆောက်အအုံ ၄၁ ခု တည်ဆောက်ခဲ့ပြီး တယ်လီကွန် လိမ်လည်မှု၊ လောင်းကစားရုံ ဖွင့်လှစ်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ပြည့်တန်ဆာလုပ်ငန်းတွေ နဲ့ လူကုန်ကူးမှု၊ အတင်းအဓမ္မခိုင်း စေမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ တရုတ် တရားရုံးက ထုတ်ပြန်ခဲ့ပါတယ်။

သေဒဏ်ချမှတ်ခံရသူတွေထဲက တစ်ဦးဆီမှာ မက်သာအမ်ဖက်တမင်း မူးယစ်ဆေးဝါး ၁၁ တန် ခန့် ထုတ်လုပ်သိုလှောင်ထားတာ ကိုတရုတ်ရဲ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ပယ်ဆောက်ချိန် မိသားစု လိမ်လည်ခဲ့တဲ့ ငွေဟာ တရုတ် ယွမ် ၂၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့်) ကျော်ရှိတယ်လို့ ဆိုပါတယ်။

အွန်လိုင်း ငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းတွေမှာ အဓိက တာဝန်ရှိသူတွေ ဖြစ်တဲ့ မြန်မာစစ်တပ် လက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း မြီရှောက်ချန်း မိသားစုဝင်တွေ အပါအဝင် ၁၆ ဦးကို ပြီးခဲ့တဲ့ စက်တင်ဘာလ မှာ တရုတ်က သေဒဏ်ချမှတ်ခဲ့ပါသေးတယ်။

တရုတ်က ကျားဖြန့် နှိမ်နင်းရေး အတွက်ဖမ်းဝရမ်းထုတ်ထားချိန်မှာ အဆုံးစီရင်သွားတဲ့ မြီရှောက်ချန်းရဲ့သား မြီကော်ဖျင်နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်းတို့ အပါအဝင် ၁၆ ဦးကို တရုတ်က စက်တင်ဘာ ၂၉ ရက်မှာ သေဒဏ်အမိန့်ချမှတ်ခဲ့တာပါ။

မြီရှောက်ချန်းဟာ မြန်မာစစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းဖြစ်သလို ကြံ့ခိုင်ရေး အမတ်ဟောင်းလည်းဖြစ်ပါတယ်။

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times