ရှပ်ပုံကျေးရွာအုပ်စုထဲ စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၊ အမျိုးသား ၇ ဦးကို PDF လို့ စွပ်စွဲကာ ဖမ်းဆီးသွား
ရှပ်ပုံကျေးရွာအုပ်စုထဲ စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၊ အမျိုးသား ၇ ဦးကို PDF လို့ စွပ်စွဲကာ ဖမ်းဆီးသွား
ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး အမျိုးသား ၇ ဦးကို PDF လို့ စွပ်စွဲကာ လက်နောက်ပြန် ကြိုးတုပ်ပြီး ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ဟာ ရှပ်ပုံကျေးရွာအုပ်စုထဲကို မနေ့ ကတည်းက စစ်ကြောင်းထိုးနေတာဖြစ်ပြီး ရာဘာခြစ်နေတဲ့ အသက် ၃၀ ကျော်အရွယ် ရှပ်ပုံရွာသား ၄ ဦးကို မနေ့က မနက်ပိုင်းမှာပဲ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“ပုလောရဲစခန်းကို ဒရုန်းနဲ့ဗုံးကြဲရာမှာပါတဲ့ သူတွေဆိုပြီး ပါသွားတာ။ သူတို့က ဒရုန်းတွေ၊ သေနတ်တွေ လက်ထဲအဆင်သင့်ထည့်ပေးရင်တောင် ပစ်တတ်မှာမဟုတ်တဲ့သူတွေ” လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့မိသားစုဝင်တစ်ဦးက ပြောပါတယ်။
အင်အား ၇၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့မနက်ပိုင်းကတည်းက ရှပ်ပုံကျေးရွာအုပ်စုထဲက ရွာတွေကို တစ်ရွာပြီး၊ တစ်ရွာ စစ်ကြောင်းထိုးနေပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ ပြင်ဘုငယ်ကျေးရွာအုပ်စုဘက်ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတဲ့ လမ်းတစ်လျှောက် လက်နောက်ပြန် ကြိုးတုပ်အနေအထားနဲ့ အမျိုးသား ၇ဦးကို ဖမ်းခေါ်သွားတာ တွေ့လိုက်ရတယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတွေက ပြောပြပါတယ်။
နောက်ထပ် အဖမ်းခံခဲ့ရတဲ့ ဒေသခံ ၃ ဦးဟာ ဘယ်ရွာသားတွေ ဖြစ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
“ရွာထဲမှာက PDF တွေလည်း မရှိတာကြာပြီ။ သက်သက်လက်နက်မရှိတဲ့သူတွေကို အနိုင်လာကျင့်နေသလိုခံစားရတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၅ ရက်အတွင်း ပုလောရဲစခန်းကို ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးသီးချတိုက်ခိုက်ခံခဲ့ရပြီးနောက် ရဲစခန်းနဲ့ အလှမ်းဝေးပြီး ပုလောတံတားတစ်ဖက်ကမ်းမှာရှိတဲ့ ရှပ်ပုံကျေးရွာအုပ်စုထဲက ရွာသားအချို့ရဲ့အိမ်တွေရှာခံခဲ့ရတာရှိသလို ဒေသခံအချို့လည်း စစ်ဆေးမေးမြန်းခံခဲ့ရပါတယ်။
ပုလောမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဘက်က အင်အားအများအပြားဖြည့်တင်းထားပြီး နေ့စဥ်ဆိုသလို ပစ်ခတ်မှုတွေရှိနေပါတယ်။
ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ ပြည်သူတွေကို မလိုအပ်ဘဲ ခရီးမသွားကြဖို့ မေတ္တာရပ်ခံထားပါတယ်။
The Tanintharyi Times
