ထားဝယ်မြို့နယ် အရှေ့တောဒေသကို တိုက်လေယာဥ်၊ ရဟတ်ယာဥ်တွေနဲ့ ဗုံးကြဲနေ
ထားဝယ်မြို့နယ် အရှေ့တောဒေသကို တိုက်လေယာဥ်၊ ရဟတ်ယာဥ်တွေနဲ့ ဗုံးကြဲနေ

ထားဝယ်မြိုနယ်၊ အရှေ့တောဒေသက မေတ္တာမြို့နဲ့ ဟိန္ဒားပြင်ရွာတဝိုက်ကို စစ်ကောင်စီတပ်က တိုက်လေယာဥ်တွေ၊ ရဟတ်ယာဉ်တွေအသုံးပြုပြီး လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုမနက် ၁၀ နာရီခွဲမှာ တိုက်လေယာဥ်နဲ့ ဗုံးသီး ၈ လုံးကြဲသွားသလို မွန်းလွဲ ၁၁ နာရီအချိန်မှာလည်း Mi-2 အမျိုးအစားရဟတ်ယာဉ်တစ်စီး ထပ်မံရောက်ရှိလာပြီး ဗုံးသီးတွေ ဆက်တိုက်ကြဲချသွားတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
“ကြဲချသွားတဲ့နေရာမှာ မီးခိုးတွေထွက်နေတယ်။ အသံက ရိုးရိုးလေယာဥ်နဲ့မတူဘူး ဆိုပြီးထွက်ကြည့်တာ အကုန်မြင်လိုက်ရတယ်” လို့ မျက်မြင် ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံနဲ့ နောက်ဆုံးဆက်သွယ်ခဲ့တဲ့ အခုမနက် ၁၁ နာရီခွဲအထိ မေတ္တာမြို့နဲ့ ဟိန္ဒားပြင်ရွာတဝိုက်မှာ ရဟတ်ယာဥ်ဝဲပြီး ဆက်တိုက်ဗုံးကြဲခဲ့တယ်လို့ ပြောပြပါတယ်။
ကြဲချနေတဲ့ ဗုံးသီးအလုံးရေ နှစ်ဆယ်ကျော်ပြီလို့လည်း ဒေသခံကဆက်ပြောပါတယ်။
အခုဗုံးကြဲနေတဲ့နေရာဝိုက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘူးလို့ ဒေသခံရဲ့ပြောပြချက်အရသိရပါတယ်။
ပြီးခဲ့တဲ့ငါးရက်လောက်ကလည်း အရှေ့တောဒေသကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်သုံးပြီး ဗုံးကြဲခဲ့ပါသေးတယ်။
အခုလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။
The Tanintharyi Times