ဘာကြောင့် သတင်းဆောင်းပါးတွေက အရေးကြီးတာလဲ

ဘာကြောင့် သတင်းဆောင်းပါးတွေက အရေးကြီးတာလဲ

သတင်းဆောင်းပါးရေးသားခြင်းလက်စွဲ
အခန်း (၂)

ဘာကြောင့်သတင်းဆောင်းပါးတွေက အရေးကြီးတာလဲ ဆိုတဲ့မေးခွန်းကို ဖြေရရင်တော့ တစ်အချက်က စာဖတ်သူတွေဟာ ဖြစ်ရပ်တွေကို သေသေချာချာနားလည်ချင်ကြ တယ်၊ နှစ်အချက်ကတော့ ရသမြောက်တဲ့စာတွေကို ဖတ်ချင်ကြလို့ပါပဲ။

ဒါကြောင့်သတင်းဆောင်းပါးတွေကို ပြောင်ပြောင် မြောက်မြောက်ထုတ်ပေးတဲ့ သတင်းဌာနတွေဟာ နိုင်ငံတကာမှာ လူကြိုက်များကြပါတယ်။ New York Times, The Washington Post, The Guardian, The New Yorker, Associated Press, Reuters, The Vox တို့လို သတင်းဌာနကြီးတွေဟာ ထင်ရှားအောင်မြင်ကြပါတယ်။

ဒီဘက်ခေတ်မှာတော့ စာဖတ်သူတွေကို ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး သေသေချာချာရှင်းပြတဲ့ ဆောင်းပါးတွေက Explainer Journalism အဖြစ် ပိုခေတ်စားလာပါတယ်။ ရှုပ်ထွေးလှတဲ့ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ရှင်းပြနိုင်တဲ့သတင်းဌာနတွေက ပိုအောင်မြင်လာပါတယ်။ ဘာကြောင့် ဟားမာ့စ်အဖွဲ့ က အစ္စရေးကိုဝင်တိုက်တာလဲ၊ ဟားမာ့စ်ဆိုတာ ဘယ်လိုအဖွဲ့မျိုးလဲ၊ MNDAA က တရုတ်ရဲ့ဖိအားကိုဘာကြောင့် အလေးထားရတာလဲ၊ ဘာကြောင့် ကာမလာဟားရစ်စ်က ထရန့်ထက် လူထု စစ်တမ်းမှာ လူကြိုက်ပိုများနေတာလဲ၊ လာမယ့်နွေရာသီက ပိုပူမှာလား၊ နွေဦးတော်လှန်ရေးက ကြာဦးမှာလား စတဲ့ မေးခွန်းတွေအားလုံးဟာ စာဖတ်သူတွေသိချင်တဲ့အကြောင်းအရာတွေ ဖြစ်ပါတယ်။

သတင်းဌာနတစ်ခုအောင်မြင်ဖို့ဆိုရင် သတင်းဆောင်းပါးကောင်းတွေက အင်မတန်
အရေးကြီးပါတယ်။ စာရေးကောင်းတဲ့သူတွေလိုသလို တည်းဖြတ်တာကောင်းတဲ့ အယ်ဒီတာတွေလည်း လိုအပ်ပါတယ်။ ဘာကြောင့်လဲဆို တော့ အင်တာနက်ခေတ်မှာ သတင်းဌာနတွေက သတင်းတွေကိုအရင်ပြောခွင့် မရကြတော့ပါဘူး။

ဆည်ကျိုးရင် လူမှုမီဒီယာပေါ်မှာအရင်တက်ပါတယ်။ ဒေါ်လာဈေးတက်ရင်လည်း လူမှုမီဒီယာက စောပါတယ်။ ဆယ်လီတစ်ယောက် တစ်ခုခုပြောရင်လည်း လူမှုမီဒီယာကပဲဦးတာပါပဲ။ အဲဒီတော့ သတင်းဌာနကြီးတွေလုပ်ရမှာက လူမှုမီဒီယာပေါ်မှာ သာမန်ပြည်သူတွေမတင်နိုင်တဲ့ စတိုရီတွေကို တင်ဆက်ဖို့ပဲဖြစ်ပါတယ်။

အခုစာအုပ်ကို ရေးတဲ့သူကတော့ အကြောင်းအရာတစ်ခုကို သေသေချာချာရှင်းပြတဲ့ သတင်းဌာနတွေကို ရွေးဖတ်ပါတယ်။ ရသမြောက်အောင်ရေးနိုင်ပြီး ရှင်းလင်းတဲ့ဆောင်းပါးတွေကို တင်ဆက်တဲ့ ဌာနတွေကိုဖတ်ပါတယ်။

သတင်းဆောင်းပါးရေးသူကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုပြင်ဆင်ရမလဲဆိုရင်တော့ အကြံတချို့ပေးပါမယ်။

တစ်အချက်က စာကောင်းတွေကို များများဖတ်ဖို့ဖြစ်ပါတယ်။ စာကောင်းဆိုတဲ့အထဲမှာ ဆောင်းပါး၊ ဝတ္ထု၊ ကဗျာ၊ ရသစာမျိုးစုံပါပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာ နှစ်ခုလုံးကို ဆိုလိုတာဖြစ်ပါတယ်။

တစ်ချိန်က အလယ်တန်းနဲ့ အထက်တန်းပညာရေးမှာ ပြဌာန်းခဲ့တဲ့ “ပင်ရင်းမြန်မာစကားပြေလက်ရွေးစင်” စာအုပ်နှစ်အုပ်က ဆောင်းပါးအရေးအသားတွေကို ဖတ်ကြစေချင်ပါတယ်။ တကယ်ကောင်းမွန်တဲ့ စကားပြေတွေဖြစ်ပါတယ်။

ငယ်ရွယ်တဲ့လူငယ်၊ လူလတ်ပိုင်းတွေအနေနဲ့ ကိုယ့်ဦးလေး၊ အဒေါ်တွေမှာ ဒီစာအုပ်တွေ ရှိသေးလားလို့ ရှာဖွေတောင်းယူလို့ ရနိုင်ပါတယ်။ ဆရာသိပ္ပံမောင်ဝရဲ့ လက်ရာတွေကိုလည်း ဖတ်ကြစေချင်ပါတယ်။ အင်မတန်ရှင်းလင်းပြေပြစ်တဲ့ စကားပြေအရေးအသားတွေ ဖြစ်ပါ တယ်။ စာကောင်းတွေမဖတ်ရင် စာကောင်းတွေရေးနိုင်မှာ မဟုတ်ပါဘူး။

နှစ်အချက် အကြံပေးချင်တာကတော့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ကြည့်ဖို့ပါပဲ။ ရုပ်ရှင်ဆိုတဲ့အထဲမှာ ဇာတ်လမ်းရုပ်ရှင်ရော မှတ်တမ်းရုပ်ရှင်ရော ပါပါတယ်။ ကြည့်တဲ့ အခါမှာလည်း သာမန်ကြည့်တာမဟုတ်ဘဲနဲ့ စိတ်ထဲမှာ ဇာတ်လမ်းနဲ့ဇာတ်ညွှန်းကို ကိုယ်သာဆိုရင် ဘယ်လိုဖန်တီးမယ်ဆိုတာမျိုး လိုက်တွေးကြစေချင်ပါတယ်။ အဲဒီအလေ့ အထဟာ ဆောင်းပါးကောင်းတွေ ရေးဖို့အတွက် အလွန်အထောက်အကူဖြစ်စေပါတယ်။

ရုပ်ရှင်ဇာတ်ကားကောင်းတွေ ကြည့်တာဟာ ဖန်တီးမှ စွမ်းအားတွေကို တိုးတက်စေတာတင်မကပါဘူး၊ ဗဟုသုတကိုလည်း တိုးပွားစေပါတယ်။

သုံးအချက်ကတော့ အင်္ဂလိပ်ဘာသာကို ကြိုးစားလေ့လာဖို့ပါပဲ။ အင်္ဂလိပ်ဘာသာနဲ့ ဆောင်းပါးတွေကို ဖတ်နိုင်ပြီဆိုတဲ့အခါ နိုင်ငံတကာက သတင်းစာဆရာတွေရဲ့ ရေးဖွဲ့ မှုတွေကို ဖတ်ရှုဖို့၊ လေ့လာဖို့အခွင့်အလမ်းကပွင့်သွားပါပြီ။

အင်တာနက်ပေါ်မှာ လွန်ခဲ့တဲ့နှစ်တစ်ရာလောက်က သတင်းစာဆရာတွေရဲ့ လက်ရာတွေကိုလည်း ပြန်လေ့လာလို့ရပါတယ်။ စာရေးကောင်းတယ်ဆိုတဲ့ ဂန္ဓဝင် သတင်းစာဆရာတွေဖြစ်တဲ့ အီလျာအာရင်ဘာဂ်၊ အားနက်စ် ဟဲမင်းဝေး၊ မာသာဂယ်လ်ဟွန်း၊ တွမ်ဂွတ်ဖ်၊ ဘော့ဝုဒ်ဝါ့ဒ် တို့လိုပညာရှင်တွေရဲ့အရေးအသားတွေကိုလည်း လေ့လာနိုင်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်ဘာသာကို လေ့လာခြင်းဟာအလွန်အကျိုးများပါတယ်။

လေးအချက်အကြံပေးချင်တာကတော့ လူတွေကြားထဲမှာနေဖို့ ဖြစ်ပါတယ်။ သတင်းစာပညာဟာ သာမန်ပြည်သူတွေအကြောင်း ဖြစ်ပါတယ်။ စတိုရီတွေထဲမှာ သြဇာကြီးသူတွေ၊ ဆယ်လီတွေပါနိုင်တယ်ဆိုပေမယ့် သတင်းစာ ဆရာတွေဟာ သာမန်ပြည်သူတွေအတွက်ပဲ ဦးတည်ရေးသားကြတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေဘယ်လို ခံစားနေကြတယ်၊ ဘာကိုစိုးရိမ်နေကြတယ်၊ မျှော်လင့်နေကြတယ်၊ သူတို့ ထင်မြင်ချက်တွေက ဘာတွေလွဲမှားနေ တယ်ဆိုတာကို သိကြရပါမယ်။

The Tanintharyi Times