ကော်သူးလေတပ်မတော်ဘက်က ချောင်းပစ်လို့ KNU တပ်မဟာ ၄ ကဒုတပ်ခွဲမှူးတစ်ဦး သေဆုံး

ကော်သူးလေတပ်မတော်ဘက်က ချောင်းပစ်လို့ KNU တပ်မဟာ ၄ ကဒုတပ်ခွဲမှူးတစ်ဦး သေဆုံး

ပုံစာ - သေဆုံးသွားတဲ့ KNU တပ်မဟာ ၄၊ KNLA တပ်ရင်း ၁၀ (တပ်ခွဲ ၁) က ဒုတပ်ခွဲမှူး စောလားဒို။

ထားဝယ်-ထီးခီးလမ်းပေါ်မှာသွားနေတဲ့ KNU တပ်မဟာ ၄၊ KNLA တပ်ရင်း ၁၀ က ကားကို ကော်သူးလေတပ်မတော် KTLA ဘက်ကချောင်းပစ်လို့ ဒုတပ်ခွဲမှူးတစ်ဦး သေဆုံးသွားတယ်လို့ တပ်မဟာ ၄ နဲ့ ဒေသခံတွေဆီက သိရပါတယ်။

တပ်မဟာ ၄ တပ်ရင်း ၁၀ ကရဲဘော်တွေလိုက်ပါလာတဲ့ကားဟာ မနေ့က နေ့လယ် ၁၂ နာရီလောက်က အ‌ရှေ့တောဒေသ၊ ထားဝယ်-ထီးခီးလမ်းပေါ်က ဝါးတောရွာအနီးမှာ ပစ်ခတ်ခံရတာပါ။

“ကျနော်တို့အဖွဲ့တွေက ဆေးရုံကိုသွားတဲ့အချိန်မှာ ကော်လာဖိုးတို့အဖွဲ့က စောင့်ပြီးပစ်တာ။ ကားပေါ်မှာ ဒုတပ်ခွဲမှူးနဲ့ ရဲဘော် ကိုးယောက်ပါတယ်။ သိသိကြီးနဲ့ လုပ်ကြံတာပေါ့။ အမြဲတမ်းပဲ‌လေ၊ အခုမှဖြစ်တာမှ မဟုတ်တာ” လို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုအယ်နားက ပြောပါတယ်။

အတွင်းရေးမှူး ပဒိုအယ်နားပြောတဲ့ ကော်လာဖိုးဆိုတာဟာ တနင်္သာရီတိုင်းအခြေစိုက် ကော်သူးလေတပ်မတော် ဆာကဆောတပ်မက တပ်ရင်းမှူး ဗိုလ်အယ်ခွီးကိုခေါ်တာ ဖြစ်ပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း KNU တပ်မဟာ ၄၊ KNLA တပ်ရင်း ၁၀ (တပ်ခွဲ ၁) က ဒုတပ်ခွဲမှူး စောလားဒို သေဆုံးသွားတယ်လို့ ပဒိုအယ်နားက ဆိုပါတယ်။

ဒါ့အပြင် KNLA တပ်ရင်း ၁၀ က ရဲဘော်တစ်ဦး ဒဏ်ရာရရှိပြီး နှစ်ဦးကတော့ ပျောက်ဆုံးနေတယ်လို့လည်း သိရပါတယ်။ ပျောက်ဆုံးနေတဲ့ ရဲဘော်တွေကို ရှာဖွေနေတယ်လို့ ပဒိုအယ်နားက ဆိုပါတယ်။

အရှေ့တောဒေသခံတစ်ဦးကတော့ “ဘောလုံးကွင်းတစ်ဖက်ကနေ ကားကို ချောင်းပြီးတော့ပစ်ကြတာပါ။ ကော်သူးလေဘက်ကပစ်တာပဲလေ။ ကားတောင်တော်တော်ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

အခုပစ်ခံရတဲ့နေရာဟာ လက်ရှိမှာ စစ်ကောင်စီတပ်သားတွေမရှိဘဲ KNU တပ်မဟာ ၄ နဲ့ ကော်သူးလေတပ်မတော်ရဲ့ ရဲ‌‌ဘော်တွေသာလှုပ်ရှားနေတဲ့ နေရာဖြစ်တယ်လို့ဒေသခံက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနစ် ဇူလိုင်လကတည်း အရှေ့တောဒေသမှာ KNLA ရဲ့ကားကို ကော်သူးလေတပ်မတော်ဘက်က ပစ်ခတ်လို့ KNLA ကစစ်ဘက်ရေးရာ ကွပ်ကဲရေးမှူး ဗိုလ်မှူးစောဖိုးစီ သေဆုံးခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်လလောက်ကလည်း ထားဝယ်ခရိုင်အခြေစိုက် KNU တပ်မဟာ ၄၊ KNLA တပ်ရင်း ၁၂ (တပ်ခွဲ ၄)က ဒုတပ်ခွဲမှူး စောဖားဂျိုးကို ကော်သူးလေတပ်မတော် ဆာကဆောတပ်မ (တပ်ရင်း ၃) ဗိုလ်ဒါးကေတို့အဖွဲ့က ပစ်သတ်ပြီး အလောင်းဖျောက်တဲ့ ဖြစ်စဥ်ရှိခဲ့ပါတယ်။

အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အတွင်းရေးမှူး ပဒိုအယ်နားကတော့ ကော်သူးလေတပ်မတော်က စစ်ကောင်စီကိုမတိုက်ဘဲ KNU ကိုဘဲတိုက်နေတာဖြစ်လို့ အနှောက်အယှက် အရမ်းဖြစ်တယ်လို့ ဒီနေ့မနက်မှာပြောပါတယ်။

မနေ့က ပစ်ခတ်မှုပြီးတဲ့နောက် ထားဝယ်-ထီးခီးလမ်းပေါ်မှာရှိတဲ့ ဆင်ဖြူတိုင်ရွာအနီးက အရပ်သားကားတစ်စီးကိုလည်း ကော်သူးလေတပ်မတော်ဘက်က မီးရှိ့သွားတယ်လို့ အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

ဒုတပ်ခွဲမှူး စောဖားဂျိုးပစ်သတ်ခံရပြီးနောက်မှာတော့ အရှေ့တောဒေသမှာရှိတဲ့ ကော်သူးလေတပ်မတော်ရဲ့ နေရာငါးခုထက်မနည်းကို တပ်မဟာ ၄ KNLA တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းတဲ့ပုံစံ လုပ်ဆောင်ခဲ့လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းမှာ တိုက်ပွဲတွေ ရက်ဆက်ဖြစ်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရရှိတာ၊ ဖမ်းဆီးခံရတာနဲ့ လက်နက်တွေသိမ်းဆည်းခံရတာတွေလည်း ရှိခဲ့ပါတယ်။

KNU တပ်မဟာ ၄ နဲ့ ကော်သူးလေတပ်တော်တို့ဟာ ထားဝယ်၊ အရှေ့တောဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ဆန်းပိုင်းကတည်းကစလို့ နှစ်ဖက် ပဋိပက္ခနဲ့ တိုက်ပွဲတွေရှိနေခဲ့တာဖြစ်ပါတယ်။

The Tanintharyi Times