KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းဖြစ်လာ
KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းဖြစ်လာ
ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့၁၀ ဦးမြောက် ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို ဒီကနေ့မှာ ဆက်လက်ကျင်းပနေတဲ့ KNU ဗဟို ညီလာခံမှာ မဲပေး ရွေးချယ်ခဲ့ပါတယ်။
ဒီနေ့ကျင်းပနေတဲ့ ၁၇ ကြိမ်မြောက် ညီလာခံကို ပြီးခဲ့တဲ့လ ၂၄ရက်နေ့ကစတင် ကျင်းပခဲ့တာဖြစ်ပြီး ခရိုင်၊ တပ်မဟာ ၇ခုက ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ခဲ့ကြကာ ကိုယ်စားလှယ် ၅၆ ဦး ဝင်ရောက်အရွေးကောက်ခံခဲ့တယ်လို့ KIC သတင်းဌာနက ဖော်ပြထားပါတယ်။
ညီလာခံမှာ ခေါင်းဆောင်အသစ်တွေကို လျှိုဝှက်မဲပေးစနစ်နဲ့ ပြန်လည်ရွေးချယ်ကြရာမှာ အရင်ကဒုဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပဒိုစောကွယ်ထူးဝင်းက ဥက္ကဋ္ဌ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။
ကျန်ရှိတဲ့ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်၊ တွဲဖက်အတွင်းရေးမှူး(၁) နဲ့ (၂)တို့ကိုလည်း ပြန်လည်ရွေးချယ်တင်မြောက်ကြမယ်လို့ သိရပါတယ်။
ယခုပြုလုပ်တဲ့ KNU ဗဟိုရဲ့ ညီလာခံကို ခရိုင်တပ်မဟာ ၇ ခုစလုံးက ကိုယ်စားလှယ်တွေတက် ရောက်ခဲ့ကြပြီး တောင်ငူခရိုင်၊ တပ်မဟာ (၂) နဲ့ မူတြော်ခရိုင်၊ တပ်မဟာ (၅) က ကိုယ်စားလှယ်တွေကတော့ ခေါင်းဆောင်အသစ်တွေကို ပြန်လည်ရွေးချယ် တင်မြောက်ရာမှာဝင်ရောက်မဲပေးတာနဲ့ ရွေးကောက်ခံတာ မပြုလုပ်ခဲ့ဘူးလို့ KIC သတင်းမှာဖော်ပြထားပါတယ်။
တပ်မဟာ ၇ ခုထဲက ခရိုင်တပ်မဟာနှစ်ခုက ကိုယ်စားလှယ်တွေ ဝင်အရွေးခံတာနဲ့ မဲပေးတာမပြုလုပ်ကြပေမယ့် KNU ရဲ့ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲတက်ရောက်သူ ၇၅ ရာခိုင်နှုန်းပြည့်တာကြောင့် ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့တယ်လို့သိရပါတယ်။
KNU တပ်မဟာ (၅) ဘက်ကလည်း ညီလာခံနဲ့ပတ်သက်ပြီး အကြံပြုတောင်းဆိုစာတစ်စောင် တင်ပြဆွေးနွေးခဲ့သေးတယ်လို့ သိရပါတယ်။
ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကတော့ ယခုကျင်းပတဲ့ ၁၇ ကြိမ်မြောက် ညီလာခံမှာ ပါဝင်ရွေးကောက်ခံခြင်းမရှိတော့ဘူးလို့ သိရပါတယ်။
ညီလာခံမှာ အစည်းအရုံးရဲ့ အမြင့်ဆုံးရာထူး ဥက္ကဋ္ဌနဲ့ ခရိုင် ဥက္ကဋ္ဌရာထူး သက်တမ်းတွေကို နှစ်ကြိမ်သာ ထမ်းဆောင်ခွင့်ရမှာဖြစ်ကြောင်း အတည်ပြု ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။
KNU ဖွဲ့စည်းပုံအရ ဗဟို၊ ခရိုင်နဲ့ မြို့နယ်အဆင့် ညီလာခံကို ၄ နှစ်တစ်ကြိမ် ကျင်းပရမှာဖြစ်ပေမယ့် ကိုဗစ်ရောဂါအခြေအနေနဲ့ စစ်အာဏာသိမ်းမှုကြောင့် ညီလာခံကို ၆ နှစ်ကြာမှ ယခုလို ပြန်လည်ကျင်းပခဲ့တာဖြစ်ပါတယ်။
The Tanintharyi Times
