လုံခြုံရေးစိုးရိမ်လို့ ထားဝယ်မြို့ မှာ နာရေးတွေကို လိုက်ပါပို့ဆောင်သူနည်းလာ
လုံခြုံရေးစိုးရိမ်လို့ ထားဝယ်မြို့ မှာ နာရေးတွေကို လိုက်ပါပို့ဆောင်သူနည်းလာ
စစ်ကောင်စီ ရဲ့ စစ်ဆေးရေးတင်းကျပ်မှုတွေကြောင့် ထားဝယ်မြို့နယ် က ဒေသခံတွေဟာ လုံခြုံရေးအခြေအနေကိုစိုးရိမ်ပြီး လူအများအပြားနဲ့နာရေးပို့ဆောင်တာတွေမရှိတော့ဘူးလို့ မြို့ခံတွေကပြောပါတယ်။
ထားဝယ်မြို့နယ်က ဇဟာသုသာန်ကိုသွားတဲ့လမ်းတလျှောက်က လုံခြုံရေးအခြေအနေကိုစိုးရိမ်တာကြောင့် အခုနောက်ပိုင်း နာရေးတွေကို လိုက်ပါပို့ဆောင်သူနည်းလာတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
ဇဟာ ဘာသာပေါင်းစုံ သုသာန်ဟာ ထားဝယ်မြို့နဲ့ခြောက်မိုင်ခန့်အကွာ ရန်ကုန်-ထားဝယ် ကားလမ်းနဘေးမှာရှိပြီး အသုဘပို့ဆောင်ဖို့အတွက် ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ် ကိုဖြတ်သန်းသွားလာရတာပါ။
ပြီးခဲ့တဲ့လလယ်က အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံပြီးနောက်မှာတော့ ထားဝယ်မြို့ခံတွေနာရေးပို့ဆောင်ရင် အသုဘကားတစ်စီးနဲ့ မိသားစု၊ ဆွေမျိုးကားတစ်စီးပဲလိုက်ပါပို့ဆောင်ဖို့ စစ်ကောင်စီဂိတ်က ကန့်သတ်ခဲ့ပါတယ်။
တစ်ပတ်ခန့်အကြာမှာတော့ စစ်ကောင်စီစစ်ဆေးရေးဂိတ်က ကန့်သတ်ထားတာတွေကိုပြန်လျှော့ချလိုက်ပေမဲ့ ဒေသခံတွေကစိုးရိမ်ချက်ကြောင့် အရင်ကလိုလိုက်ပါပို့ဆောင်တာမရှိတော့ဘူးလို့ မြို့ခံတွေကဆိုပါတယ်။
“အခုကသိပ်မလိုက်တော့တာ များပါတယ်။ မလိုက်ရဲကြတော့တာပေါ့နော်။ အရင်ကဆို ကိုယ့်ရပ်ကွက်ထဲမှာလူသေရင် အကုန်လုံး ကားကြီးကားငယ်တွေနဲ့တန်းစီလိုက်ပို့ကြတာ” လို့ ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့လလယ်ပိုင်းကတော့ စစ်ကောင်စီစစ်ဆေးရေးဂိတ်က ကားအစီးရေကန့်သတ်ခဲ့သလို နာရေးပို့ဆောင်သူတွေကို မှန်ပုံတင်စစ်ဆေးတာတွေအထိလုပ်ဆောင်ခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
နာရေးကူညီမှု (ထားဝယ်) အသင်းရဲ့ အတွင်းရေးမှူးကတော့ အရင်ကနာရေးပို့ဆောင်ရာမှာ ရပ်ကွက်အလိုက်အချိန်မတူတာတွေရှိပေမဲ့ လက်ရှိမှာတော့ လုံခြုံရေးအခြေနေအရ ထားဝယ်တစ်မြို့လုံး မွန်းလွဲ ၁ နာရီကို တညီတည်းသတ်မှတ်ပြီး အသုဘပို့ဆောင်နေတယ်လို့ ဆိုပါတယ်။
“အသုဘပို့တဲ့အချိန် ကားလျှော့ပြီးသွားကြဖို့ကိုလည်း ကျနော်တို့က မေတ္တာရပ်ခံထားတာပေါ့နော်။ အချိန်မကြန့်ကြာအောင်ပေါ့။ အခုကအဲဒီဘက်မှာ ခဏခဏဖြစ်နေတော့ ပိတ်မိတာတွေဖြစ်နိုင်တယ်လေ” လို့ အတွင်းရေးမှူး ကိုအောင်နိုင်ဦးက ပြောပါတယ်။
တချို့ရပ်ကွက်တွေကတော့ လက်ရှိမှာလည်း နာရေးကားတစ်စီးနဲ့ မိသားစု၊ ဆွေမျိုးကားတစ်စီးတို့နဲ့သာ နာရေးပို့ဆောင်နေကြတယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
အစ္စလာမ်ဘာသာဝင်တွေကတော့ အရင်က နာရေးဖြစ်ရင် အစ္စလာမ်သုသာန်မှာ နမာဇ်ဝတ်ပြုပြီးမှ မြေမြုပ်သဂြိုဟ်ပေမဲ့ လက်ရှိမှာတာ့ သုဿန်မသွားခင်ကတည်းကကြိုတင်ဝတ်ပြုပြီး နာရေးပို့ဆောင်နေရတယ်လို့ ဆိုပါတယ်။
“ကျနော်တို့မှာက သေသူအတွက် စာဖတ်ပေးတဲ့သူများလေ ပိုကောင်းလေပါပဲ။ အခုကလူနည်းသွားတယ်။ ဒါကြောင့် မြို့ပေါ်ကဗလီမှာပဲဘုရားဝတ်ပြုပြီး လိုက်ပို့ကြတယ်” လို့ ထားဝယ်မြို့ခံ အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ီဥးကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေကတော့ အခုတစ်ပတ်အတွင်းမှာလည်း အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်နဲ့ မလှန်းမကမ်းက ထားဝယ်မြို့အဝင်ဆိုင်းပုဒ်အနီးမှာ နောက်ထပ်စစ်ဆေးရေးဂိတ်အသစ်တစ်ခုကို အင်္ဂတေတွေနဲ့ အခိုက်အမာဆောက်လုပ်နေပါတယ်။
အဲဒီဂိတ် ဆောက်လုပ်နေချိန်အတွင်းမှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးလို့ယူဆရသူ ဆယ်ဦးလောက်က စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ လမ်းသွားလမ်းလာတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ဇဟာသုသာန်နဲ့ တစ်မိုင်ကျော်လောက်သာဝေးတဲ့ မောင်မယ်ရှောင်ကျေးရွာမှာလည်း လွန်ခဲ့တဲ့သုံးရက်က စစ်ကောင်စီဗိုလ်ကြီးတစ်ဦး ပစ်သတ်ခံခဲ့ရပါတယ်။
အဒီနောက် ဇဟာရွာအခြေစိုက် အမြောက်တပ်က စစ်ကောင်စီတပ်သားတွေ ရွာထဲကိုဝင်ရောက်တပ်စွဲပြီး နေအိမ်တွေကိုဖောက်ထွင်းတာနဲ့ သေနတ်ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့လို့ ရွာခံအများစု နီးစပ်ရာမှာ တိမ်းရှောင်နေထိုင်ခဲ့ရပါတယ်။
The Tanintharyi Times
