သမီးဖြစ်သူ လက်နက်ကြီးထိမှန်တာကို မြင်လိုက်ရတဲ့ အသက်တစ်ရာ၀န်းကျင်အရွယ်အဘွားအို နှလုံးရပ်သေဆုံး

သမီးဖြစ်သူ လက်နက်ကြီးထိမှန်တာကို မြင်လိုက်ရတဲ့ အသက်တစ်ရာ၀န်းကျင်အရွယ်အဘွားအို နှလုံးရပ်သေဆုံး

မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်တဲ့လက်နက်ကြီးထိမှန်ပြီးသေဆုံးခဲ့တဲ့ သမီးဖြစ်သူရဲ့ဖြစ်ရပ်ကို မြင်လိုက်ရတဲ့ အသက်တစ်ရာဝန်းကျင်အရွယ်အဘွားအိုတစ်ဦး နှလုံးရပ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မနက် ၁၁ နာရီဝန်းကျင်အချိန် ပဝတ်ကုန်းရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ မင်းထိန်ရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် မင်းထိန်ရွာက အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

ဒေသခံအမျိုးသားတစ်ဦးက “သူ့သမီးက အိမ်နားမှာရေခပ်နေတဲ့အချိန်လက်နက်ကြီးထိပြီးသေတာ။ မအေဖြစ်သူက အဲဒါကိုအိမ်ပေါ်ကမြင်ပြီးနှလုံးရပ်ပြီးဆုံးသွားတာပဲ။ မအေမှာတော့ လက်နက်ကြီးမထိဘူး။” လို့ ပြောပါတယ်။

အခုလိုလက်နက်ကြီးပစ်တာဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်တာလို့ ဒေသခံတွေက ပြောပါတယ်။

အခုလ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့‌ လက်နက်ကြီးကျည်စထိမှန်ပြီး မင်းပြင်ရွာက အသက် ၃ နှစ်အရွယ်မိန်းကလေးငယ်လေးနဲ့ အသက် ၃၈ နှစ်ဝန်းကျင်အရွယ်အမျိုးသမီးတို့ သေဆုံးခဲ့ပါတယ်။

ဒေသခံတွေပေးပို့ထားတဲ့ သတင်းအချက်အလက်တွေအရ ပုလောမြို့နယ်ဟာ တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အရပ်သားသေဆုံးမှု အများဆုံးမြို့နယ်ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှု၊ နှစ်ဘက်ထောင်ထားတဲ့မိုင်းတွေ နင်းမိပြီး အရပ်သား ထိခိုက်၊ သေဆုံးသူ အများဆုံးရှိတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် နယ်မြေမတည်ငြိမ်တာ၊ အိုးအိမ်မီးရှို့၊ ဖျက်ဆီးခံရတာတွေကြောင့်လည်း ပုလောမြို့နယ်က အရပ်သား ၁၃,၀၀၀ ကျော် စစ်ဘေးရှောင်နေရပါတယ်။

The Tanintharyi Times