ထိုင်းငါးဖမ်းလှေကအလုပ်သမားတွေကိုအကြမ်းဖက်သံသယနဲ့ ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီပြော
ထိုင်းငါးဖမ်းလှေကအလုပ်သမားတွေကိုအကြမ်းဖက်သံသယနဲ့ ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီပြော
စစ်ကောင်စီ ရေတပ်က ပစ်ခတ်ဖမ်းဆီးထားတဲ့ ထိုင်းငါးဖမ်းလှေပေါ်မှာ လက်နက်ခဲယမ်း မဟုတ်သော အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်တဲ့ ပစ္စည်းတွေ တွေ့ရှိတာကြောင့် စစ်ဆေးနေတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၂ ရက်နေ့မှာ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာကနေ မြန်မာနိုင်ငံရေပိုင်နက်မှာ ငါးဖမ်းတဲ့ ထိုင်းငါးဖမ်းစက်လှေတွေကို ရေတပ်က ဖမ်းဆီးစစ်ဆေးတာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့တာပါ။
ထိုင်းငါးဖမ်းလှေပေါ်မှာ ထိုင်းနိုင်ငံသား ၄ ဦး၊ မြန်မာနိုင်ငံသား ၂၇ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာ ဖြစ်ပြီး သူတို့နဲ့အတူ အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်တဲ့ ပစ္စည်းတွေ စစ်ဆေးတွေ့ရှိတယ်လို့ ပြောပေမယ့် ဘာတွေတွေ့ရှိခဲ့သလဲဆိုတာကိုတော့ ထည့်သွင်းပြောဆိုထားခြင်း မရှိပါ။
ဒါ့အပြင် ထိုင်းငါးဖမ်းစက်လှေတွေကို ထိုင်းရေပိုင်နက်မှာ ဝင်ရောက်ဖမ်းဆီးတာ မဟုတ်ဘဲ ကော့သောင်းမြို့နယ်ထဲရှိ မြန်မာရေပိုင်နက်ထဲမှာပဲ ဖမ်းဆီးခဲ့တာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
“မြန်မာ့တပ်မတော်ရေက ထိုင်းနိုင်ငံရေပိုင်နက်ထဲ ဝင်ရောက်ပြီး ဖမ်းဆီးခဲ့တာ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံရေပိုင်နက်ထဲမှာ ဝင်ရောက်ပြီး ငါးဖမ်းနေတဲ့ ထိုင်းစက်လှေတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီပဲ ဖမ်းဆီးခဲ့ကြောင်း ပြောချင်ပါတယ်” လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
စစ်ကောင်စီ ပစ်ခတ်မှုကြောင်း ငါးဖမ်းစက်လှေထဲက တစ်ဦး ရေနစ် သေဆုံးသွားသလို နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ထိုင်းဘက်က ပြောဆိုထားတာကို စစ်ကောင်စီဘက်က ငြင်းဆန်လိုက်ပြီး ထိခိုက်သေဆုံးမှုတွေ မရှိခဲ့ပါဘူးလို့ ပြန်လည်တုံ့ပြန်ပါတယ်။
အဆိုပါ ငါးဖမ်းစက်လှေဟာ ထိုင်းနိုင်ငံ၊ ရနောင်းနိုင်ငံသား ထိုင်းလူမျိုးတစ်ဦး ပိုင်ဆိုင်တာ ဖြစ်ပြီး နိုဝင်ဘာ ၂၉ ရက် ညနေ ၃ နာရီမှာ ရနောင်းဆိပ်ကမ်းကနေ ထွက်ခွာကာ ည ၉ နာရီအချိန် မြန်မာရေပိုင်နက်ထဲကို ရောက်ရှိလာပြီး ငါးခိုးဖမ်းခဲ့ကြောင်း၊ ထိုရေသားတွေဟာ လုပ်ခလစာအဖြစ် ထိုင်းလူမျိုးတစ်ဦးကို ထိုင်းငွေ ၁၅,၀၀၀ ဘတ်၊ မြန်မာလူမျိုးတစ်ဦးကို ထိုင်းငွေ ၁၂,၀၀၀ ဘတ် ရရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုပါတယ်။
ထိုင်းနိုင်ငံသား ၄ ဦး၊ မြန်မာနိုင်ငံသား ၂၇ စုစုပေါင်း ရေလုပ်သား ၃၁ ဦးတို့ကို ဖမ်းဆီးတဲ့နေ့ မနက်ပိုင်းမှာပဲ ရနောင်းဘက်က ပင်လယ်ငါးဖမ်းလုပ်ငန်း တာဝန်ရှိသူတွေကို အကြောင်းကြားထားတယ်လို့လည်း စစ်ကောင်စီဘက်က ပြောပါတယ်။
ထိုင်းနိုင်ငံဘက်ကတော့ ထိုင်းနိုင်ငံသား ၄ ဦး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားသလို ထိုင်းငါးဖမ်းလှေတွေကို စစ်ကောင်စီက တိုက်ခိုက်တဲ့အပေါ် ကန့်ကွက်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောထားပါတယ်။
ထိုင်းငါးဖမ်းလှေတွေ ဖမ်းဆီးခံရတဲ့ နေရာဟာ ထိုင်းပိုင်နက် (သို့) မြန်မာရေပိုင်နက် ဟုတ်/မဟုတ် ဆိုတဲ့ အချက်အလက်တွေကို ထိုင်းဘက်က ရှာဖွေနေပြီး ဒီတိုက်ခိုက်မှုဟာ ထိုင်းရေပိုင်နက်အတွင်း ဖြစ်ပွားခဲ့တယ်ဆိုရင် ထိုင်းရေတပ်အနေနဲ့ လက်တုံ့ပြန်သွားမယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးကလည်း ပြောခဲ့ပါတယ်။
စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီဖြစ်စဉ်ဟာ တချို့သော မီဒီယာတွေ ၊ အွန်လိုင်းကနေ လှုံ့ဆော်နေသူတွေက ထိုင်း-မြန်မာ နှစ်နိုင်ငံကြား အထင်မြင်လွဲစေဖို့ ဦးတည်ဆောင်ရွက်နေတာလို့ စွပ်စွဲပြောဆိုခဲ့ပေမယ့် စစ်ကောင်စီ ဖမ်းဆီးထားတဲ့ ရေလုပ်သားတွေကို ပြန်လွှတ်ပေးဖို့ ရှိ/မရှိကိုတော့ ထည့်သွင်းပြောဆိုထားခြင်း မရှိခဲ့ပါဘူး။
The Tanintharyi Times
