မူးယစ်ဆေးနဲ့ လောင်းကစား လုပ်ငန်း ပပျောက်တဲ့အထိ ၁၀၂၇ စစ်ဆင်ရေး လုပ်ဆောင်သွားမယ်လို့ ကိုးကန့်တပ် စစ်ဦးစီးချုပ် ပြော

မူးယစ်ဆေးနဲ့ လောင်းကစား လုပ်ငန်း ပပျောက်တဲ့အထိ ၁၀၂၇ စစ်ဆင်ရေး လုပ်ဆောင်သွားမယ်လို့ ကိုးကန့်တပ် စစ်ဦးစီးချုပ် ပြော

ကျားဖြန့်လုပ်ကိုင်သူ တရုတ်လူမျိုး ၄ သောင်းကျော်ကို ဖမ်းဆီးပြီးတရုတ်ပြန်ပို့

ကိုးကန့်တပ်မတော်အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ဆိုက်ဘာမှုခင်းလုပ်ငန်း(ကျားဖြန့်) လောင်းကစား လုပ်ကိုင်နေသူ တရုတ် လုပ်ငန်းရှင် ထောင်နဲ့ ချီဖမ်းဆီးရမိပြီး အဆိုပါလုပ်ငန်းမှာ ပါဝင်ပတ်သက်နေသူ တရုတ်လူမျိုး ၄ သောင်းကျော်ကို တရုတ်ပြည်တွင်းကို ပေးပို့ကာ ပြစ်မှု ဝန်ခံစေခဲ့ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ကိုးကန့်) MMDAA ရဲ့ စစ်ဦးစီးချုပ် ဦးဖုန်တဲရင်က ပြောပါတယ်။

၂၀၂၄ ခုနှစ် နှစ်သစ်ကူးသဝဏ်လွှာ ထုတ် ပြန်ချက်မှာ ကိုးကန့်တပ်မတော် MMDAA စစ်ဦးစီးချုပ်က အဲ့ဒီအချက်ကို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ ညီနောင်မဟာမိတ် သုံးဖွဲ့တို့ဟာ စစ်ကောင်စီတပ်စခန်း အကြီး အသေး ၂၅၀ ကျော်နဲ့ နယ်စပ်ဂိတ် ၅ ခု သိမ်းပိုက်ထားနိုင်ခဲ့သလို စစ်လက်နက်ခဲယမ်း မြောက်များစွာနဲ့ စစ်သုံ့ပန်း ထောင်နဲ့ချီ ဖမ်းဆီးရမိခဲ့ကြောင်းလည်း နှစ်သစ်ကူး သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကွတ်ခိုင်ခရိုင်၊ သိန္နီခရိုင် နေရာအများစုနဲ့ မုံးကိုးခရိုင်တို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ကိုးကန့်ခရိုင်အတွင်းရှိ လောက်ကိုင်မှာတော့ စော်ဘွားခေတ်ကတည်းက လက်လွှတ်ခဲ့ရတဲ့ သမိုင်းဝင်နယ်မြေ အမြောက်အများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မူလက ရှမ်းပြည်ရတနာမြေလို့ ခေါ်တဲ့ ကိုးကန့်ဒေသဟာ စစ်အုပ်စုရဲ့ ကိုယ်ကျိုးစီးပွားအတွက် မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ဆိုက်ဘာမှုခင်း (ကျားဖြန့်လောင်းကစား ) လုပ်ငန်း လုပ်ဆောင်လာခြင်းတို့ကြောင့် ကိုးကန့်ဒေသရဲ့ နာမည် ပျက်စီးခဲ့ရတာကြောင့် MMDAA အနေနဲ့ ဆိုက်ဘာမှုခင်း လုပ်ငန်း တိုက်ဖျက်ရေးကို တာဝန်တရပ်အနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကိုးကန့်တပ်မတော် စစ်ဦးစီးချုပ်က ပြောဆိုခဲ့ပါတယ်။

“ကိုးကန့်ဒေသမှာ ဆိုက်ဘာမှုခင်း အမြစ်မပြတ်မချင်း ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး လုံးဝရပ်စဲသွားမှာ မဟုတ်ကြောင်း ကတိပြုတယ်” လို့ စစ်ဦးစီးချုပ် ဦးဖုန်တဲရင်က ပြောပါတယ်။

ကိုးကန့်တပ်မတော် ဖြတ်သန်းလာတဲ့ ၁၄ နှစ်တာအတွင်း အကြီးမားဆုံး နိုင်ငံရေး ရည်မှန်းချက်ဟာ မိမိတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာကို ပြန်လည်ထူထောင်ဖို့ ဖြစ်ပြီး ဒီရည်မှန်းချက်အတွက် တိုင်းရင်းသားညီနောင်မဟာမိတ် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ဆိုက်ဘာမှုခင်းနဲ့ စစ်ကောင်စီလက်အောက်ခံ ကိုးကန့်အဖွဲ့တွေကို သုတ်သင်ရှင်းလင်းတဲ့ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆေင်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကိုးကန့်အုပ်ချုပ်ခွင့်ရ အထူးဒေသ (၁) နယ်မြေထဲမှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားလုပ်ငန်းတွေ ပြန်လည်ရှင်သန်လာမှာကို လုံးဝခွင့်ပြုမှာ မဟုတ်သလို စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နဲ့ ကိုးကွက်ရုပ်သေးအဖွဲ့တွေ အုပ်ချုပ်စဉ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အကျင့်ပျက်ခြစားမှုအားလုံး ပပျောက်သွားပြီးတော့ ပြည်သူတွေအတွက် တည်ငြိမ်အေးချမ်းတဲ့ ဒေသတခု တည်ဆောက်ပေးသွားမယ်လို့ ကိုးကန့်စစ်ဦးချုပ်က ကတိပြုခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစုများ အားလုံး၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ ကမ္ဘာတဝှမ်းရှိ တရုတ်လူမျိုးများ၊ နိုင်ငံတကာမိတ်ဆွေများနဲ့ ပညာတတ်ပုဂ္ဂိုလ်များအနေဖြင့် အခုဆင်နွှဲနေတဲ့ တရားမျှတသော တော်လှန်ရေး လုပ်ငန်းကြီးကို ဆက်လက်အားပေးထောက်ခံကြဖို့ မျော်လင့်ကြောင်း ဦးဖုန်တဲရင်က သူ့ရဲ့ နှစ်သစ်ကူး သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကိုးကန့်တပ်မတော် MNDAA ပါဝင်တဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်မြောက်ပိုင်းမှာ စတင်ခဲ့ပါတယ်။

The Tanintharyi Times