အမေရိကန် အစိုးရယန္တရား ရပ်ဆိုင်းသွားခြင်း နဲ့ နောက်ဆက်တွဲ ဖြစ်လာနိုင်ခြေများ
အမေရိကန် အစိုးရယန္တရား ရပ်ဆိုင်းသွားခြင်း နဲ့ နောက်ဆက်တွဲ ဖြစ်လာနိုင်ခြေများ

အမေရိကန်အစိုးရယန္တရား ရပ်ဆိုင်းလိုက်တာနဲ့ပတ်သက်ပြီး အစိုးရဝန်ထမ်းတွေ အလုပ်ထုတ်ခံရမယ့် အခြေအနေ ကြုံတွေ့နေပါတယ်။
ဗုဒ္ဓဟူးနေ့က အမေရိကန်လွှတ်တော်မှာ ရီပက်ပလီကန်တွေတင်သွင်းတဲ့ ငွေကြေးဥပဒေ (funding bill) နဲ့ ပတ်သက်ပြီး ဒီမိုကရက်ပါတီနဲ့ ရီပက်လီကန်ပါတီတို့ ညှိနှိုင်းမှု မအောင်မြင်ခဲ့တာကြောင့် အမေရိကန်အစိုးရ လုပ်ငန်းစဥ်တွေ ရပ်နားသွားပါတယ်။
ဒီလိုရပ်နားမှုက အစိုးရ ဝန်ဆောင်မှု တချို့မှာ ယာယီသဘောသာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အစိုးရဝန်ထမ်းတွေရဲ့ လစာခံစားခွင့်တွေမှာတော့ ယာယီလည်း ဖြစ်နိုင်သလို အလုံးစုံရပ်တန့်သွားတာလည်း ဖြစ်နိုင်ပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေက ဖြစ်ပေါ်ခဲ့တဲ့ အလားတူ အမေရိကန်အစိုးရယန္တရား ရပ်နားရမှုတွေကို ပြန်ကြည့်ရင် ဒီကာလတွေမှာ ဝန်ထမ်းတွေကို ယာယီနားနေခွင့် သတ်မှတ်ပေးလိုက်ပြီး အစိုးရယန္တရားပြန်လည်စတင်တဲ့အခါ ယခင်ရာထူး အလုပ်မှာ ပြန်လုပ်နိုင်ကြပါတယ်။
ဒါပေမဲ့ ဒီအချိန်မှာတော့ ထရမ့်အုပ်ချုပ်ရေးအဖွဲ့က ဝန်ထမ်းတွေကို ထာဝရအလုပ်ဖြုတ်မယ်ဆိုပြီး ခြိမ်းခြောက်နေပါတယ်။
■ အမေရိကန် အစိုးရယန္တရား ဘာကြောင့် ရပ်ဆိုင်းသွားလဲ
အောက်တိုဘာလ ၁ ရက်နေ့ဟာ အမေရိကန်ဖက်ဒရယ်အစိုးရရဲ့ ဘဏ္ဍာရေးနှစ် အသစ်ပြန်လည် စတင်ချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ ရီပက်ပလီကန်တွေတင်သွင်းတဲ့ အရေးကြီးတဲ့ ကာလတိုရန်ပုံငွေဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ကွန်ကရက်လွှတ်တော်က အတည်မပြုနိုင်သေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ကွန်ကရက် လွှတ်တော်လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ထားတာကတော့ ရီပက်ပလီကန်တွေပါ။
အထက်လွှတ်တော်မှာ ရီပတ်ဘလီကန်တွေက (၅၃) နေရာရှိပြီး ဒီမိုကရက်တွေက (၄၇) နေရာ ရထားတာဖြစ်ပါတယ်။ ဥပဒေပြုဖို့အတွက် လိုအပ်တဲ့ ထောက်ခံမဲက (၆၀) ပါ။ အဲဒီ ကာလတိုရန်ပုံငွေဥပဒေကြမ်း အတွက် လိုအပ်တဲ့ ထောက်ခံမဲ မရတာကြောင့် အခုလို အစိုးရလုပ်ငန်းစဥ် ရပ်နားလိုက်ရတာဖြစ်ပါတယ်။
အထက်လွှတ်တော်မှာ ရီပက်ပလီကန်တွေရဲ့ ခေါင်းဆောင်က John Thune ဖြစ်ပြီး ဒီမိုကရက်တွေကို ဦးဆောင်သူက Chuck Schumer ဖြစ်ပါတယ်။
အောက်လွှတ်တော်မှာလည်း ရီပက်ဘလီကန်အမတ်နေရာ (၂၂၀) ပိုင်ထားပြီး ဒီမိုကရက်တွေက အမတ်နေရာ (၂၁၂) ရထားပါတယ်။
အောက်လွှတ်တော်ဥက္ကဋ္ဌက ရီပတ်ဘလီကန် Mike Johnson ဖြစ်ပြီး ရီပက်ပလီကန်ခေါင်းဆောင်က Steve Scalise နဲ့ ဒီမိုကရက်ခေါင်းဆောင်က Hakeem Jeffries ဖြစ်ပါတယ်။
ရီပက်ပလီကန်တွေတင်သွင်းတဲ့ အဆိုပါ ရေတိုရန်ပုံငွေမူကြမ်းနဲ့ လွှတ်တော်တွင်း သဘောထားကွဲလွဲမှုတွေကြောင့် နိုဝင်ဘာလ (၂၁) ရက်အထိ အစိုးရလုပ်ငန်းဆောင်တာတွေအတွက် အသုံးစရိတ် ရပ်ဆိုင်းထားရတာဖြစ်ပါတယ်။
အဲဒီ ရေတိုအသုံးစရိတ်ဥပဒေမူကြမ်းကို အတည်မပြုနိုင်သရွေ့ အစိုးရယန္တရားလည်း လည်ပတ်နိုင်မှာ မဟုတ်ပါဘူး။
■ အဓိက အငြင်းပွားနေတဲ့ ကိစ္စ
အဓိက အငြင်းပွားကြတဲ့ ကိစ္စက တော့ အိုဘားမားကဲလ် လို့ခေါ်ကြတဲ့ Affordable Care Act (Obamacare) ကို ဆက်လက်ထားရှိဖို့ ဖြစ်ပါတယ်။
ဒီဥပဒေဟာ ဝင်ငွေနည်းပါးသူတွေရဲ့ ကျန်းမာရေးကို အစောင့်အရှောက်ပေးရေး ဖြစ်ပါတယ်။
ဒီဥပဒေကို ဇူလိုင်လမှာ ထရမ့်ရဲ့ ဆေးဘက်ဆိုင်ရာအစိုးရအကူအညီတွေ ဖြတ်တောက်ရေးထဲမှာ ထည့်သွင်းဖြတ်တောက်ခဲ့ပါတယ်။
ဒါကြောင့် ရီပက်ပလစ်ကန်တွေတင်သွင်းတဲ့ ကာလတိုအသုံးစရိတ်ဥပဒေမူကြမ်းမှာ အဆိုပါ ဆင်းရဲသားကျန်းမာရေးစောင့်ရှောက်မှုစရိတ်စကတွေကို ပြန်လည်ထည့်သွင်းပေးဖို့ ဒီမိုကရက်တွေဘက်က တောင်းဆိုနေကြတာပါ။ ဒါကြောင့် လာမယ့်ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ်မှာ ဒီဥပဒေကို ပြန်လည် မထည့်သွင်းမချင်း ဒီမိုကရက်တွေဘက်က ရီပက်ပလစ်ကန်တွေရဲ့ မူကြမ်းကို အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။
နောက်ထပ် ဒီမိုကရက်တွေဘက်က တောင်းဆိုချက် တစ်ခုကတော့ အမေရိကန်တွေအတွက် ကျန်းမာရေးအာမခံစရိတ်စက လျှော့ချပေးရေး အထူးအခွင့်အရေးက ဒီနှစ် မကြာခင်မှာ သက်တမ်းကုန်တော့မှာဖြစ်လို့ ဒါကို သက်တမ်းထပ်တိုးပေးဖို့ ဖြစ်ပါတယ်။
လက်ရှိအငြင်းပွားမှုတွေကြောင့် အစိုးရယန္တရား မလည်ပတ်နိုင်တဲ့အခြေအနေအတွက် ဒီမိုကရက်တွေဘက်က ယာယီဖြေရှင်းနည်းတွေကို အကြံပြုခဲ့ပေမဲ့ ရီပက်ပလီကန်တွေကတော့ ငြင်းခဲ့ပါတယ်။ ဥပမာ- ဥပဒေအတည်ပြုရေး လုပ်နေဆဲကာလတွေမှာ ၇ ရက်ကနေ ၁၀ ရက်ကြား ကာလတို အသုံးစရိတ်မျိုး ရေးဆွဲအတည်ပြုပြီး လွှတ်တော်တွင်း ဆက်လက် ညှိနှိုင်းကြဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ရီပက်ပလီကန်တွေကတော့ ဒီမိုကရက်ခေါင်းခေါင်တွေရဲ့ တောင်းဆိုချက်တွေနဲ့ အဆိုပြုချက်တွေ လက်မခံခဲ့ပါဘူး။
ဒီအပတ်ထဲမှာပဲ အမေရိကန် ရီပက်ပလီကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီမိုကရက်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲတွေကိုလည်း “အရေးမပါတဲ့ အရာတွေကို အရေးလုပ်နေတယ်” ဆိုတဲ့သဘော အပြစ်တင်ဝေဖန်ရင်း ရုပ်သိမ်းခဲ့ပါတယ်။
ဒါကြောင့်ပဲ လက်ရှိမှာ ကွန်ကရက်လွှတ်တော်က အတည်ပြုချက် မရသေးတာကြောင့် အမေရိကန် အစိုးရယန္တရားရပ်ဆိုင်းသွားတာ ဖြစ်ပါတယ်။
တနင်္လာနေ့က လွှတ်တော်အမတ်တွေဟာ ထရမ့်နဲ့ တွေ့ဆုံချိန်အတွင်း ရုတ်တရက် ထွက်ခွာခဲ့ကြပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရီပက်ပလစ်ကန်တွေကို အစိုးရယန္တရား ရပ်နားအောင် လုပ်ဆောင်ကြသူတွေလို့ ဒီမိုကရက်တစ်ခေါင်းဆောင်တွေဖြစ်တဲ့ Schumer နဲ့ Jeffries တို့က ဝေဖန်ခဲ့ကြပါတယ်။
အဲဒီ တွေ့ဆုံပွဲအပြီး နာရီပိုင်းအကြာမှာပဲ ထရမ့်က AI နဲ့ ဖန်တီးထားတဲ့ Schumer နဲ့ Jeffries တို့ရဲ့ ဗီဒီယိုကို သူရဲ့ ထရုဆိုရှယ်ပလက်ဖောင်း (Truth Social platform) မှာ တင်ခဲ့ပါတယ်။
ဗီဒီယိုထဲမှာ Jeffries ဟာ မက်စီကန်ဦးထုပ်ကားကားကြီးကို ဝတ်ဆင်ထားပြီး Schumer ပြောတာကို အဖျားနှစ်ဖက်အပေါ်ကော့ထား နှုတ်ခမ်းမွှေးတွေကို သပ်ရင်းနားထောင်နေတဲ့ ပုံစံဖန်တီးထားတာ ဖြစ်ပါတယ်။
“ကျုပ်တို့တွေ ဒီလို တရားမဝင် တိုင်းတပါးသားအားလုံးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလိုက်မယ်ဆိုရင် သူတို့က ကျုပ်တို့ဘက်ပါလာပြီး ကျုပ်တို့ပါတီကို မဲထည့်မှာဗျ” ဆိုတဲ့ စကားကို AI သုံးပြီး Schumer ပြောတဲ့ဟန် အသံတုထည့်သွင်း ဖန်တီးထားတာပါ။
ဒီလို ဗီဒီယိုအတု ဖန်တီး ဖြန့်ဝေတာနဲ့ ပတ်သက်ပြီး ဒီမိုကရက်တွေဘက်က ဒါဟာ မက္ကဆီကို နိုင်ငံသားတွေကို လူမျိုးရေးခွဲခြားတဲ့ အပြုအမူအဖြစ် အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။
“ဒါဟာ တကယ့် ရွံမုန်းစရာကောင်းတဲ့ ဗီဒီယိုတစ်ခုပါ။ ဒီလို တယူသန်တဇောက်ကန်း လုပ်နေတာက ဘာအကျိုးမှ မရှိဘူးဆိုတာ သူ့ကို နားလည်အောင် ပြရတော့မယ်” လို့ Jeffries က ပြန်လည်တုံ့ပြန်ထားပါတယ်။
ဆက်လက်ပြီး “ရီပက်ပလီကန်တွေရဲ့ ထိပါးနှောင့်ယှက်မှုမျိုးစုံကြားက အမေရိကန်ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ကာကွယ်ဖို့ ကျုပ်တို့ ဆက်လက်တိုက်ပွဲဝင်နေပါတယ်” လို့ သူက ဆက်ပြောပါတယ်။
■ ဒီပြဿနာကို ဖြေရှင်းနိုင်မှာလား
ကျန်းမာရေး စောင့်ရှောက်မှု ရန်ပုံငွေနဲ့ ပတ်သက်တဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းနိုင်မယ့်အလားအလာ အမေရိကန်မှာ ဝေးကွာနေဆဲဖြစ်ပါတယ်။
ဒါ့အပြင် အထက်လွှတ်တော် အတည်ပြုချက် ရခဲ့ရင်တောင် အောက်လွှတ်တော်ရဲ့ အတည်ပြုချက် လိုအပ်ပါတယ်။ အောက်လွှတ်တော်ရဲ့ အမတ်နေရာအများစုကို ရထားတဲ့ ထရမ့်ရဲ့ ပါတီဝင်တွေဟာလည်း လက်ယာစွန်းတွေ ဖြစ်ပြီး ထရမ့်နဲ့ အယူအဆတူသူတွေ ဖြစ်ပါတယ်။
ဒါပေမဲ့ အောက်လွှတ်တော်က ရီပက်ပလီကန်တချို့ဟာ အခုအချိန်မှာတော့ သူတို့နေထိုင်ရာ ပြည်နယ်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဖြတ်တောက်ခံရတာနဲ့ပတ်သက်ပြီး စိုးရိမ်လာကြတယ်လို့ လန်ဒန်အခြေစိုက် University of Westminster ရဲ့ ပါမောက္ခ John Owens က သုံးသပ်ပါတယ်။
“လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပက်ပလီကန်တွေထဲက ကျန်းမာရေးစရိတ်ဖြတ်တောက်ခံရတာကို မနှစ်မြို့ကြသူတွေဟာ ထရမ့်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဖိအားပေး ထောက်ခံခိုင်းမှုတွေကိုပါ ရင်ဆိုင်နေရတယ်” လို့ Owens က ဆိုပါတယ်။
“လက်ရှိအစိုးရယန္တရားရပ်တန့်မှုတွေဟာ ဒီမိုကရက်တစ်တွေနဲ့ ညှိနှိုင်းရေးလုပ်ဖို့ ထရမ့်နဲ့ သူ့ပါတီရဲ့ စိတ်ဆန္ဒ ရှိမှု အတိုင်းအတာ အပေါ် မှီခိုနေပါတယ်” လို့ သူက ပြောပါတယ်။
ထရမ့်ကိုယ်တိုင်ကတော့ ဒီသောင်တင်ရေမကျဖြစ်နေတဲ့ ကိစ္စကို အပြုသဘော ဖြေရှင်းဖို့ ဆန္ဒရှိပုံမရပါဘူး။ “ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာ မသိသေးပါဘူး” လို့ ထရမ့်ပြောစကားတချို့ကို ကိုးကားပြီး CBS News က ကိုးကားဖော်ပြထားပါတယ်။
အင်္ဂါနေ့မှာ crypto-based စျေးကွက်အကြိုဟောတဲ့ Polymarket ကတော့ အစိုးရယန္တရားပိတ်သိမ်းနိုင်ခြေ ၈၆ ရာခိုင်နှုန်းရှိတယ်လို့ ကြိုဖော်ပြခဲ့ပါတယ်။
■ အစိုးရယန္တရား ပိတ်သိမ်းရင် ဘာတွေ ဖြစ်မလဲ
ဒီလိုအခြေအနေမှာ အစိုးရဖက်ဒရယ်အေဂျင်စီတွေ လည်ပတ်ဖို့ အသုံးစရိတ် မရတော့တာကြောင့် အစိုးရယန္တရားလည်ပတ်မှု ရပ်တန့်သွားပါတယ်။
US ဥပဒေအရ အစိုးရ ယန္တရား ရပ်သွားတဲ့အခါ ဝန်ထမ်းတွေကို “non-expected employee” နဲ့ “expected employee” ဆိုပြီး အမျိုးအစား ခွဲပြီး နှစ်မျိုးသတ်မှတ်ပါတယ်။ “expected employees” တွေကိုတော့ furloughed employees အဖြစ် ယာယီအနားယူခွင့်ပေးပြီး ယန္တရားပြန်အသက်ဝင်တဲ့အခါ မူရင်းအလုပ်ကိုင်ကို ပြန်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ “non-expected employee” တွေကတော့ ထာဝရ ရပ်နားတာ ထုတ်ပယ်တာတွေ လုပ်တာ ခံရမှာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က အသက်သွင်းထားတဲ့ ဥပဒေအရဆို ယန္တရားပြန်လည် အသက်ဝင်တဲ့အခါကျ ရပ်နားထားတဲ့ဝန်ထမ်းတွေ (furloughed employees) တွေက မူရင်းအလုပ်အကိုင်ကို ပြန်လုပ်ခွင့်ရှိမှာ ဖြစ်ပြီး ရပ်နားကာလအတွက် လစာကို ပြန်ရမှာ ဖြစ်ပါတယ်။ (ဒါပေမဲ့ လက်ရှိမှာ ထရမ့်အစိုးရ ဒီဥပဒေအတိုင်းလုပ်မှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်ထားပါတယ်။)
ဘယ်ဝန်ထမ်းကို ဘယ်လိုထားရှိမယ်ဆိုတာကတော့ အေဂျင်စီတစ်ခုချင်းစီရဲ့ အဆုံးအဖြတ်သာ ဖြစ်ပါတယ်။
ဒီကာလမှာ အစိုးရဝန်ထမ်း ၉၀၀,၀၀၀ ခန့် အလုပ်ထုတ်ခံရနိုင်တယ်လို့ Owens က ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ အစိုးရရဲ့ အချို့အလုပ်တွေကတော့ မဖြစ်မနေ ဆက်သွားနေမှာပါ။ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊ FBI၊ CIA၊ လေကြောင်းထိန်းချုပ်ရေးမှူးတွေ စတဲ့အလုပ်အကိုင်တွေကတော့ ရပ်နားခြင်း ခံရမှာ မဟုတ်ပါဘူး။
လူမှုဖူလုံရေး နဲ့ ကျန်းမာရေးလို မဖြစ်မနေ ထောက်ပံ့ပေးရမယ့် အစိုးရဝန်ဆောင်မှုတွေကတော့ ဒီကာလမှာ ဆက်လက် လုပ်ကိုင်နေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အခွန်ငွေနဲ့ မလည်ပတ်တဲ့ အမေရိကန်စာပို့လုပ်ငန်းလည်း ပိတ်သိမ်းရတဲ့ လုပ်ငန်းဆောင်တာတွေထဲမှာ မပါဝင်ပါဘူး။
အမေရိကန်အစိုးရယန္တရားရပ်တန့်မှုက အခုမှ ပထမဆုံး ဖြစ်တာ မဟုတ်ပါဘူး။
ထရမ့်အစိုးရ ပထမသက်တမ်း နှစ်နှစ်ကျော်ကာလ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ဖက်ဒရယ်ရန်ပုံငွေနဲ့ ပတ်သက်ပြီး သဘောတူညီချက် မရတဲ့အတွက် ၃၅ ရက်တာ တစ်ဝက်ရပ်ဆိုင်းမှု (35-day partial shutdown) လုပ်ခဲ့ရပါတယ်။ ဒါဟာ အမေရိကန် ခေတ်သစ်သမိုင်းမှာ အရှည်ကြာဆုံး ရပ်ဆိုင်းမှု ဖြစ်ပါတယ်။
ထိုစဥ်က လယ်ယာစိုက်ပျိုးရေး၊ ကူးသန်းရောင်းဝယ်ရေး၊ နယ်မြေလုံခြုံရေး၊ အိမ်ရာနဲ့ မြို့ပြဖွံ့ဖြိုးရေး၊ ပြည်ထဲရေး၊ တရားမျှတမှု၊ ပြည်နယ်ရေးရာ၊ သယ်ယူပို့ဆောင်ရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန စတဲ့ ဖက်ဒရယ်ဌာန ကိုးခုဟာ အလုံးစုံပိတ်သိမ်းမှုလည်း ကြုံခဲ့ရသလို တစိတ်တပိုင်း ပိတ်သိမ်းမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
အဲဒီဖြစ်စဥ်မှာ ထရမ့်က အမေရိကန်နဲ့ မက္ကဆီကိုကြား တံတိုင်း ဆောက်လုပ်ဖို့ ကွန်ဂရက်လွှတ်တော်ဆီက ငွေကို သူ့ကိုပေးဖို့ တောင်းခဲ့တာပါ။
ထိုစဥ်က အောက်လွှတ်တော်ဥက္ကဋ္ဌက ဒီမိုကရက်တစ်ပါတီ Nancy Pelosi ဖြစ်ပြီး ဒီကိစ္စကို သဘောမတူခဲ့ပါဘူး။
၃၅ ရက်အကြာ အစိုးရရပ်နားပြီးချိန်မှာ ထရမ့်က တောင်းဆိုချက်ကိုရုပ်သိမ်းခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဖက်ဒရယ်အစိုးရဝန်ထမ်း ၈၀၀၀၀၀ အနက် ၃၄၀၀၀၀ အလုပ်ပြုတ်ခဲ့ပါတယ်။
ဒီမိုကရက်တစ်သမ္မတ ဘားရတ် အိုဘားမားအုပ်ချုပ်မှုအတွင်း ၂၀၁၃ ခုနှစ် အောက်တိုဘာလ မှာလည်း ၁၆ ရက်ကြာ အစိုးရယန္တရားရပ်နားမှု ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ Obamacare ကို အစိုးရအသုံးစရိတ်ကနေ ဖယ်ရှားဖို့ လက်ယာစွန်း အောက်လွှတ်တော် ရီပတ်ဘလီကန်တွေက တောင်းဆိုခဲ့လို့ပါ။ နောက်ပိုင်းမှာတော့ အထက်လွှတ်တော်မှာ နှစ်ဖက်ပါတီတွေ ပြန်လည်ဆွေးနွေးညှိနှိုင်းခဲ့ပြီး ပြေလည်ခဲ့ပါတယ်။
ယခင် ၁၉၇၀ ပြည့်လွန်နှစ်တွေရဲ့ ဒီမိုကရက်တစ်သမ္မတ ဘီလ်ကလင်တန်လက်ထက်၊ ၁၉၈၀ ပြည့်လွန်နှစ်တွေရဲ့ ဒီမိုကရက်တစ်သမ္မတ ဂျင်မီကာတာလက်ထက်၊ ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ ရီပတ်ဘလီကန်သမ္မတ ရော်နယ်ရေဂင်လက်ထက်မှာလည်း အမေရိကန်အစိုးရယန္တရားပိတ်သိမ်းမှုတွေ ကြုံခဲ့ကြပါသေးတယ်။
■ ယခင်ကအခြေအနေနဲ့ ယခုအခြေအနေ ဘာတွေကွာခြားသလဲ
ဒီတစ်ကြိမ်မှာတော့ အိမ်ဖြူတော်ရဲ့ စီမံခန့်ခွဲမှုနဲ့ ဘတ်ဂျက်ရုံး (White House’s Office of Management and Budget-OMB) ဟာ စက်တင်ဘာလ ၂၄ ရက်ကတည်းက အစိုးရယန္တရားရပ်တန့်ချိန်အတွင်း ဝန်ထမ်းအများအပြား အလုပ်ထုတ်ပစ်ဖို့ အစိုးရအေဂျင်စီတွေကို ညွှန်ကြားစာတွေ ပေးဖို့ခဲ့ပြီး ဖြစ်ပါတယ်။
အစိုးရအေဂျင်စီတွေအနေနဲ့ သူတို့ရဲ့ဝန်ထမ်းတွေကို အဆိုပါ လျှော့ချရေးအစီစဥ်ကို ကြိုတင်အကြောင်းထားရမှာ ဖြစ်ပြီး ယန္တရားရပ်နားတာနဲ့ တပြိုင်နက် ဝန်ထမ်းတွေကို အသိပေးဖို့ ကြိုတင်အမိန့်စာပေးပို့ထားတာပါ။
ဒါကြောင့် ယခုအကြိမ်ဟာ အမေရိကန်သမိုင်းတလျောက်ကြုံခဲ့ဖူးတဲ့ အစိုးရယန္တရားရပ်နားမှုတွေအနက် အပြင်းထန်ဆုံး အပြောင်းအလဲ ဖြစ်ပါတယ်။
ဒါ့အပြင် ယခင်က furloughed employees တွေဟာ အစိုးရယန္တရားပြန်လည်အသက်သွင်းချိန်မှာ မူရင်းရာထူးအလုပ်အကိုင်ကို ပြန်ရမှာ သေချာပေမဲ့ ဒီအကြိမ်မှာတော့ ဘယ်ဝန်ထမ်းမဆို အလုပ်ထုတ်ခံရနိုင်ခြေရှိသလို အစိုးရယန္တရားပြန်လည်အသက်ဝင်ခဲ့ရင်တော့ မူရင်းရာထူးအလုပ်အကိုင်ပြန်ရဖို့ မသေချာဘူးလို့ ဆိုပါတယ်။
အဆိုပါ ကြေညာချက်အပေါ် ဒီမိုကရက်တစ်အထက်လွှတ်တော်အမတ်တွေက ဝေဖန်ရှုတ်ချခဲ့ပါတယ်။ “ဒါဟာ ခြိမ်းခြောက်အကြပ်ကိုင်တဲ့ လုပ်ရပ်ပဲ” လို့ Schumer က စက်တင်ဘာ ၂၅ က X မှာ တုံ့ပြန်ရေးသားခဲ့ပါတယ်။
Jeffries ကလည်း X မှာ “ဒီလို အစုလိုက်အပြုံလိုက် အလုပ်ထုတ်တဲ့ ကိစ္စမျိုးနဲ့ ကျုပ်တို့ကို ခြိမ်းခြောက်နေပေမဲ့ ဒါကို တုန်လှုပ်မှာ မဟုတ်ဘူး” လို့ နေ့တွင်းချင်း တုံ့ပြန်ခဲ့ပါတယ်။
■ ဒီဖြစ်ရပ်ကြောင့် တခြားဘာတွေ သက်ရောက်လာနိုင်သလဲ
အဆိုပါ ဖြစ်ရပ်ကြောင့် သောကြာနေ့မှာ ထုတ်ပြန်ဖို့ စီစဉ်ထားတဲ့ အလုပ်သမားစာရင်းအင်းဌာန Bureau of Labor Statistics (BLS) ရဲ့ လစဉ်အလုပ်အစီရင်ခံစာလည်း နှောင့်နှေးကုန်ပါတယ်။
ဘာကြောင့်လဲဆိုတော့ BLS ဟာလည်း ပိတ်ရမယ့် အစိုးရ အေဂျင်စီတွေထဲမှာ ပါဝင်နေလို့ပါပဲ။
ဒါအပြင် အောက်တိုဘာလလယ်မှာ ထုတ်ပြန်ဖို့ လျာထားခဲ့တဲ့ ငွေကြေးဖောင်းပွမှုဆိုင်ရာ အဓိက သတင်းအချက်အလက်တွေလည်း ထုတ်ပြန်ဖို့ နှောင့်နှေးသွားနိုင်မယ်။
ဒီလိုထုတ်ပြန်ချက်တွေ နှောင့်နှေးကုန်တဲ့အခါ ကြွေးမြီပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန်အတွက် ဈေးကွက်နဲ့ စီးပွားရေးလုပ်ငန်းနယ်ပယ်တွေအတွက် အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်တွေ ကြန့်ကြကုန်ပြီး နိုင်ငံ့စီးပွားရေးကို အကြီးအကျယ်သက်ရောက်လာနိုင်မှာကို လူအများအပြားစိုးရိမ်နေကြပါတယ်။
(Aljazeera မှာ စက်တင်ဘာ ၃၀ ရက်က ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် Sarah Shamim ရဲ့ Why is the US government shutting down? What will it mean? ကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။)
ဘာသာပြန်သူ- အက္ခရာ
The Tanintharyi Times