လောင်းလုံးရဲစခန်းမှာ ဖမ်းထားတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို လုံခြုံရေးအပြည့်နဲ့ ထားဝယ်ထောင်ကိုပို့ဆောင်
လောင်းလုံးရဲစခန်းမှာ ဖမ်းထားတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို လုံခြုံရေးအပြည့်နဲ့ ထားဝယ်ထောင်ကိုပို့ဆောင်
လောင်းလုံးရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့နိုင်ငံရေးအကျဥ်းသားတွေကို ထားဝယ်အကျဉ်းထောင်သို့ ဒီကနေ့မနက်က ပို့ဆောင်ချိန်မှာ လုံခြုံရေးအပြည့်ယူပြီးမှ လုပ်ဆောင်တာ တွေ့ရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
အကျဥ်းထောင်ကို ပို့ဆောင်ခံရသူတွေဟာ လောင်းလုံးမြို့နယ် အတွင်းမှာ အောက်တို ဘာလ လောက်ကစပြီး ဖမ်းဆီးပြီး လောင်းလုံးရဲစခန်းမှာ ချုပ်နှောင်ခံထားရသူတွေဖြစ်တယ်လို့သိရပါတယ်။
သူတို့ကို ဒီကနေ့ မနက် ၄ နာရီခွဲလောက်မှာ အချုပ်ကားပေါ်ကို တင်ဆောင်ပြီး တခြားစစ်ကောင်စီကား ၃စီးကဝန်းရံကာ ပို့ဆောင်ခဲ့တဲ့အပြင် လမ်းတလျှောက်မှာလည်း စစ်ကောင်စီတပ်သား အင်အား ၃၀ ကျော်က ကင်းစောင့်နေခဲ့ကြတယ်လို့ သိရပါတယ်။
“ထားဝယ်ကဗီဂိုးကား ၃ စီးအင်အားအပြည့်နဲ့ မနက်သုံးနာရီလောက်ကတည်းကဆင်းလာတယ်။ ပြီးတော့ မင်းရပ်ရွာကနေ သဗျာရွာလောက်အထိ လမ်းတလျှောက်က လမ်းပြတ်တွေမှာ လမ်းကင်းစောင့်နေကြတာ။ ဖြတ်သွားတဲ့ကားတွေကိုတောင် စစ်ဆေးသေးတယ်” လို့လောင်းလုံးမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။
အချုပ်ကားပေါ်မှာတော့ နိုင်ငံရေးအမှုနဲ့ဖမ်းဆီးခံထားရတဲ့ အမျိုးသား၊ အမျိုးသမီး ၁၅ ဦးဝန်းကျင်ခန့်ပါဝင်တယ်လို့လည်း အကျဉ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးကဆိုပါတယ်။
အခုလို ပို့ဆောင်ခံရသူတွေဟာ လောင်းလုံးမြို့နယ်တရားရုံးမှာ ပုဒ်မတပ်တာ၊ အမှုစစ်ဆေးတာနဲ့ အမိန့်ချတာတွေပြုလုပ်ပြီးမှ ပို့ဆောင်တာလို့လည်းနီးစပ်သူက ပြောဆိုပါတယ်။
အဲဒီအပေါ်မှာတော့ သီးခြားအတည်ပြုနိုင်တာမရှိပေမယ့် လောင်းလုံးမြို့နယ် တရားရုံးကို လွန်ခဲ့တဲ့ ၂ လလောက်ကစပြီးပြန်လည်ဖွင့်လှစ်ကာ အမှုစစ်ဆေးတာတွေကိုပြန်လည်ပြုလုပ်နေတာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစပြီး ဒီနှစ် စက်တင်ဘာလလောက်အထိ မြို့နယ်အတွင်းမှာ ဖမ်းဆီးခံရသူတွေကို အခုလိုလောင်းလုံးမှာအမှုစစ်တာမရှိဘဲ ရဲစခန်းကတဆင့် ထားဝယ်ထောင်ကို တခါတည်းပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
The Tanintharyi Times
