ပုလောမြို့နယ်အဝင်နဲ့ အထွက်တွေမှာ ခရီးသွားယာဉ်တွေကို ဖြတ်ခွင့်မပေးဘဲ စစ်ကောင်စီတပ်က လမ်းပိတ်ထား

ပုလောမြို့နယ်အဝင်နဲ့ အထွက်တွေမှာ ခရီးသွားယာဉ်တွေကို ဖြတ်ခွင့်မပေးဘဲ စစ်ကောင်စီတပ်က လမ်းပိတ်ထား

ပုံစာ- ပုံဟောင်းဖြစ်ပါတယ်။

ပုလောမြို့နယ်ထဲက မကျည်းကုန်းဂိတ်နဲ့ ပလမြို့ဂိတ်တွေမှာ စစ်တပ်က လမ်းပိတ်‌ထားပြီး ခရီးသွားယာဉ်တွေကို ဖြတ်ခွင့် မပြုဘူးလို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

အခုလို ယာဉ်တွေကို ဖြတ်သန်းခွင့်မပေးဘဲ လမ်းပိတ်ထားတာဟာ ကပ်လျှက်မြို့နယ်ဖြစ်တဲ့ သရက်ချောင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ စစ်ရေးခြေနေမတည်ငြိမ် ဖြစ်နေတာကြောင့် ပိတ်ချလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

မြိတ်-ထားဝယ်‌ ခရီးသည်ယာဉ်ပြေးဆွဲနေတဲ့ ကားဂိတ်တစ်ခုကတော့ ” ဒီနေ့ လမ်းကြောင်းအခြေနေသိပ်မကောင်းဘူး။ မနက်ဖြန်မှပဲ သွားရလာရတာ ပိုအဆင်ပြေမယ်။” လို့ ပြောပါတယ်။

ဒီကနေ့ နေ့လည် ၂ နာရီခွဲ အချိန်ထိ စစ်တပ်က လမ်း‌တွေ ပိတ်ချထားဆဲ ဖြစ်ပြီး ယာဉ်တန်းတွေလည်း ဖြတ်သန်းခွင့်မရဘဲ တန်းစီစောင့်ဆိုင်းနေကြရပါတယ်။

မကျည်းကုန်းဂိတ်ဟာ ပုလောမြို့အဝင်မှာရှိပြီး ခလရ (၂၈၅) တပ်ရင်းနဲ့ အနီးမှာရှိတာပါ။ပလမြို့ဂိတ်ကတော့ ပလရဲစခန်းနဲ့ ကပ်ရက်မှာ ရှိပါတယ်။

” အခုက အဝင်အထွက် ၂ ခုစလုံးမှာပိတ်ထားတယ်။ ပလောက်မှာတော့ မပိတ်ဘူး။ ပလောက်က တိုက်ပွဲတွေ သိပ်မဖြစ်လို့လည်းပါမယ် ” လို့ ပုလောဒေသခံတစ်ဦးက ဆိုပါတယ်။

ဒီကနေ့မနက်က စစ်ကားအကြီးနဲ့ အငယ် ၂၃ စီးခန့် အင်အားအပြည့်နဲ့ ထားဝယ်မြို့ဘက်ကနေ မြိတ်မြို့ဘက်ကိုဦးတည်မောင်းနှင်ခဲ့ပြီး လမ်းတလျှောက်မှာလည်း ကင်းပုန်းတွေချထားတယ်လို့ သိရပါတယ်။

The Tanintharyi Times