ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အကူအညီပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ထံတောင်းဆို

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အကူအညီပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ထံတောင်းဆို

“မေမေ့ ကို လွှတ်ပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင့် က စစ်အုပ်စုကိုဖိအားပေးနိုင်ပါတယ်” – ကင်အဲရစ်(ခေါ်) ကိုထိန်လင်း

စစ်အုပ်စု တပ်ကဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်အဲရစ်(ခေါ်) ကိုထိန်လင်းက မိခင်ဖြစ်သူကို လွတ်မြောက်ရေးအတွက် တရုတ်အစိုးရ အနေနဲ့ မြန်မာစစ်တပ်ကို ဖိအားပေး ဖို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်ရေး အတွက် အရှေ့တောင် အာရှ ဒေသအပေါ် ဩဇာလွှမ်းမိုးနိုင်တဲ့ တရုတ် အစိုးရ အနေနဲ့ အကူအညီပေးနိုင်မယ့် အခြေအနေရှိတယ်လို့လည်း ကင်အဲရစ်(ခေါ်) ကိုထိန်လင်းက ပြောပါတယ်။

“ ကျနော် အနေနဲ့ တောင်းဆိုချင်တာက “မေမေ့”ကို လွှတ်ပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင့် က စစ်အုပ်စုကိုဖိအားပေးနိုင်ပါတယ်” လို့ ကင်အဲရစ်(ခေါ်) ကိုထိန်လင်းက ပြောပါတယ်။

ကင်အဲရစ်(ခေါ်) ကိုထိန်လင်းက ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းဌာန နဲ့ အင်တာဗျူး မှာ အခုလိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။

အင်တာဗျူး အစီစဉ်မှာလည်း ကိုထိန်းလင်း က အင်္ဂလိပ်ဘာသာနဲ့ ဖြေကြားခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာဘာသာ စကားနဲ့ “မေမေ” ဆိုတဲ့ နာမ်စားသာ သုံးနှုန်းခဲ့တာ ဖြစ်တယ်လို့ လည်း South China Morning Post ကဖော်ပြပါတယ်။

တရုတ် နိုင်ငံဟာ အခြားနိုင်ငံတွေထက် မြန်မာနိုင်ငံ နဲ့ ရှည်လျားတဲ့ ဆက်ဆံရေး နဲ့ ကျယ်ပြန့်တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် အဓိက လုပ်ဆောင်ပေးနိုင်တဲ့ ဇာတ်ကောင်ဖြစ်တယ်လို့လည်း ကင်အဲရစ် တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

ကင်အဲရစ် က တရုတ် အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အတွက် အကူအညီပေးဖို့ အစီစဉ်တွေရှိနေတယ်လို့ ကြားသိထားရ ကြောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်ရဲ့သတင်းအရင်းမြစ်တွေအရ တရုတ်နိုင်ငံဟာ အမေ့ကိုလွှတ်ပေးဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်” လို့ သူကပြောကြားခဲပါတယ်။

တရုတ် အစိုးရ ခေါင်းဆောင်တွေ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်တပ် ဘက်က ခွင့်မပြုခဲ့တာကိုလည်း ကြားသိထားရကြောင်း က ကင်အဲရစ်(ခေါ်) ကိုထိန်လင်း ပြောကြားခဲ့တယ်လို့ South China Morning Post ကဖော်ပြပါတယ်။

“ကျွန်တော်သိရသလောက်တော့ တရုတ်အရာရှိတွေကိုလည်းတွေ့ခွင့် မပေးခဲ့ဘူး။ သူတို့ (စစ်အုပ်စု) က ဘယ်သူနဲ့ မှတွေ့ဆုံခွင့် မပေးသလိုပေါ့” လို့ ကင်အဲရစ် ကပြောပါတယ်။

တရုတ် အစိးရ ခေါင်းဆောင်တွေ နဲ့ ပြည်ပ က မည်သူမဆို မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ဆုံခွင့်ရဖို့ ဆက်လက်ကြိုးစား ရန်လည်း ကင်အဲရစ် က တိုက်တွန်းခဲ့ပါတယ်။

“ အဲ့လို တစ်ယောက်ယောက်က တွေ့ ဆုံခဲ့ရင် “မေမေ” အသက်ရှင်နေသေးတာ ကိုအတည်ပြုနိုင်မှာပါ” လို့ သူက ဆက်ပြောပါတယ်။

သူ့ အနေနဲ့ မိခင်ဖြစ်သူ အကျဉ်းထောင်ထဲမှာ ကွယ်လွန်သွားမှာကို နေ့စဉ်နေ့တိုင်း စိုးရိမ်နေရတယ်လို့ ကိုထိန်လင်း ကပြောကြားခဲ့တာဖြစ်ပါတယ်။

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးနဲ့ အသက်အန္တရာယ် အရေးပေါ်စိုးရိမ်ချက် ရှိနေပြီး နှလုံးပိုင်းဆိုင်ရာ အခြေအနေ ပိုမိုဆိုးရွားနေတယ်လို့ ကိုထိန်လင်းက ပြီးခဲ့တဲ့ စက်တင်ဘာလ မှာ အသိပေး ပြောကြားခဲ့တာပါ။

ကိုးကား – South China Morning Post

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times