မလေးရှားပို့မယ့် ဘီလီယံ ၁၀၀ ကျော်တန်ဖိုးရှိ အိုက်စ် မူးယစ်ဆေးတွေကို ကော့သောင်းအနီးပင်လယ်ပြင်မှာ ဖမ်းမိ
မလေးရှားပို့မယ့် ဘီလီယံ ၁၀၀ ကျော်တန်ဖိုးရှိ အိုက်စ် မူးယစ်ဆေးတွေကို ကော့သောင်းအနီးပင်လယ်ပြင်မှာ ဖမ်းမိ
ပင်လယ်ရေလမ်းကြောင်းကို အသုံးပြုပြီး မလေးရှားနိုင်ငံကို မူးယစ်ဆေးဝါးတွေ ပို့ဆောင်နေတဲ့ စက်လှေ ၁ စီးကို ကော့သောင်းမြို့အနီးက ပင်လယ်ပြင်မှာ ဖမ်းမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ကော့သောင်းမြို့အနောက်တောင်ဘက် ရေမိုင် ၁၅၇ မိုင်ခန့်အကွာမှာ အဲ့ဒီစက်လှေကို လွန်ခဲ့တဲ့ လေးရက်၊ အောက်တိုဘာ ၃၀ ရက်နေ့က တွေ့ရှိခဲ့ပြီး GUANYINWANG စာတမ်းပါ အထုပ်တွေအတွင်းက ကာလတန်ဖိုး ငွေကျပ် ၁၀၄ ဘီလီယံလောက်ရှိတဲ့ ICE ၂၆၀၀ ကီလိုဂရမ်ကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးတွေနဲ့အတူ အမျိုးသား ၇ ဦးကိုလည်း ဖမ်းမိခဲ့ပြီး မူးယစ်ဆေးဝါးတွေကို မလေးရှားနိုင်ငံ ရေပိုင်နက်အတွင်း ရောက်ရှိပါက ညီညီဆိုသူက ချိတ်ဆက်ပေးမယ့် မလေးရှားနိုင်ငံရှိ မူးယစ်ဆေးဝါး ဝယ်ယူသူထံ လွှဲပြောင်းပေးရမှာဖြစ်တယ်လို့ ၎င်းတို့ကထွက်ဆိုထားပါတယ်။
တရားခံပြေးလို့ ဖော်ပြထားတဲ့ ညီညီဆိုသူက မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ချိတ်ဆက်ကာ ပင်လယ်ရေလမ်းကြောင်းကို အသုံးပြုပြီး မလေးရှားနိုင်ငံကို မူးယစ်ဆေးဝါးတွေ ပို့ဆောင်နေတာလို့လည်း အဲ့ဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်းနင်းရေး ပူးတွဲစစ်ဆင်ရေးတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာကြောင့် နိုင်ငံဖြတ်ကျော်မူးယစ်ဂိုဏ်းတွေက ပင်လယ်ရေကြောင်းရဲ့ အားသာချက်ကို အသုံးချပြီးရေလမ်းကြောင်းတွေကို ပြောင်းလဲအသုံးပြုလာတာကို တွေ့ရှိရတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
The Tanintharyi Times
