ထိုင်းကပေးတဲ့ ဆေးရုံဘတ်
ထိုင်းကပေးတဲ့ ဆေးရုံဘတ်

နံနက် ၈ နာရီ၌ပင် လတ်ချ်ဘူရီဆေးရုံကြီး၏ ပြင်ပဆေးကုသဆောင်တစ်ခုရှေ့တွင် လူတန်းရှည်ကြီး တန်းစီနေလေပြီ။
လူတန်းရှည်ကြီး၏ လည်တိုင်တို့တွင် အမည်နှင့် အလုပ်ရုံနာမည်များရေးထားဟန်တူသည့် ဆွဲပြားကိုယ်စီ ဆွဲထားကြလေသည်။
လူတန်းရှည်ကြီးသည် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြသည်။
‘ဘတ်ပွဲစား’ ဟု သူတို့ အလွယ်ခေါ်ကြသည့် ထိုင်းနိုင်ငံသားများနှင့် ထိုင်စကားမွတ်နေအောင် ပြောတတ်သော မြန်မာတို့က သူတို့ကို ဦးဆောင်ညွှန်ကြားနေကြသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ နေထိုင်အလုပ်လုပ်ခွင့်စာရွက်စာတန်းများ လွယ်ကူစွာရရှိရေး အကျိုးဆောင်ပေးသည့် အေးဂျင့် ကုမ္ပဏီများရှိရာ ထိုင်းအလုပ်ရှင်တို့က မိမိတို့လုပ်သမားများ၏ စာရွက်စာတန်းကိစ္စများကို ၎င်းအေးဂျင့်များကို အပ်နှံပေးထားကြတတ်သည်။
အလုပ်ရှင်မှ တာဝန်မယူပေးသည့် နေ့စား အလုပ်သမားများ၊ အလုပ်ရှင် မယ်မယ်ရရမရှိသေးသူများက ထိုကုမ္ပဏီတို့မှ ချိတ်ဆက်စေလွှတ်ထားသူတို့မှတစ်ဆင့် စာရင်းသွင်းကာ ၎င်းတို့ပြောသည့် ပေါက်ဈေးအတိုင်း ငွေပေးချေ၍ နေထိုင်လုပ်ကိုင်ခွင့်အထောက်အထားများ လုပ်ဆောင်ကြရသည်။
ထိုသို့ လက်ခံလုပ်ဆောင်ပေးသူတိုင်းကို ရွှေ့ပြောင်းအလုပ်သမားတို့က ‘ဘတ်ပွဲစား’ဟု အလွယ်ခေါ်ကြသည်။
ယခု ဆေးရုံရှေ့ လာတန်းစီနေကြသည်မှာ ပန်းရောင်ကဒ်ခေါ် အလုပ်လုပ်ခွင့်ပါမစ်ရရှိရေးလုပ်ငန်းစဉ်၏ ကနဦးလုပ်ဆောင်ရသည့် ဆေးထောက်ခံချက်လက်မှတ်နှင့် ဆေးကုသခွင့် အာမခံကဒ်(ဆေးရုံဘတ်) ရရှိရန် ဖြစ်သည်။
လူတန်းရှည်ကြီးက တစ်တန်းတည်း မဟုတ်ဘဲ သူ့အေးဂျင့်နှင့်သူ တစ်ဖွဲ့လျှင် တစ်တန်းနှုန်း စီနေကြသည်။
၈ နာရီ ကျော်ကျော်တွင် ဆေးရုံဝန်ထမ်းထိုင်းအမျိုးသမီးတစ်ဦးက ထိုဆေးကုဆောင်အပြင်နံရံတွင် လူစာရင်းစာရွက်များ လာကပ်သည်။
“နို့နှေ့ယော့ တစ် န နှစ် ဝေး”
ထားဝယ်သားတစ်ယောက်က စာရွက်များကို ဖတ်ကာ “ငါတို့နှစ်ယောက်က နံပါတ်တစ်နှင့် နှစ်ဖြစ်ကြောင်း သူအဖော်ကို လှမ်းပြောသည်။
ဆေးရုံဝန်ထမ်းအမျိုးသမီးက သူတို့ကို ထိုင်းလိုမေးမြန်းပြီး ဆော့ပင်များ ပေးလိုက်သည်။
ထိုထားဝယ်သားနှစ်ယောက်က ဆော့ပင်ဖြင့် သူတို့လက်ဖမိုးတွင် ‘1’ နှင့် ‘2’ ဟု ရေးကြသည်။
နံရံကပ်စာရွက်များတွင် နာမည်နှင့် နံပါတ်တို့ကို အင်္ဂလိပ်လိုရေးထားပြီး ကျန်အချက်များကို ထိုင်းလို ရေးထားပါသည်။
အေးဂျင်းတို့ကလည်း သူတို့တာဝန်ယူထားသူတို့၏ လက်ဖမိုးတို့တွင် လိုက် ရေးပေးနေကြသည်။
မကြာမီ လူနာဆောင်အခန်းတံခါးပွင့်သွားပြီး ထားဝယ်သားနှစ်ဦး အရင်ဝင်သွားကြသည်။
အခန်းက ပေ ၅၀ ပတ်လည်နီးပါးရှိပြီး ကွန်ပျူတာတင်စားပွဲခုံများက နံရံပတ်လည်တွင် နေရာယူခင်းကျင်းထားသည်။ အလယ်တွင် လူအများထိုင်နိုင်ရန် ကုလားထိုင် ၃၀ ခန့်ကို တစ်ခုံနှင့်တစ်ခုံ ၄ ပေခန့်အကွာ ခန့်ကျဲကျဲ ခင်းထားသည်။
ဆေးရုံဝန်ထမ်းအမျိုးသမီးက အခန်းဝမှနေ၍ လက်ဖမိုးမှ နာပါတ်ကိုကြည့်ကာ သူတို့ကို စာရွက် တစ်ရွက်စီ လှမ်းပေးလိုက်သည်။
ထိုစာရွက်သည်လည်း လူနာမည်ကိုသာ အင်္ဂလိပ်လိုရေးထားပြီး ကျန်အချက်များကို ထိုင်းလို ရေးထားသည့် ကွန်ပျူတာစာစီဖြတ်ပိုင်းပုံလေးဖြစ်သည်။
ထူးသည်မှာ ထိုစာရွက်ပေါ်တွင် ဘောပင်ဖြင့် ‘3550’ ဟု မြင်သာအောင် ရေးထားလေသည်။
ထိုဝန်ထမ်းက ကွန်ပျူတာများတင်ထားသည့် စားပွဲတစ်ခုဆီ ညွှန်ပြသည်။ ထိုစားပွဲရှည်တွင် ခတ်ဖိုက်ဖိုက် အမျိုးသမီးတစ်ဦးနှင့် ဝန်ထမ်းအမျိုးသမီးငယ် နှစ်ဦး ရှိနေသည်။
ခတ်ဖိုက်ဖိုက် အမျိုးသမီးက စာရွက်ကို လှန်းတောင်းကာ ကွန်ပျူတာတွင် ဖြည့်နေပြီး သူ့ဖုန်းကို ကိုင်လိုက်သည်။
“မာနီး မာနီး”
သူ့အနီးသို့ တိုးစေကာ ဖုန်းဖြင့် မျက်နှာကို အနီးကပ် အကျအန ချိန်ကာ ဓာတ်ပုံရိုက်သည်။
“ပိုင်း ပိုင်း”
သူဘေးကပ်စားပွဲသို့ သွားခိုင်းခြင်း ဖြစ်သည်။
ကိုယ်လုံးကျစ်ကျစ် အမျိုးသမီးက စာရွက်ကို လှမ်းယူပြီး သွေးပေါင်ချိန်၊ အရပ်၊ ကိုယ်အလေးချိန်တို့ကို မေးနေသည်။
ထားဝယ်သားက ဆေးရုံတစ်နေရာတွင် သွေးပေါင်တိုင်း၊ သွေးပေါင်ချိန်ကာ ရလဒ်ကို ဓာတ်ပုံရိုက်လာရာ ထိုပုံတို့ကို ပြသည်။
ထိုအချက်များကို ဖြည့်ပေးပြီးနောက် သူတို့စားပွဲ၏ ညာဘက်နံရံတွင်နေရာယာထားသည့် စားပွဲရှည်တစ်ခုသို့ ညွှန်သည်။
ထိုစားပွဲရှိ ခန့်ဝဝ သက်လတ်ပိုင်းထိုင်းအမျိုးသမီးအား စာရွက်ထိုးပေးသောအခါ လှန်းယူ၍ စာရွက်ကြည့်ကာ ကွန်ပျူတာကီးဘုတ်ခလုပ်များကို တချောက်ချောက် ခေါက်လေသည်။
ထိုစားပွဲနှစ်ဘေးရှိ ပရင့်တာ(ကွန်ပျူတာနှင့်ချိတ်ထားသော စာရွက်ထုတ်စက်)မှ စာရွက် နှစ်ရွက် ထွက်လာသည်။
ထိုစာရွက်ကို ထားဝယ်သားအား လှမ်းပေးရာ ထားဝယ်သားက စာရွက်ကို ကြည့်ကာ ဘတ်ငွေ ၃၅၅၀ ဘတ် ထုတ်ပေးလိုက်သည်။
ထိုဖြတ်ပိုင်း စာရွက်တွင်
“ဆေးဘက်ဆိုင်ရာ နည်းပညာဆိုင်ရာ ရောဂါရှာဖွေရေးနှင့် ရောဂါဗေဒအတွက် အခကြေးငွေ – ၁၅၀ ”
“နိုင်ငံခြားအလုပ်သမား ကျန်းမာရေးအာမခံကုန်ကျစရိတ်- ၂၄၀၀”
“နိုင်ငံခြားအလုပ်သမားများအတွက် ကျမ်းမာရေး ဆေးစစ်စရိတ်- ၁၀၀၀”
“စုစုပေါင်း – ၃၅၅၀ “ ဟု ထိုင်းဘာသာဖြင့် ရေးထားသည်။
ထားဝယ်သားက “ သုံးထောင်ငါးရာငါးဆယ် အသင့် ထုတ်ထား” ဟု နောက်မှလိုက်နေသည့် သူ့အဖော်ကို လှမ်းပြောသည်။
သူတို့က နှစ်ဦးတည်းဖြစ်သောကြောင့် လူနည်းစုဖြစ်၍ အဦးဆုံး လုပ်ပေးကြောင်း၊ အေးဂျင့်ဖြင့် လုပ်သူ လူအများစုမှာ အုပ်စုလိုက် နောက်မှ တသုတ်ပြီးတစ်သုတ် လုပ်ရမည်ဖြစ်ကြောင်း သူ့အဖော်ကို ရှင်းပြနေသည်။
အေးဂျင့်ဖြင့်လုပ်သူတို့အတွက်မူ ဆေးရုံတွင် မည်မျှကုန်ကျသည်ကို သိနေစရာ မလို။ သူတို့သည် ပန်းရောင်ကဒ်ရသည်အထိ မည်မျှ ပေးရမည်ဟု အပြီးသတ် ဈေးသတ်မှတ်ချက် ရှိပြီးသားဖြစ်ရာ ယင်းထဲတွင် ဆေးရုံဘတ်အတွက်ပါ အကျုံးဝင်နေ၍ ဖြစ်သည်။
သူတို့ နှစ်ယောက်နောက်တွင် အခြားသူအချို့လည်း တန်းစီနေကြပြီ ဖြစ်သည်။
လင်မယားဖြစ်ဟန်တူသော အသက် ၅ဝ ဝန်းကျင်စုံတွဲတစ်တွဲက ကျောင်းသားဝတ်စုံဝတ်ထားသည့် အသက် ၈ နှစ်ခန့်အရွယ် ကလေးတစ်ယောက်ကိုဆွဲကာ တန်းမစီးဘဲ စားပွဲစီ လျှောက်သွားရာ ဆေးရုံဝန်ထမ်းတို့က သူတို့ကို ငွေအရင်သွင်းခိုင်းလိုက်ကြသည်။
ငွေသွင်းပြီးသူတို့က ငွေသွင်းကောင်တာ၏ မျက်နှာချင်းဆိုင်မှထုတ်ပေးသည့် လက်သန်းအရွယ်ရှည်မျောမျောကော်ဗူးအလွတ်များကိုယူကာ အခန်းပြင် ထွက်သွားကြသည်။
အခန်းပြင်တွင် ကိုဗစ်ရောဂါစစ်သည့် အဖွဲ့က အသင့်ရှိနေပြီး လာသမျှလူကို ခေါင်းအနည်းငယ်မော့စေကာ နှာခေါင်းထဲ ဝါဂွမ်းတံရှည် အရင်းထိ ထိုးထည့်ကာ ကလိလေသည်။
အထိုးခံရသူတို့က အထိုးခံရသည့်နှာခေါင်းပေါက်ဖက်မှ မျက်ရည်ကျသူချည်း၊ မျက်ရည်သုတ်ရသူချည်း ဖြစ်သည်။
ထိုဝါဂွမ်းတံကို ယူလာပေးသည့် ဗူးရှည်ထဲထည့်ကာ သူတို့ ယူထားလိုက်ပြီး အခန်းထဲ ပြန်ဝင်ခိုင်းပြန်သည်။
ဝင်လာသူတို့က အခန်း၏ ရှေ့ဘက်နံရံထောင့်တွင် နေရာယူထားသည့် ဆေးစစ်အဖွဲ့ထံ သွားရပြန်သည်။ ဆေးစစ်အဖွဲ့တွင် အသက် ၂၅ နှစ်ဝန်းကျင် အမျိုးသားတစ်ဦး၊ အမျိုးသမီးငယ် ၂ ဦး တွေ့ရသည်။
ဆေးစစ်အဖွဲ့က အဖုံးမပါသည့် ဗူးငယ်အလွတ်တစ်ခုစီ ထုတ်ပေးကာ အခန်းထောင့်ရှိ အိမ်သာသို့ ညွှန်ပြသည်။ ဗူးမှာ မြန်မာနိုင်ငံထုတ် ဖက်ဖူး ရှောက်သီးဆေးပြားဗူးနှင့် တူလှပြီး ဗူးပေါ်တွင် နံပါတ်ရေးထားသည်။
ထိုဗူးကိုယူကာ အိမ်သာသွားသူတို့က ဗူးတစ်ဝက်ခန့် ကျင်ငယ်များ ဗူးထဲ ထည့်လာကြသည်။ ဆီးစစ်ရန် ဖြစ်လေသည်။
တစ်ယောက်မှာ ဆီးစစ်ရန် လိုအပ်သည့်အချိုး မပြည့်ဟုဆိုကာ အိမ်သာပြန်သွားခိုင်းနေသည်။
ထိုဆီးခွက်ထဲ အတံလေးတစ်ခု ထည့်ပြီး ခဏ စောင့်ရသည်။ ထိုနောက် ဆီးကို အိမ်သာတွင် ပြန်သွန်ခိုင်းပြီး ခွက်ကို ပြန်ယူလာက သူတို့ရှေ့ရှိ အမှိုက်ခွက်ထဲသို့ ထည့်စေသည်။
ဆီးစစ်ပြီးသူများကို အခန်းထွက်ပေါက်သို့ လှမ်းခေါ်သည်။
ထွက်ပေါက်အနီးရှိ စားပွဲပေါ်တွင် လက်သန်းအရွယ်ဆေးလုံးဖြူ ၃ လုံးစီထည့်ထားသော ဆေးခွက်များ၊ ကတော့ပုံ စက္ကူခွက်ငယ်များနှင့် ရေကယားကိုင်ထားသော ထိုင်းအမျိုးသမီးတစ်ဦး စောင့်နေသည်။
အသက် ၃၅ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးက စက္ကူရေခွက်ကို ယူပြီးလိုက်ရာ ထိုင်းအမျိုးသမီးက ရေတစ်ဝက်သာသာ ထည့်ပေးသည်။
ထိုနောက် မြန်မာအမျိုးသမီးတစ်ဦးကို လက်ဖြန့်ခိုင်းကာ ဆေး ၃ လုံး ထည့်ပေးလိုက်ကာ သောက်စေသည်။
မြန်မာအမျိုးသမီးတစ်ဦးက ဆေးကို ပါးစပ်ထဲပစ်ထည့်ပြီး ရေသောက်လိုက်သည်။ ဆေးက လည်ချောင်းတွင် နင်နေဟန် တူ၏။ ရေထပ်တောင်းကာ သောက်ချနေပြန်သည်။
ထိုဆေးတို့က ရောဂါအခံရှိလျှင် ရောဂါကြွစေပြီး ရောဂါပေါ်စေရန် သွေးမစစ်မီ ကြိုတိုက်ထားခြင်းဖြစ်ကြောင်း မြန်မာအချင်းချင်း ပြောဆို ရှင်းပြနေကြသည်။
ဆေးသောက်ပြီးသူတို့က ကပ်လျှက်ရှိသော ဆေးရုံပင်မအဆောင်ကြီးထဲဝင်သွားကြရသည်။
ရွှေ့ပြောင်းအလုပ်သမား ထားဝယ်သား ၅ ဦးအုပ်စုက ဆေးရုံအောက်ထပ်ရှိ ကောင်တာတစ်ခုတွင် စာရင်းသွင်းနေသည်။ သူတို့ထဲတွင် အသက် ၃၅ အရွယ်ရှိ အမျိုးသမီးတစ်ဦးလည်းပါနေသည်။ သူတို့ကို ဦးဆောင်သူမှာ ထိုင်းစကားကောင်းစွာပြောတတ်သော ထိုင်းအလုပ်ရှင်၏ မျက်နှာလွှဲဖြစ်သည်။
စာရင်းပေးပြီးသည်နှင့် ထိုကောင်တာမှ မိုးပြာရောင် ပါးလျှလျှ အဝတ်တစ်ထည် ထုတ်ပေးသည်။ မျက်နှာလွှဲက ထိုအဝတ်ကို အမျိုးသမီးအား ပေးလိုက်ပြီး ဓာတ်မှန်ဌာနဘက် ထွက်လာကြသည်။
အမျိုးသားတို့က အပေါ်အင်္ကျီချွတ်ကာ ဓာတ်မှန်ခန်းထဲ တစ်ယောက်ပြီးတစ်ယောက်ဝင်သွားကြရပြီး အမျိုးသမီးက အဝတ်လဲခန်းထဲဝင်ကာ ကောင်တာမှ ထုတ်ပေးသည့်အဝတ်ကို ဝတ်ကာ ဓာတ်မှန်ရိုက်ရသည်။
ဓာတ်မှန်ရိုက်ပြီးသူများက ကနဦးစာရင်းသွင်းလူတန်းစီနေသည့်အဆောင်သို့ ပြန်လာကြရသည်။
ထိုအဆောင်ထဲဝင်ကာ ကနဦး ဆီးစစ်သည့်နေရာတွင် သွေးဖောက်ခံနေကြသည်။ သွေးကို တံတောင်ဆစ်အနီးလက်ဖျံသွေးကြောမှ သွေးကို လက်သန်းလုံးအရွယ် ဗူးငယ် နှစ်ဗူးတွင် တစ်ဝက်စီ ဖောက်ထည့်ကာ သိမ်းယူထားလိုက်ကြသည်။
သွေးဖောက်ပြီးသောအခါ ဆေးစစ်ခံမှု လုပ်ငန်းစဉ် ပြီးလေသည်။
ဆေးရုံပင်မဆောင်သို့ ပြန်သွားကာ ‘ဆေးရုံဘတ်’ခေါ် လတ်ချ်ဘူရီဆေးရုံ ကျန်းမာရေးအာမခံကဒ်ပြားကို သွားထုတ်ကြရသည်။
ထို ဘတ် ၂၄၀၀ တန် ဆေးရုံဘတ်တွင် သက်တမ်းမှာ ၂၀၂၃ ဒီဇင်ဘာမှ ၂၀၂၅ ဖေဖော်ဝါရီလအထိ ၁၅ လဖြစ်ပြီး ဆေးရုံလာပါက ကဒ်ပြားယူလာရန်၊ သတ်မှတ်(အစိုးရ)ဆေးရုံဆေးခန်းတွင်သာ အသုံးပြုနိုင်ကြောင်း၊ ကိုယ်တိုင်သာ အသုံပြုနိုင်ပြီး ဝန်ဆောင်မှုဆိုင်အခွင့်အရေးများသည် ထိုင်းကျန်းမာရေးဝန်ကြီးဌာန၏ စည်းမျဉ်း/လမ်းညွှန်ချက်များနှင့်အညီသာဖြစ်ကြောင်းများကို ထိုင်းဘာသာဖြင့်ရေးထားသည်။
နေမကောင်းဖြစ်ခြင်း၊ တစ်စုံတရာ မတော်တဆ ထိခိုက်မိခြင်း၊ အရေးပေါ်ဆေးဝါးကုသခြင်း၊ ကလေးမွေးဖွားခြင်း စသည်တို့အတွက် ဆေးရုံဘတ်ပြကာ ကုသနိုင်ကြောင်း အတွေ့အကြုံရှိသူ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့က ပြောကြသည်။
“ဆေးဖိုးက ဘတ် ၃၀ ပဲ ပေးရတယ်၊ ကိုယ်က အထူးခန်းတွေမျိုး ယူတယ်ဆိုရင်တော့ အခန်းခ ပေးရတာပေါ့လေ” ဟု ထိုင်းနိုင်ငံရွှေ့ပြောင်းလုပ်သက် ၁၅ နှစ်ကျော်ရှိ ထားဝယ်သူတစ်ဦးက ပြောသည်။
သို့သော် ဆေးရုံဘတ် လုပ်သူအားလုံးနီးပါးမှာ ၎င်းကျန်းမာရေးအာမခံကဒ်ပြားရရှိရန်အတွက်မဟုတ်ကြဘဲ အလုပ်လုပ်ကိုင်နေထိုင်ခွင့်ကဒ်(ပန်းရောင်ကဒ်)ရရှိရေး လုပ်ငန်းစဉ်ထဲမှ တစ်ခုဖြစ်နေ၍သာ လုပ်ဆောင်ကြခြင်း ဖြစ်ကြောင်း ပြောကြသည်။

ဆေးရုံဘတ်ဖြင့် ဆေးရုံတွင် ဆေးသွားကုပါက ဘာသာစကားနှင့် ဆေးရုံကိစ္စကျွမ်းကျင်သူကို အဖော်ခေါ်ရ(ငှားရ/ငှားရခက်)ခြင်း၊ ဆေးခန်းပြရန် ဆေးရုံတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းတို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားတို့က ဆေးရုံဘတ်ရှိသော်လည်း တော်ရုံဖြင့် ဆေးရုံမသွားကြဟု ဆိုကြသည်။
“နည်းနည်းပါးပါး နေမကောင်းဖြစ်ရင် အပြင်မှာပဲ ကုတယ်၊ သူတို့က ဒီစာရွက်ပြရင် ငွေမရဘူးဆိုတာ သိလို့လားမသိဘူး မျက်နှာငယ်ရလို့” ဟု အသက် ၃၂ နှစ်အရွယ် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုင်းဆေးရုံဘတ်ကို မြန်မာရွှေ့ပြောင်းအလုပ်သမားတို့ သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ၊ လုပ်ချင်သည် ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ၊ ပန်းရောင်ကဒ်ရရှိရေးအတွက် အချိန်ကုန် ငွေကုန်ခံကာ ဆေးရုံတွင် တန်းစီလုပ်နေကြရလေသည်။
အထက်ပါ ထားဝယ်လူငယ်နှစ်ဦးနှင့် ၅ ယောက်အုပ်စု ထားဝယ်သားတစ်စု ဆေးရုံထဲမှ ထွက်ခွာသွားလျှင် အချိန်မှာ နေ့လည် ၁၁ ခန့်သာရှိသေးသည်။
အေးဂျင်းဖြင့် ဆေးရုံဘတ်လုပ်သည့်လူတန်းရှည်ကြီးမှာ အချို့က စာရင်းသွင်းရန် တန်းစီနေကြဆဲ..။
The Tanintharyi Times