ရေး-ထားဝယ်ကားလမ်းမပေါ်က စစ်ကောင်စီတပ်ရင်း မောင်းသူမဲ့လေယာဥ်နဲ့ ဗုံးကြဲခံရ

ရေး-ထားဝယ်ကားလမ်းမပေါ်က စစ်ကောင်စီတပ်ရင်း မောင်းသူမဲ့လေယာဥ်နဲ့ ဗုံးကြဲခံရ

ရုပ်သံ - ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ကလိန်အောင်မြို့နားမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းကို မောင်းသူမဲ့လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဒေါနတပ်ခွဲ-၄)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်က ခြေမြန်တပ်ရင်း (၄၀၉) ဖြစ်ပြီး အခုလ ၂ ရက်နေ့ မနက် ၈ နာရီခွဲခန့်က ၈၁ မမ ဗုံးသီး ငါးလုံးအသုံးပြုကာ တိုက်ခိုက်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူရဲ့ ပြောပြပါတယ်။

“တပ်ထဲကနေ လက်နက်ကြီးပြန်ပစ်တယ်။ဘယ်နှစ်လုံးမှန်းတော့ မသိဘူး။ ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း အသည်းအသန် ရမ်းသန်းပစ်တယ်။ လမ်းမှာလည်း ရမ်းသန်းပစ်တာတွေရှိတယ်။” လို့ တာဝန်ရှိသူက ပြောပါတယ်။

တပ်ရင်းတိုက်ခိုက်ခံရတဲ့နေ့ ညနေပိုင်းမှာ ကလိန်အောင်မြို့ထဲက နေအိမ်တချို့ကို စစ်ကောင်စီတပ်က စစ်မေးတာနဲ့ မြို့တွင်းကင်းလှည့်တာတွေလုပ်ဆောင်ခဲ့တယ်လို့လည်း ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နေ သိရပါတယ်။

ဒါ့အပြင် ခမရ(၄၀၉) တပ်ရင်းအရှေ့မှာလည်း ခရီးသွားကားတွေကို စစ်ဆေးတာ၊ ကလိန်အောင်တံတားစစ်ဆေးရေးဂိတ်နဲ့ တိုက်ခိုက်ခံရတဲ့တပ်ရင်းကနေ လက်နက်ငယ်နဲ့ ရမ်းသန်းပစ်ခတ်တာတွေလည်း မနေ့ကအထိ လုပ်ဆောင်ခဲ့တယ်လို့ KBDF တပ်ဖွဲ့တာဝန်ရှိသူပြောပြချက်အရ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခမရ(၄၀၉)တပ်ရင်းထဲမှာရှိတဲ့ အရာရှိရိပ်သာအပါအဝင် အဆောက်အအုံထိခိုက်ပျက်စီးတာနဲ့ တပ်သားထိခိုက်၊ ကျဆုံးတာတွေရှိတယ်လို့သိရပေမယ့် အသေးစိတ်ကို ဆက်လက်စုံစမ်းဆဲဖြစ် တယ်လို့လည်း တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါပစ်ခတ်မှုကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဒေါနတပ်ခွဲ-၄)ရဲ့ ဒရုန်းတပ်ဖွဲ့၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် T1 က မြေပြင်ချေမှုန်းရေးကွန်မန်ဒိုတပ်ဖွဲ့နဲ့ ရေဖြူတပ်ပေါင်းစုအဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မောင်းသူမဲ့ လေယာဥ်နဲ့ ဗုံးကြဲခံရတဲ့ခမရ(၄၀၉)တပ်ရင်းဟာ ရေး-ထားဝယ်ကားလမ်းမရဲ့အနောက်ဘက်မှာရှိပြီး ခမရ (၄၀၈)နဲ့ ခမရ(၄၁၀) တပ်တွေနဲ့ ကားလမ်းရဲ့အရှေ့ဘက်မှာရှိကာ တပ်ရင်းသုံးခုက ကပ်ရပ်တွေ ဖြစ်ပါတယ်။

The Tanintharyi Times